ထိုင်၀မ်ကို တရုတ်၏ နယ်မြေအဖြစ် ပြသသည့် မြေပုံအပေါ် တားမြစ်မည့် ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော် အတည်ပြု

By Yahoo/ ANI
06 August 2021
ထိုင်၀မ်ကို တရုတ်၏ နယ်မြေအဖြစ် ပြသသည့် မြေပုံအပေါ် တားမြစ်မည့် ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော် အတည်ပြု

ထိုင်၀မ်ကို တရုတ်၏ ပိုင်နက်နယ်မြေ အစိတ်အပိုင်းအဖြစ် ပြသထားသော မည်သည့် မြေပုံကိုမဆို ၀ယ်ယူ၊ ပြုလုပ် သို့မဟုတ် ပြသရန်အလို့ငှာ အများပြည်သူ ရန်ပုံငွေ အသုံးပြုမှုအပေါ် ပိတ်ပင်ရန် တောင်းဆိုသည့် ဥပဒေမူကြမ်းတစ်ရပ်ကို အမေရိကန် အောက်လွှတ်တော်က အတည်ပြုလိုက်သည်။

ရီပတ်ဘလစ်ကန် အမတ်များဖြစ်ကြသည့် တွန် တစ်ဖနီ၊ စတိဗ် ချာဘော့တ်၊ စကော့တ် ပါရီ၊ ကက် ကမ်မက်ခ် နှင့် မိုက်ခ် ဂါလက်ဂါ တို့ တင်သွင်းခဲ့သည့် အောက်လွှတ်‌တော် ဆုံးဖြတ်ချက် ၄၃၇၃ ကို ထောက်ခံမဲ ၂၁၇ ၊ ကန့်ကွက်မဲ ၂၁၂ ဖြင့် Capitol Hill တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်း ဥပဒေမူကြမ်း အဆိုပြုချက်အရ ထိုင်၀မ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစိတ်အပိုင်းအဖြစ် ပုံဖော်ထားသည့် မည်သည့် မြေပုံမျိုးကိုမဆို ဖန်တီး၊ ၀ယ်ယူ သို့မဟုတ် ပြသရန်အတွက် ရန်ပုံငွေ သုံးစွဲမှုအပေါ် ပိတ်ပင်တားမြစ်သည်ဟု မူကြမ်းပါ စာသားများကို ကိုးကားပြီး Newsweek က ဖော်ပြသည်။

“ဒါက သာမန်အသိ လုပ်ဆောင်ချက်ဖြစ်ပါတယ်၊ အားလုံး သိကြတဲ့အတိုင်း ထိုင်၀မ်ဟာ ဘယ်တုန်းကမှ ကွန်မြူနစ် တရုတ်ရဲ့ အစိတ်အပိုင်း မဟုတ်ခဲ့ပါဘူး၊ ထိုင်၀မ် ပြည်သူတွေဟာ သူတို့ရဲ့ ခေါင်းဆောင်တွေကို သူတို့ဘာသာ ရွေးချယ်တင်မြှောက်ကြတယ်၊ သူတို့ရဲ့ စစ်တပ်ကို သူတို့ဘာသာ ထူထောင်ရပ်တည်ကြတယ်၊ သူတို့ရဲ့ ကိုယ်ပိုင် နိုင်ငံခြားရေးမူ၀ါဒကို ဖော်ဆောင်ကြတယ်၊ သူတို့ရဲ့ နိုင်ငံတကာ ကုန်သွယ်ရေး သဘောတူညီချက်တွေကို သူတို့ဘာသာ ထိန်းသိမ်းလုပ်ဆောင်ကြပါတယ်” ဟု ပြင်ဆင်ချက်မူကြမ်း၏ အဓိက အဆိုတင်သွင်းသူ လွှတ်တော်အမတ် တစ်ဖနီက ဇူလိုင် ၂၈ ရက်က အောက်လွှတ်တော်တွင် ပြောခဲ့သည်။

“ဘယ်လို အစီအမံနဲ့ပဲဖြစ်ဖြစ် ထိုင်၀မ်ဟာ အချုပ်အချာအာဏာပိုင်၊ ဒီမိုကရေစီကျင့်သုံးပြီး လွတ်လပ်တဲ့ နိုင်ငံဖြစ်ပါတယ်၊ ဒါနဲ့ ဆန့်ကျင်ပြီး တောင်းဆိုပြောဆိုမှုတိုင်းက တကယ့်ကို လွဲမှားနေတာပဲဖြစ်ပါတယ်” ဟု ၀စ္စကွန်ဆင်ပြည်နယ်မှ အမတ်က ပြောခဲ့သည်။

တချိန်တည်းမှာပင် ခိုင်မာသော လုပ်ဆောင်ချက်များကနေတဆင့် ထိုင်၀မ်အပေါ် ဆက်လက် ထောက်ခံကြောင်း ပြသမှုအတွက် အမေရိကန်လွှတ်တော်အမတ်များကို ကျေးဇူးတင်ကြောင်း ထိုင်၀မ် နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျောင်နီ အူက ပြောခဲ့ကြောင်း Newsweek က ဖော်ပြသည်။

ထိုင်၀မ်အနေဖြင့် ဥပဒေမူကြမ်း၏ ဖြစ်ပေါ်တိုးတက်မှုအတိုင်း ဆက်လိုက်သွားမည် ဖြစ်သလို အမေရိကန်၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးပိုင်းတို့နှင့်အကြား နီးကပ်စွာ ဆက်ဆံမှုကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းနှင့် အပေါင်းလက္ခဏာဆောင် အမေရိကန်-ထိုင်၀မ် ဆက်ဆံရေးကို နက်ရှိုင်းစေရန် ဆက်လုပ်သွားမည်ဖြစ်ကြောင်း အူက ပြောခဲ့သည်။

ထိုင်၀မ်နှင့် တရုတ်ပြည်မကြီးတို့သည် ပြီးခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်အကြာက တရုတ် ပြည်တွင်းစစ်ပြီးဆုံးပြီးနောက်ပိုင်း သီးခြားစီ အုပ်ချုပ်နေခဲ့ကြသည်။ တရုတ် ကွန်မြူနစ်ပါတီသည် ထိုင်၀မ်ကို မည်သည့်အခါကမှ အုပ်ချုပ်ထားခဲ့ခြင်း မရှိသော်လည်း ပေကျင်းသည် အဆိုပါ ကျွန်းကို ယင်း၏ နယ်နမိတ်၏ “ခွဲထုတ်၍ မရသော အပိုင်း” ဖြစ်သည်ဟု ရှုမြင်ထားပြီး ထိုင်၀မ်တွင် တရား၀င် သီးခြားလွတ်လပ်ရေး ကြေညာခြင်းကနေ တားဆီးရန် လိုအပ်ပါက အင်အားသုံး သိမ်းယူမည်ဟု ထပ်တလဲလဲ ခြိမ်းခြောက်ထားသည်။

မကြာသေးသည့် နှစ်များအတွင်း တရုတ်သည် ထိုင်၀မ်အပေါ် စစ်ရေးအရ ဖိအားပေးမှုများကို အရှိန်မြှင့်တင်ထားခဲ့သည်။ ပြီးခဲ့သည့် ဇွန်လက တရုတ်သည် ထိုင်၀မ်ကျွန်းအနီး စစ်လေယာဥ် နှစ်ဒါဇင်ကျော်ကို စေလွှတ်ခဲ့ရာ ထိုင်၀မ်တို့ဘက်က ယင်း၏ လေကြောင်းကာကွယ်ရေးကို တပ်လှန့်ခဲ့ရသည်။

ဇွန်လ ၁ ရက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်၀မ်နှင့် အပြည့်အ၀ ပြန်လည် ပေါင်းစည်းသွားမည်ဟု ကတိပြုခဲ့သလို အဆိုပါ ကျွန်းအတွက် တရား၀င် လွတ်လပ်ရေး ကြိုးပမ်းမှုမှန်သမျှကို ချေမှုန်းသွားမည်ဟု သန္နိဋ္ဌာန်ချကြောင်း ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly