ဟောင်ကောင်အိမ်ဈေးများ ၇ လဆက်တိုက်မြင့်တက်ကာ စံချိန်တင်နှုန်းနီးပါးသို့ ရောက်ရှိ

ဟောင်ကောင်အိမ်ဈေးများ ၇ လဆက်တိုက်မြင့်တက်ကာ စံချိန်တင်နှုန်းနီးပါးသို့ ရောက်ရှိ

ဟောင်ကောင်တွင် ကိုယ်ပိုင်အိမ်ဈေးနှုန်းသည် ဇူလိုင်လအတွင်းက ၀ ဒသမ ၄၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ စံချိန်တင်တန်ဖိုးနီးပါးသို့ ရောက်ရှိလာကြောင်း ဩဂုတ် ၂၁ ရက်က ထွက်ရှိလာသည့် တရားဝင်အချက်အလက်တွင် ဖော်ပြထားသည်။

အကြောင်းအရင်းမသိနိုင်သည့် ဝယ်လိုအားကောင်းလာခြင်းနှင့် တရုတ်ပြည်မကြီးမှ ဝယ်ယူမည်သူများ မကြာမီ ပြန်ရောက်လာနိုင်သောကြောင့်လည်း ယခုကဲ့သို့ အိမ်ဈေးများမြင့်တက်သွားခြင်း ဖြစ်သည်။

တန်ဖိုးအကြီးဆုံးသော အိမ်ယာဈေးကွက် တန်ဖိုးများသည် ၇ လဆက်တိုက် မြင့်တက်လာခြင်းဖြစ်ကာ ဇွန်လအတွင်းက ၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လအတွင်းက ၃၉၆ ဒသမ ၃ ရှိခဲ့သည့် ဈေးနှုန်းအညွန်းကိန်းသည် ယခုနှစ် နောက်ဆုံး ၃ လတွင် ၂၀၁၉ ခုနှစ်၊ မေလအတွင်းက ရှိခဲ့သည့် ၃၉၆ ဒသမ ၉ စံချိန်အား ကျော်လွန်သွားနိုင်ကြောင်း အိမ်ယာလုပ်ငန်း ကိုယ်စားလှယ်များက ခန့်မှန်းထားသည်။

“ဝယ်သူတွေကြောင့် ဈေးတက်လာခြင်းဖြစ်ပါတယ်။ အခုနှစ်ကုန်အထိ ဝယ်လိုအား ဆက်ကောင်းနိုင်ပါတယ်” ဟု Knight Frank အိမ်ယာအကျိုးဆောင်လုပ်ငန်းမှ အမှုဆောင်ဒါရိုက်တာ သောမတ်စ်လမ်က ပြောကြားသည်။

အိမ်ယာအကျိုးဆောင် လုပ်ငန်း Midland ကလည်း တရုတ်ပြည်မကြီးက နယ်စပ်ပြန်ဖွင့်သည်အထိ အိမ်ဈေးနှုန်းများ တအိအိ တက်နေဦးမည်ဟု ခန့်မှန်းထားသည်။

လူ ၁၁၁၂ ဦးအား တွေ့ဆုံမေးမြန်းထားသည့် Midland ၏ စစ်တမ်းတစ်စောင်တွင် ပါဝင်ဖြေဆိုသူများက အိမ်ယာကို နေထိုင်ရန် ဝယ်ယူလိုသူနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ဝယ်ယူလိုသူ နှစ်မျိုးစလုံး၏

ရာခိုင်နှုန်းအရေအတွက် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကာ ဖြေဆိုသူ ၅၁ ရာခိုင်နှုန်းက လာမည့် ၆ လတွင် ဈေးနှုန်း မြင့်တက်လာမည်ဟုု မျှော်မှန်းထားကြောင်း ဖြေဆိုခဲ့သည်။

အပေါင်ပစ္စည်းအရေအတွက်နှင့် ဆက်နွှယ်နေသည့် ဟောင်ကောင်၏ ဘဏ်အချင်းချင်းအတိုးနှုန်းသည် ၁၁ နှစ်အတွင်း အနိမ့်ဆုံးတွင် ရောက်ရှိနေပြီး ဈေးကွက်အတွက်လည်း ထောက်ပံ့မှု ဖြစ်စေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly