တရုတ်-တိဘက် ပဋိပက္ခကို ဖြေရှင်းလိုသည့် ‘နိုင်ငံရေးစိတ်ဆန္ဒ’ ပေကျင်းထံတွင် ရှိမနေဟု အဝေးရောက်တိဘက်အစိုးရ ပြော

By Yahoo/ ANI
05 August 2021
တရုတ်-တိဘက် ပဋိပက္ခကို ဖြေရှင်းလိုသည့် ‘နိုင်ငံရေးစိတ်ဆန္ဒ’ ပေကျင်းထံတွင် ရှိမနေဟု အဝေးရောက်တိဘက်အစိုးရ ပြော

တရုတ်-တိဘက် ပဋိပက္ခကို ပြေလည်စေအောင် ဖြေရှင်းမည့် ‘နိုင်ငံရေး စိတ်ဆန္ဒ’ မျိုး တရုတ်ခေါင်းဆောင်များထံတွင် ရှိမနေကြောင်း အဝေးရောက် တိဘက်အစိုးရအဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ပြင် တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား၏ ကိုယ်စားလှယ်တစ်ဦးနှင့် အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်အကြား တွေ့ဆုံမှုကလည်း ‘သိသာထင်ရှားသော အရွေ့’ တစ်ခုဖြစ်ကြောင်း အဝေးရောက်တိဘက်အစိုးရအဖွဲ့က ပြောသည်။

လက်ရှိ ဖြစ်ပေါ်တိုးတက်မှုက အရေးပါကြောင်းနှင့် “ယင်းသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရ၏ အဆင့်မြင့်အရာရှိများနှင့် တိဘက် အကြား ပထမဆုံး တွေ့ဆုံမှု” ဖြစ်ကြောင်း တိဘက်ဗဟိုအစိုးရ (CTA) အဖြစ် သိကြသည့် အဝေးရောက် တိဘက်အစိုးရအဖွဲ့က မှတ်ချက်ပြုသည်။

အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်သည် အိန္ဒိယသို့ နှစ်ရက်တာ ခရီးစဥ်တစ်ခုအတွင်း အရပ်ဘက် လူအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုတစ်ခုအတွင်း ဒေလီမြို့ရှိ ဘုန်းတော်ကြီး ဒလိုင်းလားမား၏ ယဥ်ကျေးမှုစင်တာ ညွန်ကြားရေးမှူး ဂီရှီး ဒေါ်ဂျီ ဒမ်ဒူလ် နှင့် ဆွေး‌နွေးပြောဆိုမှုများ လုပ်ဆောင်ခဲ့သည်။

အလားတူ ဘလင်ကန်သည် တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား၏ ကိုယ်စားလှယ် ငိုဒက်ပ် ဒေါင်ချွန်းနှင့်လည်း တစ်ခဏတာ တွေ့ဆုံခဲ့ပြီး ဒေါင်ချွန်းကလည်း ဒလိုင်းလားမားမှ ပေးလိုက်သည့် လည်စည်းပ၀ါတစ်ခုကို ဘလင်ကန်ထံ ပေးအပ်ခဲ့သည်။ “နိုင်ငံခြားရေး၀န်ကြီး ဘလင်ကန်ဟာ ဒီနေ့မနက်မှာ နယူးဒေလီမှာ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ကိုယ်စားလှယ်တစ်ဦးနဲ့ တွေ့ဆုံတဲ့ အခွင့်အရေးတစ်ခု ရှိခဲ့ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

“ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ကိုယ်စားလှယ် ငိုဒက်ပ် ဒေါင်ချွန်းဟာ ဒေလီမှာ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်၊ ဒီ တွေ့ဆုံမှုဟာ သိပ်ကို အရေးပါ ပါတယ်၊ ဒါဟာ ကမ္ဘာတလွှား ငြိမ်းချမ်းရေးနှင့် အပြန်အလှန်ဆွေးနွေးမှုအတွက် ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ရာသက်ပန် ကတိပြုချက်နဲ့ အားထုတ်မှုတွေကို အသိအမှတ်ပြုတာလည်း ဖြစ်ပါတယ်’ ဟု CTA အစိုးရ ပြောရေးဆိုခွင့်ရှိသူ တန်ဇင်း လက်ခ်ရှေးက ပြောပါတယ်။

“ဒါဟာ သိပ်ကို အရေးပါပါတယ်၊ ဒီအစည်းအဝေးဟာ သမ္မတ ဘိုင်ဒင် အစိုးရအဖွဲ့က အဆင့်မြင့်အရာရှိတွေနဲ့ တိဘက်အကြား ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်ပါတယ်၊ အမေရိကန်အစိုးရဘက်က တိဘက်အရေးကို နှစ်တွေများစွာကြာ တစ်သမတ်တည်း ထောက်ခံပေးတာနဲ့ ဒလိုင်းလားမားရဲ့ အမွေအနှစ်ကို အသိအမှတ်ပြုမှုတို့အတွက် မိမိတို့ အသိအမှတ်ပြု ကျေးဇူးတင်လိုပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ထို့ပြင် ယခုတွေ့ဆုံမှုသည် အမေရိကန်သမ္မတဟောင်း ဘရက်ခ် အိုဘားမားနှင့် ဒလိုင်းလားမားတို့ ၂၀၁၆ ခုနှစ်က ၀ါရှင်တန်တွင် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့် တိဘက် တာ၀န်ရှိသူများအကြား သိသာအပေါ်လွင်မှု အဖြစ်ဆုံး ဆက်ဆံပတ်သက်မှုတစ်ခုလည်း ဖြစ်ခဲ့သည်။

ယခု အစည်းအဝေး တွေ့ဆုံမှုများအပေါ် တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင် လီကျန်းက တုံ့ပြန်ပြောဆိုသွားခဲ့ပြီး ယခုကဲ့သို့ အမေရိကန်နှင့် ဒလိုင်းလားမား၏ ဂိုဏ်းအုပ်စုအကြား တွေ့ဆုံပတ်သက်မှုက တိဘက်ကို တရုတ်၏ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုမည့် အမေရိကန်၏ ကတိက၀တ်နှင့် ဆန့်ကျင်နေကြောင်း ပြောခဲ့သည်။

“နိုင်ငံခြား အရာရှိတွေနဲ့ ဒလိုင်းလားမားအကြား ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ဆက်ဆံတွေ့ဆုံမှုကို တရုတ်ဘက်က အခိုင်အမာ ဆန့်ကျင်ပါတယ်၊ ခုလိုမျိုး အမေရိကန်ဘက်ခြမ်းနဲ့ ဒလိုင်းလားမား ဂိုဏ်းအုပ်စုအကြား တွေ့ဆုံမှုမျိုးဟာ တိဘက်ကို တရုတ်၏ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုလက်ခံမယ့်၊ တိဘက် လွတ်လပ်ရေးကို ထောက်ခံမှုမပြုမယ့်၊ တရုတ်ကနေ ခွဲထွက်ရေး ကြိုးပမ်းချက်တွေကို ထောက်ခံခြင်း မပြုမယ့် အမေရိကန်ရဲ့ ကတိက၀တ်ကို ချိုးဖောက်မှုတစ်ခုလည်း ဖြစ်ပါတယ်” ဟု ကျောင် လီကျန်းက ပြောခဲ့သည်။

ထို့ပြင် အမေရိကန်အနေဖြင့် တိဘက် အရေးကိစ္စ အကြောင်းအရာအောက်တွင် တရုတ်၏ ပြည်တွင်းရေးကို ၀င်စွက်ဖက်ခြင်းကို ရပ်တန့်သင့်ကြောင်းနှင့် တိဘက် လွတ်လပ်ရေး အင်အားစုများကို ထောက်ခံမှု မပေးသင့်ကြောင်း တရုတ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသွားခဲ့သည်။

တရုတ်ခေါင်းဆောင်များဘက်က ဒလိုင်းလားမားကို ခွဲထွက်ရေး၀ါဒီအဖြစ် တံဆိပ်ကပ်ပြီး မည်သို့ပင် ပြောဆိုစေကာမူ ကမ္ဘာပေါ်မှ လူများကမူ ကမ္ဘာတလွှား ငြိမ်းချမ်းရေးနှင့် အပြန်အလှန်ဆွေးနွေးမှုအတွက် ရာသက်ပန် နစ်မြှုပ်အားထုတ်မှုများအတွက် ဘုန်းတော်ကြီး ဒလိုင်းလားမားကို ချစ်ခင်၊ လေးစား၊ ကြည်ညိုနေကြကြောင်း လက်ခ်ရှေးက ပြောသွားခဲ့သည်။

တိဘက် အရေးကိစ္စကို ပြေလည်စေရေးအတွက် ဒလိုင်းလားမားသည် တရုတ် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းရှိ အလယ်အလတ်လမ်း မူ၀ါဒအရ ဆွေး‌နွေးညှိနှိုင်းရန်အတွက် နှစ်များစွာကြာကတည်းက အကြိမ်ကြိမ် တောင်းဆိုထားခဲ့ကြောင်း အဝေးရောက်တိဘက်အစိုးရ တာ၀န်ရှိသူက ပြောခဲ့သည်။

“ဒါကို ကြည့်ရင်တော့ တရုတ် ခေါင်းဆောင်တွေဟာ တရုတ်-တိဘက် ပဋိပက္ခကို ပြေလည်စေဖို့အတွက် နိုင်ငံရေးစိတ်ဆန္ဒမရှိဘူးဆိုတာ ထင်ရှားပါတယ်၊ ဒလိုင်းလားမားဟာ ပဋိပက္ခကို ပြေလည်စေရေးအတွက် အဓိကကျသူဖြစ်ပြီး ဒါနဲ့ပတ်သက်တဲ့ အသိပညာ အမြှော်အမြင် ရှိသင့်တယ်ဆိုတာကို သူတို့ နားလည်ရပါမယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly