ကလေးမြို့တွင် CDM ရဲများပါ၀င်သည့် Kalay Police Service ကို စတင်ဖွဲ့စည်း

ကလေးမြို့တွင် CDM ရဲများပါ၀င်သည့် Kalay Police Service ကို စတင်ဖွဲ့စည်း

ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် CDM ရဲများပါဝင်သည့် Kalay Police Service ကိုစတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ယနေ့ ဒီဇင်ဘာလ ၆ ရက်တွင် ကြေညာသည်။

Kalay Police Service သည် ပြည်သူလူထု၏ တောင်းဆိုချက်အရ PDF Kalay နှင့်ပူးပေါင်း၍ ဒေသတွင်း ရဲလုပ်ငန်းများကို လူ့အခွင့်အရေးလေးစားလိုက်နာမှု၊ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှု၊ တရားမျှတမှုတို့နှင့်အညီ ဆောင်ရွက်မည်ဟုဆိုသည်။ 

ထို့အပြင် ရဲလုပ်ငန်းသည် ၀န်ဆောင်မှုလုပ်ငန်းဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့သည် လူပုဂ္ဂိုလ်ကို သစ္စာစောင့်သိ၍ မရဘဲ တရားဥပဒေကိုသာ သစ္စာစောင့်သိရမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

Kalay Police Service ကို မည်ကဲ့သို့ဖွဲ့စည်းဖြစ်သည်နှင့် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းဆောင်တာများနှင့် ပတ်သက်သည့် အသေးစိတ်ကိုမူ လတ်တလောတွင် မဖြေကြားလိုသေးကြောင်း မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းချက်အပေါ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

သို့သော် CDM ရဲတပ်ဖွဲ့၀င်များ ဦးဆောင်ပြီး ဖွဲ့စည်းသော ရဲတပ်ဖွဲ့ဖြစ်သော်လည်း NUG အစိုးရ၏ လမ်းညွှန်မှုအောက်တွင် ရဲအဖွဲ့၀င်အသစ်များမွေးထုတ်ကာ ရဲလုပ်ငန်းဆိုင်ရာ ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဟုဆိုသည်။ 

အလားတူ ဒေသခံလူငယ်များကိုလည်း ပြည်သူမှအားကိုးရသည့် ရဲတပ်ဖွဲ့ဝင်များ ဖြစ်စေရန်မွေးထုတ်ကာ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မည်ဟုလည်း Kalay Police Service မှထုတ်ပြန်ထားသည်။

ပုံစာ - အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်ရှိရဲတပ်ဖွဲ့ဝင်တချို့ ဆန္ဒပြခဲ့စဉ်။ (ပုံဟောင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly