နယူးဒေလီတွင် ပန်ကာ ၄၀ ပါဝင်သည့် မြူခိုးရှင်းစင်မြင့်တစ်ခုကို လေထုသန့်စင်ရန် တပ်ဆင်

နယူးဒေလီတွင် ပန်ကာ ၄၀ ပါဝင်သည့် မြူခိုးရှင်းစင်မြင့်တစ်ခုကို လေထုသန့်စင်ရန် တပ်ဆင်

ကမ္ဘာပေါ်တွင် လေထုအညစ်ညမ်းဆုံး မြို့တော်ဖြစ်သည့် နယူးဒေလီ၌ လေထုသန့်စင်ရန် စင်မြင့်တစ်ခုကို ဩဂုတ် ၂၃ ရက်က ဖွင့်လှစ်လိုက်သည်။

သို့သော် အဆိုပါ တပ်ဆင်မှုသည် ထိရောက်မှုရှိမည်မဟုတ်ဟု ကျွမ်းကျင်သူများက မှတ်ချက်ပေးထားကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြသည်။

ပန်ကာ အလက် ၄၀နှင့် လေစစ်ဇကာ ၅၀၀၀ ပါဝင်သော ၈၂ ပေအမြင့်ရှိ အဆိုပါ စင်မြင့်သည် ညစ်ညမ်းသည့်လေကို အထက်မှ စုပ်ယူကာ စစ်ထုတ်ပြီးနောက် အောက်ဖက်မှ ပြန်ထုတ်မည်ဟု NDTV ပြည်တွင်းသတင်းတွင် ဖော်ပြခဲ့သည်။ အဆိုပါ စင်မြင့်သည် အကျယ်အဝန်း ၀ ဒသမ ၄ စတုရန်းမိုင် ကျယ်ဝန်းပြီး တစ်စက္ကန့်လှင့် လေ ၃၅၀၀၀ ကုဗပေကို စစ်ထုတ်ပေးနိုင်သည်။

“ညစ်ညမ်းတဲ့ လေထုကို သန့်ရှင်းအောင် လုပ်ဆောင်ရာမှာ နယူးဒေလီအတွက် အထင်ကရနေ့ တစ်နေ့ဖြစ်ပါတယ်” ဟု မြို့တော်ဝန်ကြီးချုပ် အာဗင်ကီဂျာရီဝယ်က စင်မြင့်ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။ အဆိုပါ မြူခိုးသန့်စင်စက်သည် နယူးဒေလီမြို့တွင် ပထမဆုံးဖြစ်ပြီးကြောင်း ၎င်းက ပြောကြားသော်လည်း ၎င်း၏ နိုင်ငံရေးပြိုင်ဖက်များက ၎င်းတို့၏ အဖွဲ့ဝင်တစ်ဦးက အဆိုပါစက်မျိုးကို မြို့တော်အတွင်း ၂၀၂၀ ပြည့်နှစ်က ပထမဆုံး တည်ဆောက်ခဲ့ကြောင်း ပြောကြားသည်။ လေထုညစ်ညမ်းမှုကြောင့် နယူးဒေလီသည် ဓာတ်ငွေအခန်းတစ်ခုဖြစ်နေကြောင်း ကီဂျာရီဝယ်က ၂၀၁၉ ခုနှစ်တွင် ပြောကြားခဲ့သော်လည်း လေထုညစ်ညမ်းမှုသည် အိန္ဒိယနိုင်ငံအတွင်း အဓိကပြဿနာဖြစ်နေသေး သည်။ ၂၀၁၉ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူ ၁ ဒသမ ၆၇ သန်းရှိခဲ့ကြောင်း Lancet အဖွဲ့၏ ၂၀၂၀ ပြည့်နှစ် လေ့လာတွေ့ရှိချက်တွင် ဖော်ပြထားသည်။

နယူးဒေလီသည် လွန်ခဲ့သည့် ၃ နှစ်အတွင်း ကမ္ဘာပေါ်၌ လေထုညစ်ညမ်းမှု အဆိုးရွားဆုံး မြိုတော်ဖြစ်လာကြောင်း လေထုအရည်အသွေးကို တိုင်းတာသည့် ဆွစ်ဇာလန်နိုင်ငံမှ အဖွဲ့တစ်ဖွဲ့ဖြစ်သော IQAir ၏ အစီရင်ခံစာများတွင် ဖော်ပြထားသည်။

၂၀၁၈ ခုနှစ်ကလည်း တရုတ်နိုင်ငံ ကျိအန်းမြို့တွင် ၃၂၈ ပေအမြင့်ရှိ မြူခိုးရှင်း လေသန့်စင်စက်ကို တည်ဆောက်ခဲ့သည်။ ၎င်း၏ ထိရောက်မှုကို တာဝန်ရှိသူများက စစ်ဆေးနေဆဲ ဖြစ်သော်လည်း ကနဦးရလဒ်များ တွင် အခြေအနေကောင်းမွန်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly