အာဖဂန်နစ္စတန်တွင် အကြမ်းဖက်စခန်းများ တွေ့ရှိပါက တိုက်ခိုက်မည်ဟု အမေရိကန်သတိပေး

By The News
04 August 2021
အာဖဂန်နစ္စတန်တွင် အကြမ်းဖက်စခန်းများ တွေ့ရှိပါက တိုက်ခိုက်မည်ဟု အမေရိကန်သတိပေး

အာဖဂန်နစ္စတန်တွင် အကြမ်းဖက်သမားတို့၏ စခန်းများကို တွေ့ရှိပါက တိုက်ခိုက်သွားမည်ဟု အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ အူရဒူဘာသာဖြင့် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဇက်ဒ်တာရာက သမ္မတဂျိုးဘိုင်ဒင်၏ ပြောကြားချက်ကို ကိုးကား၍ The News သတင်းဌာနသို့ ပြောကြားသည်။

ပါကစ္စတန်က စစ်သွေးကြွများကို ပံ့ပိုးနေကြောင်း အာဖဂန်အစိုးရ၏ စွပ်စွဲချက်အပေါ် မေးမြန်းမှုနှင့် ပတ်သက်၍ ဇက်ဒ်တာရာက အာဖဂန်နစ္စတန်၏ အိမ်နီးချင်းနိုင်ငံများသည် ဒေသတွင်း တည်ငြိမ်မှုရစေရန် စစ်သွေးကြွများကို မထောက်ပံ့သင့်ကြောင်း မည်သည့်နိုင်ငံကိုမှ အတိအကျမရည်ညွှန်းဘဲ ပြောကြားခဲ့သည်။ ဒေသတွင်း တည်ငြိမ်ရေးအတွက် ပါကစ္စတန်၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်းလည်း ၎င်းကပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်တိုနီဘလင်၏ အိနိ္ဒိယနိုင်ငံသို့ မကြာသေးမီက ခရီးစဉ်နှင့် ပတ်သက်၍လည်း နှစ်နိုင်ငံစလုံးသည် နယ်ပယ်အများအပြားတွင် ကောင်းမွန်သည့် မိတ်ဖက်ဆက်ဆံ‌ရေး ရရှိထားကြောင်း၊ အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးအတွက် အိန္ဒိယနှင့် မဟာမိတ်ဆက်ဆံရေးသည် အလွန်အရးပါသလို ဒေသတွင်းပိုမို တိုးတက်ကောင်းမွန်ရေးအတွက် အမေရိကန်သည် အိန္ဒိယနှင့်သာမကဘဲ အာဖဂန်၏ အိမ်နီးချင်းများနှင့်ပါ လက်တွဲလုပ်ဆောင်နေကြောင်း ပြောကြားသည်။

အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းခြင်းသည် အဆိုပါနိုင်ငံကို ပစ်ပယ်ထားခဲ့ခြင်း မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

အာဖဂန်တွင် အမေရိကန်တပ်ဖွဲ့များ ရှိခြင်းကြောင့် ဆွေးနွေးမှု အပေးအယူ မလုပ်နိုင်ခဲ့ကြောင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို ဆွေးနွေးညှိနှိုင်းမှုများဖြင့်သာ ရရှိနိုင်မည်ဟု အမေရိကန်က လက်ခံယုံကြည်ထားကြောင်း ဇက်ဒ်တာရာက ပြောသည်။

အာဖဂန်တပ်ဖွဲ့များနှင့် တာလီဘန်တို့အကြား တိုက်ခိုက်မှုများအပေါ် စိတ်မကောင်းဖြစ်မိကြောင်းနှင့် အသက်သေဆုံးခြင်းများကို လက်ခံနိုင်ဖွယ်ရာ မရှိကြောင်းလည်း ၎င်းက ပြောသည်။

အာဖဂန်နစ္စတန်တွင် ၂၀၀၁ ခုနှစ်က အခြေအနေဆိုးမျိုး ပြန်လည်ရောက်ရှိခြင်းကို အမေရိကန်နှင့် မဟာမိတ် နိုင်ငံများက လက်ခံခွင့်ပြုသွားမည်မဟုတ်ကြောင်း ပြောကြားသည်။

တာလီဘန်တို့က ကဘူးလ်မြို့တော်အား သိမ်းပိုက်လျှင် အမေရိကန်က လက်ခံနိုင်သလားဆိုသည့် မေးခွန်းအ‌ပေါ် တာရာက ယင်းအခြေအနေသည့် လက်ရှိအခြေအနေသည် ထင်မြင်ယူဆချက်တစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့သလို တာလီဘန်တို့အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်ခြင်းများကို ချက်ခြင်းရပ်တန့်ရန် ၎င်းက သတိပေးလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required