နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမှုကို အပြီးသတ် အမိန့်မချဘဲ ဒီဇင်ဘာလ ၆ ရက်သို့ ရက်ရွှေ့ဆိုင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမှုကို အပြီးသတ် အမိန့်မချဘဲ ဒီဇင်ဘာလ ၆ ရက်သို့ ရက်ရွှေ့ဆိုင်း

နိုဝင်ဘာ ၃၀

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားသည့် အမှု သုံးခုအတွက် အပြီးသတ်အမိန့်ကို ယနေ့ နိုဝင်ဘာလ ၃၀ ရက်တွင် မချမှတ်တော့ဘဲ လာမည့် ဒီဇင်ဘာလ ၆ ရက် ရုံးချိန်းမှသာ အပြီးသတ် စီရင်ချက် ချမှတ်ရန် တရားရုံးက ရက်ရွှေ့ဆိုင်းလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်တို့ သုံးဦးအပေါ် စွဲဆိုထားသည့် ပုဒ်မ ၅၀၅ (ခ)၊ သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို သီးခြားစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအပေါ် စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုတို့အတွက် ယနေ့ရုံးချိန်းတွင် နောက်ဆုံးစီရင်ချက် ချမှတ်ရန် ရှိသော်လည်း အမိန့်မချမှတ်တော့ဘဲ ရက်ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

၎င်းတို့အပေါ် စွဲဆိုထားသော ပုဒ်မ ၅၀၅ (ခ) အမှုသည် စစ်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) က ထုတ်ပြန်ခဲ့သည့် ကြေညာချက်နှစ်စောင်နှင့် ပတ်သက်၍ စစ်ကောင်စီက တရားစွဲခဲ့သော အမှုဖြစ်သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုသည် ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလ လှည့်လည်လာသော မဲဆွယ်ယာဉ်တန်းကို သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က လမ်းပေါ်ထွက် လက်ပြနှုတ်ဆက်ခဲ့သည့်အတွက် စစ်ကောင်စီက စွဲဆိုထားသောအမှုဖြစ်သည်။

အဆိုပါ အမှုများ၏ နောက်ဆုံးစီရင်ချက် အမိန့်ချမှတ်ရန် လာမည့် ဒီဇင်ဘာလ ၆ ရက်သို့ ချိန်းဆိုလိုက်ခြင်း ဖြစ်သည်။

ယင်းအပြင် ယနေ့ရုံးချိန်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအပေါ် စွဲဆိုထားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဥပဒေ ပုဒ်မ ၂၅ အမှုကို တရားရုံးက ဆက်လက်စစ်ဆေးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအပေါ် စွဲဆိုထားသည့် သဘာဝဘေးပုဒ်မ ၂၅ အတွက် သက်သေထွက်ဆိုရန် တရားရုံးမှာ သက်သေအဖြစ်တင်သွင်းထားသော အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် လက်ရှိတွင် ကျန်းမာရေးကောင်းမွန်နေပြီဖြစ်သည့်အတွက် နေပြည်တော်တရားရုံးသို့ လာရောက်သက်သေထွက်ဆိုခွင့်ပြုရန် ရှေ့နေများက တရားရုံးတွင် ယနေ့လျှောက်ထားခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်ကို တရားရုံးသို့သက်သေ လာရောက်ထွက်ဆိုခွင့်ပြု၊ မပြု ရှေ့နေအဖွဲ့၏ လျှောက်ထားမှုနှင့် ပတ်သက်၍ တရားရုံးက လာမည့်ဒီဇင်ဘာလ ၆ ရက်တွင် အမိန့်ချမှတ်ရန်လည်း ရှိနေသည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရပြီးနောက် နှစ်ရှည်ထောင်ဒဏ်များချမှတ်နိုင်သည့် စုစုပေါင်း အမှု ၁၁ ခုဖြင့် တရားရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required