အာဖဂန်နစ္စတန်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများအရေး ကုလအထူးကိုယ်စားလှယ်နှင့် အာဖဂန်နိုင်ငံခြားရေး၀န်ကြီးတို့ ဆွေးနွေး

အာဖဂန်နစ္စတန်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများအရေး ကုလအထူးကိုယ်စားလှယ်နှင့် အာဖဂန်နိုင်ငံခြားရေး၀န်ကြီးတို့ ဆွေးနွေး

အာဖဂန်နစ္စတန် နိုင်ငံခြားရေး၀န်ကြီး မိုဟာမက် ဟန်နိဖ် အက်တ်မာ နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အာဖဂန်နစ္စတန်ဆိုင်ရာ အထူးကိုယ်စားလှယ် ဒီဘိုရာ လိုင်းယွန်းစ် တို့သည် သြဂုတ် ၃ ရက်က ယင်းနိုင်ငံတွင် တာလီဘန်တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

၎င်းတို့သည် အာဖဂန်ရှိ မြို့ကြီးများအ‌ပေါ် တာလီဘန်တို့၏ တိုက်ခိုက်မှုများ မြင့်တက်နေခြင်း၊ ယင်းအဖွဲ့၏ လူသားထုအပေါ် ပြစ်မှုကျူးလွန်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပြီး လူနေထူထပ်သော မြို့များနှင့် အချက်အချာနေရာများအပေါ် တာလီဘန်တို့၏ တိုက်ခိုက်မှုများ အရှိန်မြင့်လာနေမှုအပေါ် စိုးရိမ်ပူပန်ကြောင်း အက်တ်မာက ထုတ်ဖော်ခဲ့သည်ဟု အာဖဂန် နိုင်ငံခြားရေး၀န်ကြီးဌာနကို ကိုးကားပြီး Pajhwok News က ဖော်ပြသည်။

နိုင်ငံတွင် ထိုးစစ်ဆင်မှုများ တိုးမြှင့်နေခြင်းပတ်သက်ပြီး တာလီဘန်တို့အပေါ် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ၀ိုင်း၀န်း ဖိအားပေးရန် ၎င်းက တိုက်တွန်းခဲ့သည်။

ဟီရတ်ပြည်နယ်တွင် ကုလမစ်ရှင်အဖွဲ့အပေါ် တာလီဘန်တို့၏ တိုက်ခိုက်မှုများကို ထိန်းချုပ်ဟန့်တားရန် အာဖဂန် လုံခြုံရေးတပ်ဖွဲ့များ၏ အချိန်ကိုက် ထောက်ပံ့မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုတို့အတွက် ကျေးဇူးတင်ကြောင်း လိုင်းယွန်းစ်က ပြောခဲ့သလို မြို့များတွင် တာလီဘန်တို့၏ တိုက်ခိုက်မှုများ

အရှိန်မြင့်နေမှုနှင့် အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်နေမှုများနှင့်ပတ်သက်ပြီး အလွန် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခဲ့သည်ဟု Pajhwok News က ဖော်ပြသည်။

တချိန်တည်းမှာပင် လက်ရှ်ကာ ဂါမြို့တွင် အာဖဂန် လုံခြုံရေးတပ်ဖွဲ့များနှင့် တာလီဘန်အကြား ပြီးခဲ့သည့် ၂၄ နာရီကြာ တိုက်ခိုက်မှုများအတွင်း အရပ်သား ၄၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂက သြဂုတ် ၃ ရက်တွင် ပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့ကြီးတစ်ချို့တွင် အာဖဂန် လုံခြုံရေးတပ်ဖွဲ့များနှင့် တာလီဘန်အကြား ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပေါ်လျက် ရှိသည်။ အာဖဂန် တပ်ဖွဲ့များသည် လက်ရှ်ကာ ဂါတွင် တာလီဘန်တို့ကို တိုက်ခိုက်နေသလို တောင်ပိုင်း ဟယ်လ်မန်း ပြည်နယ်၏ မြို့တစ်မြို့တွင် တိုက်ပွဲများ အရှိန်မြင့်နေခဲ့ပြီး ရှေ့တန်းနေရာသည် အမေရိကန်တို့ သြဂုတ် ၂ ရက်က လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ခဲ့သည့် ခရိုင်အရပ်ဒေသ ၁ တွင် ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း တာလီဘန်တို့သည် နိုင်ငံ၏ အရှေ့မြောက် ပြည်နယ်ဖြစ်သည့် တက်ခါ အပါအ၀င် အာဖဂန်နစ္စတန် ရှိ ခရိုင်အချို့ကို သိမ်းပိုက်ထားခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် တာလီဘန်တို့သည် ခရိုင် ၂၂၃ ခုကို ထိန်းချုပ်ထားပြီး အစိုးရက ၆၈ ခုကို ထိန်းချုပ်ထားကာ ခရိုင် ၁၁၆ ခုသည် အပြိုင်အဆိုင်အဖြစ် ရှိနေကြောင်း စီအင်န်အင်န်၏ ခန့်မှန်းချက်များကို ထည့်သွင်းတွက်ချက်သည့် Long War ဂျာနယ်က ဖော်ပြသည်။ ပြည်နယ်မြို့တော် ၃၄ ခုအနက် ၁၇ ခုသည် ယခုအခါ တာလီဘန်တို့၏ တိုက်ရိုက် ခြိမ်းခြောက်မှုကို ခံနေရသည်ဟု ယင်းက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required