နိုင်ငံရေးမူဘောင်ပါ လက်နက်ကိုင်ကိုယ်စားပြုဦးရေ ပြင်ဆင်ဖို့လိုတယ်လို့ TNLA ပြော

နိုင်ငံရေးမူဘောင်ပါ လက်နက်ကိုင်ကိုယ်စားပြုဦးရေ ပြင်ဆင်ဖို့လိုတယ်လို့ TNLA ပြော
UPDJC မှ မူဘောင်ရေးစွဲရေးအဖွဲ့က ရေးစွဲအတည်ပြုပြီးသည့် နိုင်ငံရေးမူဘောင်ကို သမ္မတဦးသိန်းစိန်ထံသို့ ဒီဇင်ဘာ ၁၆ရက်၊ နေ့လည် ၂နာရီကပေးအပ်စဉ်။ ဓါတ်ပုံ။ မင်းမင်း။

ရန်ကုန်၊ ဒီဇင်ဘာ ၁၆။          ။နိုင်ငံရေးမူဘောင်ပါ လက်နက်ကိုင်တိုင်းရင်းသားကိုယ်စားပြုဦးရေကို တိုးမြှင့်ဖို့လိုအပ်သည်ဟု တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ ဗိုလ်မှူးချုပ် တာဂျုတ်ဂျားက ဒီဇင်ဘာ ၁၆ရက်တွင် မဇ္ဈိမကိုပြောသည်။

"အစိုးရက ၃၀၀ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်ဖက်ကလည်း ၃၀၀ဖြစ်သင့်တယ်။ အဓိကထားဆွေးနွေးမယ့် သူတွေက ပါဝင်မှုအတူတူဖြစ်ရမှာ၊ တိုင်းရင်းသားကိုယ်စားပြုက တစ်ကယ်လို့ကျွန်တော်တို့ပါပါဝင်လာပြီ ဆိုရင် မကိုက်ရင်တော့ ပြင်ရမှာပေါ့။" ဟု ၎င်းကဆိုသည်။

ဦးသိန်းစိန်အစိုးရနှင့် အားလုံးပါဝင်ရေးမူတွင်သဘောထားကွဲလွဲမှုများရှိခဲ့သဖြင့် မိမိတို့အနေဖြင့် အပစ်အခတ် ရပ်စဲရေးလက်မှတ်မထိုးရသေးသော်လည်း နောင်အစိုးရလက်ထက်တွင် ကျန်ရှိသည့်အဖွဲ့များ၊ ထိုးပြီးအဖွဲ့များ အားလုံးပါဝင်နိုင်ရေးကိုလည်း လမ်းဖွင့်ထားရမည်ဟု ဗိုလ်မှူးချုပ် တာဂျုတ်ဂျားကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC က အစိုးရ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စား ပြုသူစုစုပေါင်း ၃၀၀ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားပြု ၁၅၀၊ နိုင်ငံရေးပါတီကိုယ်စားပြု ၁၅၀၊ တိုင်းရင်းသားကိုယ်စားပြု ၅၀နှင့်၊ ဖိတ်ကြားသင့်သူ ၅၀တို့ဖြင့် နိုင်ငံရေးဆွေးနွေးမည့်မူဘောင်ကို ဒီဇင်ဘာ ၁၅ရက်တွင်အတည်ပြုကာ ဒီဇင်ဘာ ၁၆ရက်၌သမ္မတထံသို့ အပ်နံှခဲ့ပြီးဖြစ်သည်။

"တပ်ကသူတို့အဓိကဆွေးနွေးရမှာဖြစ်လို့ လက်နက်ကိုင် ၁၅၀ဆိုရင် သူတို့လည်း၁၅၀၊ အစိုးရနဲ့လွှတ်တော်က ၁၅၀ဖြစ်အောင် ၇၅စီသတ်မှတ်ကြတယ်၊ အားလုံးဝိုင်းပြီးတော့သင့်တင့်တဲ့အခြေအနေဖြစ်လို့အားလုံးက သဘောတူရမှာပဲ၊ တစ်ချို့တစ်ဖက်ကို ၃၀၀စီထားဆွေးနွေးဖို့ပြောတာရှိတယ်။ ဒါကပြောင်းနိုင်သလို၊ အခုကလက်နက်ကိုင်၊ အစိုးရ၊ အနိုင်ရပါတီအကုန်လုံး သဘောတူထားပြီးလုပ်ခဲ့တာပါ" ဟု ရခိုင်လွတ်မြောက် ရေးပါတီ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားပြုမှုအပါအဝင်၊ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းများကို အကောင်အထည် ဖော်မည့်အစိုးရသစ်ကလည်း အားလုံးပါဝင်နိုင်ရေးမူဝါဒဖြင့် ငြိမ်းချမ်းရေးကိုဖော်ဆောင်မှသာပြဿနာများ ပြေလည်မှုရှိမည့်ဟု ဗိုလ်မှူးချုပ် တာဂျုတ်ဂျားကဆိုသည်။

"အစိုးရသစ်ကလက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေအသီးသီးထိုးပြီးငြိမ်းချမ်းရေးဆွေးနွေးဖို့၊ ထိုးပြီးသားတွေကိုလည်းမူလအတွင်း အားလုံးပါဝင်နိုင်အောင်လုပ်ပြီးဆက်သွားနိုင်ဖို့ လိုပါတယ်။ အဲဒါဆိုရင်တော့ သိပ်အခက်အခဲဖြစ်နိုင်မယ်မထင်ဘူး။" ဟု၎င်းကပြောသည်။

ငြိမ်းချမ်းရေးမူဖော်ဆောင်မှုနှင့်ပက်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက ယခင်အစိုးရက ပြုလုပ်ခဲ့သည့်ကောင်းမွန်သည့်အချက်များကိုဆက်လက် လုပ်ဆောင်ပြီး ပြောင်းလဲသင့်သည့်အချက်များကိုမူပြောင်းလဲကာပိုမွန်ကောင်း မွန်အောင် ပြုလုပ်မည်ဟုလည်း ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၅ရက်၊ သတင်းစာ ရှင်းလင်းပွဲတွင် မဇ္ဈိမကိုပြောထားသည်။

UPDJC တွင်လည်း လက်ရှိအာဏာရပါတီ ပြည်ခိုင်ဖြိုးနှင့်အတူ အနိုင်ရ NLDပါတီမှကိုယ်စားလှယ် ၂ဦးပါဝင် ထားသည်။
အပစ်အခတ်ရပ်စဲရေးစာချုပ်အရ ဒီဇင်ဘာ ၁၅ရက်တွင်ပြီးစီးခဲ့သည့် မူဘောင်အတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ များကို ဇန်နဝါရီလလယ်ပိုင်းတွင် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ဖြင့် နိုင်ငံရေးဆွေးနွေး ရမည်ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့တို့က အောက်တိုဘာ ၁၅ရက်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကိုလက်မှတ်ရေးထိုးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags