အားလုံးပါ၀င်သည့်ငြိမ်းချမ်းရေး အစိုးရသစ်ကဦးစားပေးလုပ်မည်

အားလုံးပါ၀င်သည့်ငြိမ်းချမ်းရေး အစိုးရသစ်ကဦးစားပေးလုပ်မည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း ရန်ကုန်လူထုတွေ့ဆုံပွဲကိုပြုလုပ်ခဲ့စဉ်။ ဓါတ်ပုံ။ မဇ္စျိမ။

ရန်ကုန်၊ ဇန်နဝါရီ ၄။          ။ပင်လုံစိတ်ဓါတ်ကိုအခြေခံပြီး အားလုံးပါဝင်သည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို အစိုးရသစ်အနေဖြင့် ဦးစားပေးဆောင်ရွက်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၄ရက်နေ့တွင် ပြောကြားလိုက်သည်။

ဗဟန်းမြို့နယ်အတွင်းရှိ NLDရုံးချုပ်တွင်ကျင်းပသည့် ဇန်နဝါရီလ ၄ရက်၊ ၆၈နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

"နောင်တက်လာမယ့်အစိုးရရဲ့ပထမဦးဆုံးတာဝန်တစ်ခုကတော့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ပဲ။ တစ်ကယ့် ထိရောက်တဲ့ငြိမ်းချမ်းရေးညီလာခံကြီးကျင်းပပြီး အပစ်ရပ်စာချုပ်မှာအားလုံးပါဝင်လာ နိုင်အောင် ကျွန်မတို့ လုပ်ရမယ်။ စစ်မှန်တဲ့ဒီမို ကရေစီဖက်ဒရယ် ပြည်ထောင်စု အဖြစ်အမှန်ဆုံးလျောက်နိုင်ဖို့ ကြိုးစားမယ်။" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခြင်းလည်းဖြစ်သည်။

၆၈နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် NLD ပါတီကထုတ်ပြန်သည့် သဝဏ်လွှာတွင်လည်း အတိတ်အမွေဆိုးများကို ပစ်ပယ်စွန့်လွှတ်ပြီး ကောင်းမွန်လျော်ကန်သောအတွေ့အကြုံများကို ရယူကာ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးကို ဦးထိပ်ထားသည့်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ကိုတက်ညီလက်ညီ၊ တည်ဆောက်ရမည့် အချိန်ဖြစ်သည်ဟု ထည့်သွင်းရေးသားထုတ်ပြန်ခဲ့သည်။

ယင်းအပြင် နိုင်ငံအနာဂတ်အတွက် တူညီသည့်စိုးရိမ်စိတ်နှင့် ညီညွတ်ပေါင်းစည်း၊ ယုံကြည်မှု တည်ဆောက် နိုင်ပါက အငြင်းပွားမှုနှင့် သဘောထားကွဲလွဲမှုနည်းပါးလာရစမြဲဖြစ်ကာ စိန်ခေါ်မှုများမှ အခွင့်အလမ်းများကို ရှာဖွေတွေ့ရှိနိုင်မည်ဟုလည်း ပါရှိသည်။
လက်ရှိတွင် ဦးသိန်းစိန်အစိုးရက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ခုဖြင့်လက်မှတ်ရေးထိုးကာ၊ နိုင်ငံရေးဆွေးနွေးပွဲများကို ဇန်နဝါရီ ၁၂ရက်နေ့တွင် ကျင်းပဆွေးနွေးရန် ပြင်ဆင်နေသည်။

ဦးသိန်းစိန်အစိုးရသက်တမ်းမှာ မတ်လ ၃၁ရက်တွင်ကုန်ဆုံးမည်ဖြစ်ပြီး၊ ယင်းအချိန်မှစတင်၍ နိုင်ငံတာဝန်ကို ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအနိုင်ရပါတီ NLD က ဆက်လက်တာဝန်ယူရမည်ဖြစ်သည်။

NLD အစိုးရတာဝန်ယူပါက တိုင်းရင်းသားများအနေဖြင့်လည်း ဦးသိန်းစိန်အစိုးရထက် ငြိမ်းချမ်းရေးလုပ်ငန်း များကိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ထားကြသည်။

အပစ်ရပ်လက်မှတ်ရေးထိုးခဲ့သည် ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းကလည်း "ဖက်ဒရယ်ဒီမိုကရေစီကိုဖော်ဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ခြင်းတော့ တူတယ်။ ဒါပေမယ့် တစ်ကယ်လုပ်ဆောင်တဲ့အချိန်ကိုကြည့်ပြီးမှပဲ သေချာတော့ပြောလို့ရမယ်။" ဟု NLD တာဝန်ယူပါက ငြိမ်းချမ်းရေးဆွေးနွေးနိုင်မှုအခြေအနေကို သုံးသပ်ပြောကြားသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ဒု- စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း NLD အစိုးရသာမက မည်သည့်အစိုးရ ဖြစ်စေ ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိနေပြီး၊ NLD၏ ရွေးကောက်ပွဲစာတမ်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကောင်းသည့်အရာမျာကိုယူဆောင်ကာ ပိုမိုကောင်းမွန်ရေးအတွက် လုပ်ဆောင်မည်ဟုဆိုသည့်အတွက် NLDအစိုးရနှင့် ဆွေးနွေးရမည့်ငြိမ်းချမ်းရေးဖြစ်စဉ်က ပိုမိုအဆင်ပြေနိုင်မည်ဟု မျှော်လင့်ကြောင်း မဇ္ဈိမကို ပြောထားသည်။

ဦးသိန်းစိန်းအစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ဖြင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားနိုင်ပြီး  ယင်းလက်မှတ်ရေးထိုးပြီးနောက် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အတွင်း တိုက်ပွဲများဖြစ်ပေါ်လက်ရှိနေသည်။

၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ၈၀ရာခိုင်နှုန်းကျော်အနိုင်ရထားသည့် NLD ပါတီသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဇန်နဝါရီ ၁ရက်တွင်လွှတ်တော်ခေါ်ယူကာ၊ မတ်လ ၃၁ရက်တွင် အစိုးရအဖွဲ့ဖွဲ့စည်းပြီး နိုင်ငံတော် အာဏာကိုလွှဲပြောင်းရယူရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags