ဟောင်ကောင်ရဲများက သတင်းထောက်တစ်ဦး၏ အိမ်ကို ဝင်ရောက်ရှာဖွေပြီး ခရီးသွား စာရွက်စာတမ်းများကို သိမ်းဆည်း

ဟောင်ကောင်ရဲများက သတင်းထောက်တစ်ဦး၏ အိမ်ကို ဝင်ရောက်ရှာဖွေပြီး ခရီးသွား စာရွက်စာတမ်းများကို သိမ်းဆည်း

ဟောင်ကောင်မြို့တော်ရှိ သတင်းထောက်တစ်ဦး၏ နေအိမ်ကို ရဲများက ဝင်‌ရောက်ရှာဖွေကာ ခရီးသွားစာရွက်စာတမ်းများအား သိမ်းဆည်းထားလိုက်ခြင်းကို ရှင်းပြရန် နိုင်ငံကာ ဂျာနယ်လစ်များ ဖက်ဒရေးရှင်း (IFJ) က ဇူလိုင် ၂၈ ရက်တွင် တောင်းဆိုလိုက်သည်။

ကော့စ်ဝေးဘေရပ်ကွက်၌ လူတစ်ဦးက ရဲအရာရှိတစ်ဦးကို ဇူလိုင် ၁ ရက်တွင် ဓားဖြင့် တိုက်ခိုက်ခဲ့သည့် အကြောင်းအရာအား သတင်းထောက်က အသံဖမ်းယူခဲ့ပြီးနောက် ဟောင်ကောင်ရဲတပ်ဖွဲ့ လုံခြုံရေးဌာနမှ တာဝန်ရှိသူများက အဆိုပါသတင်းထောက်၏ အိမ်ကို ဇူလိုင် ၂၆ ရက်က ဝင်ရောက်ရှာဖွေကာ ခရီးသွား စာရွက်စာတမ်းများ၊ မိုဘိုင်းဖုန်းနှင့် ကွန်ပြူတာတို့ကို သိမ်းဆည်းသွားခဲ့ကြောင်း IFJ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်ဘာသာဖြင့် ဖော်ပြသည့် အမေရိကန်မီဒီယာလုပ်ငန်းခွဲတစ်ခုဖြစ်သော Secret China သတင်းဌာန၏ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးသတင်းထောက်ကို ဝမ်ချိုင်းရဲစခန်းတွင် တိုက်ခိုက်မှု ဖြစ်စဉ်၏ မျက်မြင်သက်သေတစ်ဦး အဖြစ် ရဲများက မေးမြန်းခဲ့သည်။

ရဲများက ဟောင်ကောင်ဂျာနယ်လစ်အသင်း (HKJA) သို့ ကြိုတင်အကြောင်းကြားခြင်း မရှိခဲ့သလို ထွက်ဆိုချက်များ ထပ်မံရရှိရန် သတင်းထောက် ယာယီနေထိုင်သည့်အိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်ဟု HKJA က ထုတ်ပြန်ထားသည်။

“နိုင်ငံတော်လုံခြုံရေးဥပဒေ ပုဒ်မ ၄၃ အရ ရဲများအနေဖြင့် ယင်း ဥပဒေအား ချိုးဖောက်သည်ဟု သံသယရှိသဖြင့် စုံစမ်းစစ်ဆေးနေသူ တစ်ဦးဦး၏ ခရီးသွား စာရွက်စာတမ်းများကို ဝရမ်းဖြင့်သာ ဖမ်းဆီးရမည်ဟု ပါရှိသည်” ဟု ဟောင်ကောင်လွတ်လပ်သောစာနယ်ဇင်းအဖွဲ့က မှတ်ချက်ပြုသည်။

နိုင်ငံတော်လုံခြုံရေးဥပဒေအရ နိုင်ငံတော်လုံခြုံရေးဌာနအား ပိုမိုခြယ်လှယ်ပိုင်ခွင့် ပေးထားသလို ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံရေးနှင့်လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကန့်သတ်ထားသည်ဟု လူ့အခွင့်အရေးနှင့် အကျိုးဆောင် အုပ်စုများက ထောက်ပြထားသည်။

“သတင်းထောက်အနေဖြင့် စုံစမ်းမေးမြန်းမှုတွင် ပါဝင်ကူညီခြင်းရှိပါက ၎င်း၏အိမ်အား ဝင်ရောက်ရှာဖွေကာ ခရီးသွားစာရွက်စာတမ်းများအား သိမ်းဆည်းရခြင်းအကြောင်းကို ရှင်းပြရန် HKJA က ရဲများကို တောင်းဆိုထားသည်။

နိုင်ငံတော်လုံခြုံရေးဥပဒေအရ ရဲများကို အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်ဖြင့် သတင်းထောက်အား မေးခွန်းများ ထပ်ကာတလဲလဲ မေးမြန်းခြင်း၊ သူမ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေကာ ခရီးသွား စာရွက်စာတမ်းများကို သိမ်းဆည်းခြင်းသည် အာဏာပိုင်များက ယင်းဥပဒေကို အသုံးပြုကာ ဂျာနယ်လစ်များအပေါ် ပစ်မှတ်ထား ခြိမ်းခြောက် နှောက်ယှက်နေခြင်းကို ဖော်ပြနေကြောင်း IFJ က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly