အစိုးရ၏ မီဒီယာ မူဝါဒကို ဝေဖန်သည့်အတွက် ထောင်ဒဏ်ကျခံရန် အသင့်ရှိကြောင်း ပါကစ္စတန် သတင်းသမားပြော

အစိုးရ၏ မီဒီယာ မူဝါဒကို ဝေဖန်သည့်အတွက် ထောင်ဒဏ်ကျခံရန် အသင့်ရှိကြောင်း ပါကစ္စတန် သတင်းသမားပြော

ပါကစ္စတန်အစိုးရ၏ မီဒီယာဖိနှိပ်သည့် မူဝါဒကို ဝေဖန်သည့်အတွက် ထောင်ဒဏ်ကျခံရန်အသင့်ဖြစ်ကြောင်း ပါကစ္စတန်တွင် ပိတ်ပင်ခံထားသော သတင်းထောက်နှင့် 'Capital Talk' ၏ အစီအစဉ်တင်ဆက်သူ ဟာမစ်မာက ပြောကြားခဲ့ပြီး ၎င်းအားဖမ်းဆီးခြင်းက ပါကစ္စတန်တွင် မီဒီယာကဏ္ဍတွင် ဖြစ်ပျက်နေသည်များကို ကမ္ဘာက သိရှိသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

“ ပါကစ္စတန်မှာ မီဒီယာက အရင်တုန်းကလို မလွတ်လပ်တော့ပါဘူး၊ လက်ရှိဝန်ကြီးချုပ် အီမာရမ်ခန် အစိုးရလက်ထက်မှာ ပါကစ္စတန်က ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာ ၁၃၉ ကနေ ၁၄၅ အထိကျဆင်းသွားပါတယ်” ဟု BBC HardTalkနှင့် လူတွေ့မေးမြန်းခန်းတွင် အစီအစဉ်တင်ဆက်သူ စတီဖင်ဆက်ကာ၏ မေးခွန်းကို ဟာမစ်မာက ဖြေကြားခဲ့သည်။

ပါကစ္စတန်မှာသတင်းသမားများအတွက် ကြောက်ရွံ့နေရသည့် အခြေအနေရှိနေကြောင်း ဟာမစ်မာက ပြောကြားခဲ့ပြီး ပါကစ္စတန်တွင် မီဒီယာများအပေါ် ထိန်းချုပ်မှုများကြောင့် လူငယ်သတင်းထောက်အများအပြား သတင်းသမားအဖြစ်မှ နှုတ်ထွက်ရန်စဉ်းစားနေသည်ဟု ဆိုသည်။

ပါကစ္စတန်တွင် တရားဥပဒေစိုးမိုးရေးကို သတင်းထောက်များက လိုလားကြောင်း သူက ပြောကြားခဲ့သည်။

“ သတင်းထောက်တစ်ယောက်က မေးခွန်းတွေ မေးနေတယ်ဆိုရင် သူ့အသံကို နှုတ်ပိတ်ဖို့ မကြိုးစားပါနဲ့” ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၂၁ခုနှစ် မေလတွင် အစ္စလာမ္မာဘတ် အမျိုးသားသတင်းသမဂ္ဂအပြင်ဘက်တွင် သူနှင့် အခြားသတင်း သမားများသည် လုပ်ဖော်ကိုင်ဖက် အာဆတ်အလီကို မည်သူမည်ဝါးမှန်းမသိသူများက နှိပ်စက် ညှင်းပန်းသည်ကို ပြင်းထန်စွာ ကန့်ကွက် ထုတ်ဖော်ပြောကြားပြီးနောက် မာသည် ပိတ်ပင်ခံခဲ့ရသည်။

ပါကစ္စတန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရှိသော်လည်း မရှိသလိုပင် ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။

ပါကစ္စတန်အစိုးရက လွတ်လပ်သည့် သတင်းစာပညာကို တိတ်ဆိတ်စေခဲ့သလားဟု မေးသည့်အခါ ဟာမစ်က မိမိသည် ပါကစ္စတန်တွင် ဆင်ဆာဖြတ်တောက်မှု၏ သက်ရှိ စံနမူနာတစ်ယောက်ဖြစ်ကြောင်း ပြောခဲ့သည်။

အစီအစဉ်၏ နိဒါန်းတွင် BBC HardTalkမှ အစီအစဉ်တင်ဆက်သူ စတီဖင်ဆက်ကာက ခြိမ်းခြောက်၊ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသော နာမည်ကြီးသတင်းစာဆရာဖြစ်ကြောင်း မာကို မိတ်ဆက်ဖော်ပြခဲ့သည်။

၁၉၉၀ ပြည့်နှစ်များအတွင်းက ဟာမစ်မာသည်ပြန်ပေးဆွဲ၊ စစ်ဆေးမေးမြန်းခံခဲ့ရပြီး နောက်ပိုင်းတွင် သူသည် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု ၂ ခုမှ လွတ်မြောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly