တရုတ်၏ ရန်လိုမှုကို တန်ပြန်ရန် ဂျပန်နှင့် ထိုင်ဝမ်တို့ ဆွေးနွေးပွဲ ပြုလုပ်မည်

တရုတ်၏ ရန်လိုမှုကို တန်ပြန်ရန် ဂျပန်နှင့် ထိုင်ဝမ်တို့ ဆွေးနွေးပွဲ ပြုလုပ်မည်

ဂျပန်နှင့် ထိုင်ဝမ်တို့၏ အာဏာရပါတီများသည် ယင်းတို့၏ ပထမဆုံးသော နှစ်ဦးနှစ်ဘက်ပါဝင်သည့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများကို သြဂုတ် ၂၇ ရက်တွင် လုပ်ဆောင်သွားမည်ဖြစ်သည်။ အဆိုပါ ဂျပန်နှင့် ထိုင်ဝမ်တို့သည် ပိုမိုရန်လိုလာနေသည့် တရုတ်ကို တန်ပြန်ရန်အတွက် ဆက်ဆံ‌ရေး ခိုင်မာအားကောင်းစေရန် ကြိုးပမ်းနေသည်။

ပိုမို နက်ရှိုင်းသော တိုင်ပင်ဆွေးနွေးမှု လုပ်ရန် လိုအပ်ကြောင်း၊ အကြောင်းမှာ ထိုင်ဝမ်၏ အနာဂတ်သည် ဂျပန်၏ လုံခြုံရေးနှင့် စီးပွားရေးတို့အပေါ် “ကြီးလေး‌သည့် သက်ရောက်မှု” တစ်ခု ရှိနေလိမ့်မည် ဖြစ်သောကြောင့် ဖြစ်ကြောင်း ဂျပန် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ နိုင်ငံခြားရေးရာ ကိစ္စများကို ဆောင်ရွက်သည့် ပါလီမန်အမတ်တစ်ဦးဖြစ်သည့် မာဆာဟီဆာ ဆာတိုက သြဂုတ် ၂၄ ရက်က Financial Times နှင့် အင်တာဗျူးတစ်ခုတွင် ပြောသည်။

“ဒါကတော့ လက်ရှိအချိန်မှာ ထိုင်ဝမ် အခြေအနေက ဘယ်လောက်တောင် အရေးကြီးသလဲ ဆိုတာအပေါ် ကျွန်တော်တို့ ခံစားသိရှိနေတဲ့ကိစ္စပဲ ဖြစ်ပါတယ်” ဟု ဆာတိုက ပြောသည်။

အွန်လိုင်း အစည်းအဝေး၏ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန် ဒုသမ္မတ ကာမလာ ဟားရစ်ကလည်း သူမ၏ အရှေ့တောင်အာရှ ခရီးစဥ်အတွင်း ဒေသတွင်း အိမ်နီးချင်းနိုင်ငံများအပေါ် တရုတ်၏ ခြိမ်းခြောက်နေသော အပြုအမူများနှင့်ပတ်သက်ပြီး ပြင်းထန်စွာ ဝေဖန်မှုများ လုပ်ဆောင်ထားခဲ့သည်။

“ပေကျင်းဟာ တောင်တရုတ်ပင်လယ် နယ်မြေအများစုကို ပိုင်ဆိုင်ကြောင်း တောင်းဆိုပြောဆိုမှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ အကျပ်ကိုင်မှုတွေ ဆက်လုပ်နေပါတယ်၊ တရုတ်ရဲ့ တောင်းဆိုချက်တွေဟာ တရားမဝင်ပါဘူး” ဟု ဟားရစ်က စင်္ကာပူနိုင်ငံသို့ ရောက်ရှိစဥ် ပြောခဲ့သည်။ အမေရိကန်အနေဖြင့် ဤကဲ့သို့ ခြိမ်းခြောက်မှုများ ရှိနေစဥ် မိမိတို့၏ မဟာမိတ်များ၊ ပါတနာများနှင့်အတူ ရပ်တည်ကြောင်း သူမက ထပ်လောင်း ပြောခဲ့သည်။

ဂျပန်နှင့် ထိုင်ဝမ်တို့သည် သံတမန် ဆက်ဆံရေး မရှိသည့်အတွက်ကြောင့် ယခုကဲ့သို့ ပါတီ တာဝန်ရှိသူများအကြား ဆွေးနွေးမှုက ဝန်ကြီးအဆင့် ဆွေးနွေးမှုများ၏ အစားထိုးမှုတစ်ခုလည်း ဖြစ်သည်။ ရှေ့အနာဂတ်တွင် LDP ပါတီအနေဖြင့် ထိုင်ဝမ်အစိုးရတာဝန်ရှိသူများနှင့်အကြား အဆင့်မြင့်လယ်ဗယ် ဆွေးနွေးပွဲများ ပြုလုပ်ရန် ရည်မှန်းထားသည်ဟုလည်း ဆာတိုက ပြောခဲ့သည်။

တရုတ်နှင့် ထိုင်ဝမ်အကြား ဖြစ်နိုင်ခြေရှိ ပဋိပက္ခတစ်ခုအတွက် အမေရိကန်နှင့် ဂျပန် စစ်ဘက် တာဝန်ရှိသူများအကြား ခြေခြေမြစ်မြစ် ရှိသော အစီအစဥ်ရေးဆွဲမှု စတင်ခြင်းနှင့် အထက်ပါ ဆွေးနွေးမှုက တိုက်ဆိုင်နေသည်။ တိုကျိုသည် ယခင်နှစ်များစွာအကြာက ရှိခဲ့သည့် သာဓကထုံးကို စွန့်ပယ်လျက်ဖြင့် မကြာသေးခင်က ကာကွယ်ရေး စက္ကူဖြူစာတမ်းတစ်ခုတွင် ထိုင်ဝမ်၏ လုံခြုံရေးကို ယင်း၏ ကိုယ်ပိုင်လုံခြုံရေးနှင့် တိုက်ရိုက် ချိတ်ဆက်ထားခဲ့သည်။

ဆာတိုနှင့်အတူ ကာကွယ်ရေးကိစ္စများအတွက် တာဝန်ရှိသည့် အခြား LDP ပါလီမန်အမတ်တစ်ဦးဖြစ်သည့် တာကူ အိုဆူကာ တို့သည် ထိုင်ဝမ်၏ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေး ပါတီ (DPP) မှ အဆင့်တူပုဂ္ဂိုလ်များနှင့် အွန်လိုင်းဆွေးနွေးပွဲများ လုပ်ဆောင်မည်ဖြစ်သည်။

တိုင်ပေနှင့်အကြား တိုက်ရိုက်စစ်ဘက် ဆက်ဆံမှုတစ်ရပ်ကို ခိုင်မာအောင် ကြိုးပမ်းခြင်းမရှိသည့် တိုကျို၏ ကာလရှည် မူဝါဒတစ်ခုကို ထိန်းသိမ်းရင်းဖြင့် ထိုင်ဝမ်နှင့်အကြား ဆက်ဆံရေး နက်ရှိုင်းစေမည့် နည်းလမ်းတစ်ခုအဖြစ် ပင်လယ်ပြင်တွင်း မတော်တဆမှုများနှင့် သဘာဝဘေးများဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပူးတွဲ လေ့ကျင့်မှုများ လုပ်ဆောင်ရန် ဆာတိုက တောင်းဆိုခဲ့သည်။

DPP ဘက်တွင် ပါတီ၏ နိုင်ငံတကာ‌ရေးရာ ဌာနကို ဦးဆောင်သည့် ဥပဒေအမတ် လိုချင်ချန်းနှင့် ပါလီမန်၏ နိုင်ငံခြားရေးရာနှင့် ကာကွယ်ရေးကော်မတီတစ်ခု၏ အဖွဲ့ဝင် ဆိုင်ရှီယင်တို့က ဆွေးနွေးပွဲတွင် တက်ရောက်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly