မြန်မာနိုင်ငံက INGO တွေ မှတ်ပုံတင်ရေးအကျပ်အတည်း

မြန်မာနိုင်ငံက INGO တွေ မှတ်ပုံတင်ရေးအကျပ်အတည်း

အာဏာသိမ်းစစ်ကောင်စီလက်ထက် မြန်မာနိုင်ငံတွင်းရှိ INGOs များ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲ၊ ဖိအားများကို တာဝန်ရှိသူတစ်ဦးအား မဇ္ဈိမက မေးမြန်းထားခြင်းဖြစ်ပါသည်။

မေး ။    ။ မြန်မာနိုင်ငံထဲမှာ လုပ်ငန်းဆောင်ရွက်နေတဲ့ INGOs တွေဟာ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ရမယ်ဆိုပြီး ဖိအားပေးတာတွေ ရှိနေတယ်လို့ ကြားရပါတယ်။ အဲဒါ အမှန်ပဲလား။  ခင်ဗျားရဲ့ အဖွဲ့အစည်းအနေနဲ့ အတည်ပြုနိုင်ပါသလား။

ဖြေ ။    ။ အင်း၊ အတော်လေး ကောင်းတဲ့ မေးခွန်းပါ။ ခုထိ ခင်ဗျားလည်း အသိပါပဲ။ အသိအမှတ်ပြုမှု ရဖို့ဆိုတာ အရေးကြီးတယ်လို့ ကျွန်တော် ထင်တယ်။ မှတ်ပုံတင်ရမှာနဲ့ စပ်လျဉ်းပြီး အခုထိတော့ စစ်အစိုးရဆီကနေ များများစားစား ဖိအားပေးတာမျိုး မရှိပါဘူး။ အဖွဲ့အစည်းတွေအနေနဲ့ မှတ်ပုံတင်အသစ် တင်ချင်မလား၊ ဒါမှမဟုတ် နားလည်မှုစာချွန်လွှာ MOU  ပြန်ချုပ်ချင်ရဲ့လားဆိုတာကို သိနိုင်ဖို့ စစ်ကောင်စီဟာ လေ့လာချဉ်းကပ်ခဲ့တယ်လို့ ကျွန်တော်တော့ ဦးစွာ ထင်မြင်မိတယ်။ အဖွဲ့အစည်းတော်တော်များများကတော့ ဒါကို မလုပ်လိုကြဘူး။ ကြီးထွားလာတဲ့ လူသားချင်းစာနာထောက်ထားရေး အကြပ်အတည်းနဲ့အတူ အဖွဲ့အစည်းတွေဟာ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ပေးသွားနိုင်ဖို့အတွက် မှတ်ပုံတင်ရမှာနဲ့ MOU တစ်ရပ် ချုပ်ဆိုဖို့ လိုမှာလားဆိုတာကို သိမြင်လိုနေကြတယ်။ ဒါပေမဲ့ ခုနေခါမှာ နောက်ကြောင်းပြန်တာမျိုး နည်းနည်း ရှိနေတယ်။ စစ်ကောင်စီဟာ နှုတ်ဆိတ်နေပုံ ရပေမယ့် အပြောင်းအလဲ လုပ်လာတော့မယ်လို့ ကျွန်တော်တော့ ထင်ပါတယ်။ ကံဆိုးတာကတော့ အလှူရှင် (donor) တော်တော်များများဟာ မှတ်ပုံတင်ဖို့နဲ့ MOU ချုပ်ဆိုဖို့ကို လိုလားနေတာပါ။ INGOs တွေအတွက် မှတ်ပုံတင်ရတယ်ဆိုတာ အဓိကက ရန်ပုံငွေ လက်ခံရရှိဖို့ပါ။ ဒါကိုက ကံခေတာပဲလို့ ကျွန်တော် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ မြေပြင်မှာက လူသားချင်းစာနာထောက်ထားရေး အသည်းအသန် လိုအပ်နေတာလေ။ မှတ်ပုံတင်ရမယ်ဆိုတာက နိုင်ငံရေးပြဿနာတစ်ရပ်ပါ။ MOU ချုပ်ဆိုရေးဆိုတာကလည်း ရှုပ်ထွေးတဲ့ ကိစ္စရပ်ပဲ။ ဒီအနေအထားမျိုးကို အလှူရှင်တွေအနေနဲ့ တွန်းမပို့သင့်ဘူး။ အလှူရှင်တွေဟာ စည်းမျဉ်းစည်းကမ်းတွေ ဖြေလျှော့ပေးဖို့ လိုတယ်။ ရန်ပုံငွေ ရရှိဖို့ MOU ချုပ်ဆိုရေးမှာ  နိုင်ငံရေးအခြေအနေကိုလည်း သိမြင်သဘောပေါက်ကြဖို့ လိုတယ်။

မေး ။    ။ စိတ်ဝင်စားစရာပါပဲ။ ဘာကြောင့်များ အလှူရှင်တွေက တွန်းတွန်းတိုက်တိုက် လုပ်နေကြတာလဲ။
ဖြေ ။    ။ စနစ်ရဲ့ ကန့်သတ်ချက်ဘောင်ကြောင့်လို ကျွန်တော် ထင်တယ်။ ပြီးတော့ ဒီ အခြေအနေမျိုးမှာပဲ သူတို့က လုပ်ငန်းဆောင်ရွက်ရမှာ ဖြစ်တယ်။ အလှူရှင် တော်တော်များများဟာ ဆိုင်ရာနယ်မြေအတွက် တာဝန်ခံရမှာ ဖြစ်တယ်။ ဒီမှာက တည်ငြိမ်မှု ကင်းမဲ့နေတယ်လေ။ အဖွဲ့အစည်း၊ တရားရေးရာ အဖွဲ့အစည်းနဲ့ တရားရေးအရ တည်ဆဲအဖွဲ့အစည်းတွေကို မှတ်ပုံတင်ခိုင်းမယ့် ကွဲပြားတဲ့ အစိုးရနဲ့ လွှတ်တော် ရှိနေတယ်။ ဒါကြောင့် မှတ်ပုံတင်ဖို့အတွက် လိုအပ်ချက်ကို အလှူရှင်တွေ ဘာကြောင့် မေတ္တာရပ်ခံနေသလဲဆိုတာ နားလည်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ အလွန် တစ်မူထူးတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်။ ဒီမှာက အမြဲတမ်း ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရ မရှိတာပါပဲ။ ဒါကြောင့် အလှူရှင်တွေအနေနဲ့ ပုံမှန်အခြေအနေမှာလည်း ရှိမှာဖြစ်တဲ့ ဒီ စည်းမျဉ်းစည်းကမ်းအချို့ကို ဖြေလျှော့ပေးဖို့ ထုတ်ဖော်ပြောဆိုအောင် ပိုပြီး တွန်းအားပေးရမှာ ဖြစ်တယ်။ ဒီမှာက ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်နေပြီး ကျွန်တော့် အမြင်ကတော့ INGOs နဲ့ အရပ်ဘက်အဖွဲ့အစည်း အားလုံးအတွက် မှတ်ပုံတင်တာ၊ MOU ရေးထိုးတာကို တွန်းတိုက်ပြီး မလုပ်ဆောင်ခိုင်းသင့်ဘူးလို့ ထင်ပါတယ်။ မြေပြင်မှာ လူများစွာဟာ သေရေးရှင်ရေးတမျှ အကူအညီတွေ လိုအပ်နေတဲ့အခါမျိုးမှာ ကူညီမပေးနိုင်ဘဲ ဖြစ်သွားလိမ့်မယ်။ အများစု ကုလသမဂ္ဂက ဖြစ်တဲ့ အလှူရှင်တွေအတွက် အခြေအနေတစ်ရပ်ရပ် ဖြစ်လာစေနိုင်တဲ့ MOU မရေးထိုးတာနဲ့ မှတ်ပုံမတင်တာမျိုးဟာ အဖွဲ့အစည်းအတွက် ရန်ပုံငွေ မရနိုင်ဘဲ ဖြစ်လိမ့်မယ်။ ဒီလိုဆိုရင် မြေပြင်မှာ အဖွဲ့အစည်းရဲ့ တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းကို သက်ရောက်လာနိုင်တာ ခင်ဗျားလည်း သိမှာပါ။

မေး ။    ။ အလှူရှင်ဟာ အဖွဲ့အစည်းရဲ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုကို လိုလားတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံဟာ လူပေါင်း ၁,၃၀၀ ကျော်ကို သတ်ဖြတ်ထားတဲ့ စစ်အစိုးရ လက်အောက်မှာ ရှိနေတာလေ။ မေးစရာဖြစ်လာတာက စစ်အစိုးရကို အသိအမှတ် ပြုလာမှာလားဆိုတာပဲ။ ခင်ဗျားအတွက်လည်း အကျပ်ရိုက်စရာပဲ မဟုတ်လား။
ဖြေ ။    ။ ဟုတ်ကဲ့၊ ကျွန်တော် ပြောရရင် ဒီ အခြေအနေ၊ ဒီ အကြောင်းအရာမျိုးမှာဆိုရင် နည်းလမ်းတွေလည်း ရှိနေမှာပဲလို့ ကျွန်တော်တော့ ယူဆတယ်။ စည်းမျဉ်းစည်းကမ်းအချို့ကို ဖြေလျှော့ပေးနိုင်တယ်။ အထူးကိစ္စရပ်တွေကိုလည်း ဖော်ဆောင်ပေးနိုင်တယ်။ မှတ်ပုံတင်တာရယ်၊ MOU ထိုးတာရယ်ကို ဂရုပြုရမယ့် တာဝန်နဲ့အတူ အလှူရှင်တွေရဲ့ ဝတ္တရားနဲ့ အလှူရှင်တွေရဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း ရှိနေတာကို ကျွန်တော်တို့ နားလည်တယ်။ တစ်ခါတစ်ရံမှာတော့ အတော်လေး ရှုပ်ထွေးခက်ခဲတဲ့ အခြေအနေလည်း ရှိတယ်။ အဖွဲ့အစည်းနဲ့ အရပ်ဘက်အဖွဲ့အစည်း တော်တော်များများဟာ သူတို့ရဲ့ မှတ်ပုံတင်ကို အသစ်မလဲလိုကြဘူး၊ ဘာကြောင့်လဲဆိုတော့ လက်ရှိ အုပ်ချုပ်ရေးကြောင့်ပဲ။ ဥပဒေကို မလိုက်နာလိုကြတာကြောင့် မဟုတ်ဘူး၊ တာဝန်မခံလိုတာ၊ ပွင့်လင်းမြင်သာမှုကို မလိုလားတာကြောင့်လည်း မဟုတ်ပါဘူး။ အမှန်တော့ သူတို့က ဒီ အစိုးရနဲ့ အလုပ်မလုပ်ချင်ကြပုံပါပဲ။ ဒါဟာ တွန့်ဆုတ်နေတာရဲ့ အကြောင်းရင်းပဲ။ နိုင်ငံရေးက ဘယ်လို၊ ဒါကို နားလည်ဖို့နဲ့ အလှူရှင်တွေအနေနဲ့လည်း ဒီ စည်းမျဉ်းစည်းကမ်းအချို့ကို ဖြေလျှော့ပေးရမယ်လို့ ကျွန်တော်တော့ မြင်တယ်။

မေး ။    ။ မကြာသေးခင်က ကုလသမဂ္ဂဟာ စစ်ကောင်စီရဲ့ ကုလသမဂ္ဂ ကိုယ်စားပြုမှုကို ပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ စစ်ကောင်စီကို ကုလသမဂ္ဂက အသိအမှတ်မပြုရာ ရောက်ပါတယ်။ ဒါပေမဲ့ အလှူရှင်တွေကတော့ INGOs တွေကို မှတ်ပုံတင်ဖို့ပဲ တွန်းအားပေးနေကြတယ်။ ဒါဟာ နိုင်ငံရေး စေ့ဆော်မှုပါလား။
ဖြေ ။    ။ ဒါဟာ နိုင်ငံရေးစေ့ဆော်မှုလို့တော့ ကျွန်တော် လုံးဝ မထင်ပါဘူး။ ဗျူရိုကရက်တစ် လိုအပ်ချက်လို့ပဲ ထင်တယ်။ ဂရုစိုက်ရမယ့် တာဝန်ခံမှုနဲ့ ဝတ္တရားကြောင့်ပါပဲ။ ပွင့်လင်းမြင်သာမှုရယ်ကြောင့်ပါ။ စစ်အစိုးရကို ထောက်ခံကြောင်း ပြသတာလို့ ကျွန်တော် မထင်ပါဘူး။ အလှူရှင်တွေဟာ အခြား လမ်းကြောင်းတွေနဲ့ ကြိုးစားနေတာလို့လည်း မထင်မိပါဘူး။ တစ်ပြိုင်တည်းမှာ အခြေအနေအရ ဖြစ်ပေါ်လာတဲ့ ဗျူရိုကရက်တစ် လိုအပ်ချက်လို့ ကျွန်တော်တို့ နားလည်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အကြောင်းချင်းရာတွေကြောင့် နိုင်ငံရေးနွှယ်တဲ့ ဆုံးဖြတ်ချက်ကို ချလာဖြစ်အောင် အဖွဲ့အစည်းတွေမှာ ဖိစီးမှုတွေလည်း အများကြီး ရှိနေပါတယ်။

မေး ။    ။ မြန်မာနိုင်ငံက လူသားချင်းစာနာထောက်ထားရေး အကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရတဲ့ INGOs တွေရဲ့ အခန်းကဏ္ဍနဲ့ စပ်လျဉ်းပြီး ခင်ဗျားအနေနဲ့ လူသားချင်းစာနာထောက်ထားရေးကဏ္ဍ အခြေအနေကို ပြောပြပေးပါဦး။

ဖြေ ။    ။ မြန်မာနိုင်ငံက လူသားချင်းစာနာထောက်ထားရေး အခြေအနေဟာ တော်တော်လေး ဆိုးဝါးပါတယ်။ ကျွန်တော် ဆိုလိုတာက နေ့စဉ်တိုင်းမှာ လူသားချင်း စာနာထောက်ထားရေး အထောက်အပံ့ သေရေးရှင်ရေးအမျှ လိုအပ်နေတဲ့ လူတွေ များပြားလာနေတယ်။ ကျွန်တော် ပြောနေတာက အစားအစာ၊ သောက်သုံးဖို့ ရေ၊ အခြေခံ တစ်ကိုယ်ရည် သန့်ရှင်းမှုတွေလို အခြေခံကျတဲ့ လိုအပ်ချက်တွေ အရမ်းအရမ်းကို များပြားနေတယ်။ နိုင်ငံရဲ့ မတူညီတဲ့ ဒေသတွေမှာ ပြည်သူတွေ လိုအပ်ချက်တွေ ရနိုင်ဖို့ အလွန်ကို ခက်ခဲနေတယ်။ အထူးသဖြင့်တော့ မကွေး၊ စစ်ကိုင်း၊ ချင်းပြည်နယ် ဒေသတွေနဲ့ ကယားပြည်နယ်တွေမှာ ဖြစ်တယ်။ လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ထိပ်တိုက်တွေ့မှုတွေ၊ ပဋိပက္ခတွေရဲ့ သက်ရောက်မှုကို ကျွန်တော်တို့ တွေ့မြင်နေရတယ်။ အခုဆိုရင် သန်းပေါင်းများစွာ ရှိနေပြီ။ သူတို့တွေဟာ လူသားချင်းစာနာထောက်ထားရေး အထောက်အပံ့တွေ အရေးတကြီး လိုအပ်နေကြတယ်။ ဒီဒေသတွေက လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက် နေထိုင်နေကြရတယ်။ ဆင်းရဲမွဲတေမှုဒဏ်ကို ရေရှည်ခံစားနေကြရတာ ဖြစ်တယ်။ ဒါကြောင့် အလွန်ကို စိတ်သောကဖြစ်စရာ အချိန်တွေပါပဲ။ လိုအပ်နေသူတွေဆီ အကူအညီတွေ ရောက်ရှိဖို့ကလည်း အလွန်ကို အရေးကြီးပါတယ်။ မှတ်ပုံတင် အသစ်တင်မယ်။ MOU အသစ်ထိုးမယ်ဆိုရင်တော့ INGOs တွေအနေနဲ့ အကူအညီတွေကို ပိုပြီး လိုအပ်နေတဲ့ ခုခံအားနည်းပါးသူတွေဆီ သွားရောက်ကူညီနိုင်ကြပါလိမ့်မယ်။ ဒါကြောင့် အဖွဲ့အစည်းတော်တော်များများက ဒါကို အာရုံတော့ စိုက်ထားတယ်။ ဒါမှပဲ ကူညီပေးရေး ဆောင်ရွက်နိုင်မှာလေ။ တစ်ချိန်တည်းမှာပဲ အဖွဲ့အစည်းတွေကို မှတ်ပုံတင်ရေး၊ MOU ထိုးရေးတွေကို တွန်းတင် မဆောင်ရွက်သင့်ဘူး။ ဘာကြောင့်လည်းဆိုတော့ အဖွဲ့အစည်း တော်တော်များများက လူငယ်အုပ်စုတွေ၊ အမျိုးသမီးအခွင့်အရေးအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး ကာကွယ်သူတွေ၊ ဂျာနယ်လစ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ထောက်ပံ့ပေးနေတာကြောင့်ပဲ။ စီမံကိန်းပေါ် မူတည်ပြီး မှတ်ပုံတင်တာ၊ MOU ထိုးတာတွေ လုပ်သွားရမှာမျိုးလည်း ရှိထားတယ်။ ကျွန်တော်တို့ဟာ တော်တော်လေး ခက်ခဲရှုပ်ထွေးတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရတာပါ။

မေး ။    ။ စစ်ကောင်စီ လက်အောက်မှာ ခင်ဗျားက ခင်ဗျားအဖွဲ့အစည်းကို မှတ်ပုံမတင်ဘူးဆိုရင် ဘာတွေ ဖြစ်လာနိုင်သလဲ။
ဖြေ ။    ။ ဒါဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ၊ ပြီးတော့ ခန့်မှန်းပြောရမယ့် ကိစ္စပဲလို့လည်း ယူဆတယ်။ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိဘူး၊ တစ်ဖက်မှာတော့ အလှူရှင်တွေက မှတ်ပုံတင်တယ်ဆိုတာ ရန်ပုံငွေ ရရှိဖို့ မရှိမဖြစ် လိုအပ်ချက်ပဲလို့ ပြောလာနိုင်တယ်။ မှတ်ပုံမတင်ဘူးဆိုရင် ရန်ပုံငွေ မရရှိမှာကြောင့် အကူအညီ အထောက်အပံ့လည်း ပေးနိုင်မှာ မဟုတ်ဘဲ အရပ်ဖက် လူ့အဖွဲ့အစည်းနဲ့ INGOs တွေအတွက် အကျပ်ရိုက်တော့မှာ ဖြစ်တယ်။ ဒါကြောင့် လုပ်ငန်းစဉ်တွေကို လျှော့ချတာ ဒါမှမဟုတ် ပိတ်သိမ်းတာတွေ ဖြစ်လာမယ့် အဓိပ္ပာယ်ဆောင်တယ်။ အခြားတစ်ဖက်မှာလည်း အဖွဲ့အစည်းတွေဟာ မှတ်ပုံမတင်ဘူး။ MOU မချုပ်ဆိုဘူးဆိုရင် လူအဖွဲ့အစည်းတွေဆီ သွားရောက်ခွင့် ရတော့မှာ မဟုတ်ဘူး။ ပိုပြီး ဒုက္ခကြုံရတဲ့ သူတွေဆီ၊ နေထိုင်ရှင်သန်ရေး ကြိုးစားနေရတဲ့ လူတွေထံ အဖွဲ့အစည်းတွေကို စစ်တပ်က သွားခွင့်ပေးမှာ မဟုတ်ဘူးဆိုတာ ခင်ဗျား အသိပဲ။ အဖွဲ့အစည်းတွေ မှတ်ပုံမတင်ဘူးဆို ဘာတွေဖြစ်လာမလဲဆိုတာ သိမြင်ရဖို့ ခက်ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတွေ မှတ်ပုံမတင်လို့ ဖြစ်လာမှာတွေကိုလည်း ပြောရခက်တယ်။ ဂယက်ရိုက်ထလာမှာတွေကတော့ ရန်ပုံငွေ ဝင်လမ်း မရှိတော့ဘူး၊ စစ်တပ် ဒါမှမဟုတ် စစ်အစိုးရက လူသားချင်း စာနာထောက်ထားရေး လိုအပ်နေတဲ့ ဒေသတွေဆီ အဖွဲ့အစည်းတွေကို သွားခွင့် မပေးတော့ဘူး။ ဒါကြောင့် ဒါဟာ အရမ်း ခက်ခဲတဲ့ အခြေအနေပါ။ အဖွဲ့အစည်း တော်တော်များများ ကြုံနေရတဲ့ အလွန်ခက်ခဲမှုပါ။ လူသားချင်း စာနာထောက်ထားရေး အကူအညီ အမှန်လိုအပ်နေသူတွေကို ကူညီဖို့ မြေပြင်မှာ တုံ့ပြန်နိုင်စွမ်းကို ရိုက်ခတ်တာပါ။ မှတ်ပုံတင်တဲ့၊ MOU လက်မှတ်ထိုးတဲ့ အဖွဲ့အစည်းတွေကတော့ ကြီးထွားနေတဲ့ လူသားချင်း စာနာထောက်ထားမှု အကြပ်အတည်းကို တုံ့ပြန်ဖို့ မြေပြင်ဆီ သွားရောက်နိုင်မှာပါ။ ဒါပေမဲ့ ဘယ်လိုမျိုး ခွင့်ပြုမလဲဆိုတာနဲ့ ပိုပြီး ထောက်လှမ်း စောင့်ကြည့်ခံရမယ့် အရေးတွေအတွက် ဘယ်သူမှ ကံသေကံမ ပြောနိုင်မှာ မဟုတ်ပါ။

မေး ။    ။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ဆောင်ရွက်နေတဲ့ INGOs ဝန်ထမ်းတွေရဲ့ လုံခြုံရေး ဘေးအန္တရာယ်အဆင့်က ဘယ်လောက် ရှိနေပါသလဲ။
ဖြေ ။    ။ ဘေးအန္တရာယ် အတော်များတယ်လို့ ကျွန်တော် ထင်ပါတယ်။ INGOs တွေက အမှုထမ်းတွေ ဖမ်းဆီးခံရတာတွေ ရှိတယ်။ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေ ဖမ်းဆီးခံရတယ်။ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးခံရတယ်။ ဒါကြောင့် တချို့က မြေအောက်မှာ လှုပ်ရှားကြတယ်။ အချို့ အဖွဲ့အစည်းတွေ လုံးလုံး ပိတ်ကြရတယ်။ နိုင်ငံအနှံ့မှာ ငွေသားပြဿနာနဲ့ ဘေးကင်းရေး၊ လုံခြုံရေး စိုးရိမ်ပူပန်မှုတွေကြောင့် ဆက်လက်ရပ်တည်နိုင်စွမ်း မရှိတော့ဘူး။ ဘေးအန္တရာယ်တွေကတော့ အတော်လေး မြင့်မားပါတယ်။ အဖွဲ့အစည်းအများဆုံးဟာ သူတို့ရဲ့ ဝန်ထမ်းတွေ၊ မိတ်ဖက်တွေကို အကာအကွယ် ပေးနိုင်ဖို့ ဘေးကင်းရေး လုပ်ငန်းစဉ်အချို့ကို ဖော်ဆောင်နိုင်အောင် ကြိုးစားနေကြတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေနဲ့ ပဋိပက္ခတွေ၊ ဝရုန်းသုန်းကားအခြေအနေအတွင်းမှာတော့ လမ်းကြောင်းမှန်ကို မတွေ့ကြဘူး။

မေး ။    ။ ကျွန်တော်တို့ သိသင့်တဲ့ နောက်ထပ် ဖြည့်စွက်ပြောလိုတာများ ရှိပါသလား။
ဖြေ ။    ။ ဒီအချိန်ဟာ မြန်မာနိုင်ငံအတွက် အရမ်း အရေးကြီးတဲ့ အချိန်ပါ။ ပြည်သူတွေဟာ ရဲရင့်ခြင်း များစွာကို ပြသနေကြပါတယ်။ ခုခံဖီဆန်မှုက အလွန့်အလွန် အားကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ ပြည်သူတွေရဲ့ ဘဝဟာ ဘေးအန္တရာယ် ရှိနေတယ်။ အလှူရှင်တွေအနေနဲ့ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ကိုင်နေတဲ့ အချိန်ပဲလို့ ကျွန်တော် ထင်မိတယ်။ ဒီထဲက တချို့ဟာ တိုးပြီး ကြိုးစားနေကြတယ်။ တရားဝင်မဟုတ်တဲ့ ကွန်ရက်တွေကို ထောက်ပံ့ဖို့ လိုတဲ့ အချိန်ပဲ။ ကောင်းစွာ ဖွဲ့စည်း မထားနိုင်သေးတဲ့  လူငယ်အုပ်စုတွေ၊ အမျိုးသမီးအုပ်စုတွေကို ထောက်ပံ့ပေးဖို့ လိုအပ်နေတယ်။ ဒါပေမဲ့ သူတို့တွေဟာ ဒီမိုကရေစီ ပြန်လည်ဖြစ်ထွန်းရေးဆီ ရှေ့ရှုတဲ့ လှုပ်ရှားမှုတွေရဲ့ အစိတ်အပိုင်းပဲ ဖြစ်တယ်။ သတင်းထုတ်ပြန်တာ၊ စာရွက်ပေါ်မှာ အလုပ်လုပ်တာနဲ့ မှတ်ပုံတင်ခွင့်ပြုတာ၊ MOU ချုပ်ဆိုချိန်တွေမှာ အလှူရှင်တွေအနေနဲ့ စည်းမျဉ်းအချို့ကို ဖြေလျှော့ပေးဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်။ အကူအညီတွေ ပေးပို့တဲ့ တစ်လျှောက်လုံးမှာ မြင့်မားတဲ့ ဘေးအန္တရာယ်ကတော့ ရှိနေတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေကို ကာကွယ်ဖို့ လမ်းလည်း ရှိရမှာ ဖြစ်တယ်။ အသက်ကယ် အကူအညီနဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ပေးပို့ရာမှာ ဘေးများတဲ့ အလုပ်သမားတွေကိုလည်း ကာကွယ်ပေးနိုင်ရမှာ ဖြစ်တယ်။ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ အတော်လေး ကွဲပြားခြားနားတဲ့ အုပ်စုတွေကို ထောက်ပံ့ပေးရမှာ ဖြစ်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly