မြန်မာနိုင်ငံသားများကို စောင့်ရှောက်ရန် မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်က အိန္ဒိယဗဟိုအစိုးရထံမှ အကူအညီတောင်း

မြန်မာနိုင်ငံသားများကို စောင့်ရှောက်ရန် မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်က အိန္ဒိယဗဟိုအစိုးရထံမှ အကူအညီတောင်း

ဇူလိုင် ၂၀

ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ခိုလှုံနေခဲ့ကြသော မြန်မာနိုင်ငံသားများကို နိုင်ငံရင်းသို့ ပြန်ပို့ရန် ဗဟိုအစိုးရထံမှ ညွှန်ကြားမှုကို ပယ်ချထားခဲ့ပြီးနောက် သီတင်းပတ်များအကြာတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ဇိုရမ်သန်ဂါက ၎င်း၏ ပြည်နယ်တွင်းရှိ ဒုက္ခသည်များ၏ “လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း” ကို ကိုင်တွယ်ဖြေရှင်းရန်အလို့ငှာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ အစိုးရ၏ အကူအညီကို တောင်းခံခဲ့ကြောင်း သိရသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီ နှင့် နိုင်ငံ၏ အရှေ့မြောက်ပြည်နယ်များမှ ပြည်နယ်ဝန်ကြီးချုပ်များအကြား ကိုဗစ်-၁၉ အခြေအနေဆိုင်ရာ အစည်းအ‌ဝေးတစ်ခုကို ဇူလိုင် ၁၆ ရက်က လုပ်ဆောင်ခဲ့ရာတွင် ဇိုရမ်သန်ဂါက ကပ်ရောဂါ ဒုတိယလှိုင်းအတွင်း အာဏာသိမ်းမှုဖြစ်ထားသည့် မြန်မာနိုင်ငံမှ နိုင်ငံသားများ စုပြုံဝင်လာမှုက ပြည်နယ်၏ဘဏ္ဍာရေး အခြေအနေအပေါ် ဝန်ပိစေခဲ့ကြောင်း ပြောခဲ့သည်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ခံခဲ့ရတဲ့ အစိုးရထံကနေ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်မှာ အဲဒီနိုင်ငံမှာ နေထိုင်နေခဲ့ကြတဲ့ မီဇို ထောင်နဲ့ချီဟာ နယ်စပ်ကို ဖြတ်ပြီး မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ခိုလှုံဖို့ ကြိုးစားခဲ့ကြပါတယ်၊ မြန်မာနိုင်ငံရှိ နယ်စပ်တစ်လျှောက်မှာ ရှိတဲ့ မီဇိုတွေ ဆိုတာ ကျွန်တော်တို့ရဲ့ ဆွေမျိုးတွေဖြစ်ပြီး သူတို့ဟာ ကျွန်တော်တို့နဲ့အကြား ယဉ်ကျေးမှုနဲ့ မိသားစုဆိုင်ရာ နီးကပ်တဲ့ ချိတ်ဆက်ပတ်သက်မှုတွေ ရှိသလို အများအပြားဟာ နီးကပ်တဲ့ မိသားစု အဆက်အသွယ်တွေ ရှိပါတယ်၊ ဒါကြောင့် မီဇိုရမ်ပြည်နယ်အနေနဲ့ မြန်မာနိုင်ငံကနေ အသက်ဘေးကြောင့် ထွက်ပြေးလာသူတွေကို ခိုလှုံခွင့်မပေးဘဲ ငြင်းဆန်ဖို့က မဖြစ်နိုင်ခဲ့ပါဘူး၊ အဲဒီနောက်ပိုင်းမှာ ကပ်ရောဂါ ဒုတိယလှိုင်း ဖြစ်လာတော့ မီဇိုရမ်ပြည်နယ်အနေနဲ့ အကန့်အသတ်ရှိ ရင်းမြစ်တွေနဲ့အတူ ကပ်ရောဂါကို တိုက်ဖျက်ခဲ့ရသလို မြန်မာနိုင်ငံက ဒုက္ခသည်တွေကိုလည်း ကြည့်ရှုစောင့်ရှောက်ပြီး အစားအသောက်၊ နေစရာနဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးခဲ့ရပါတယ်၊ ဒါက ပြည်နယ်ရဲ့ ဘဏ္ဍာရေး အခြေအနေအပေါ် ဝန်ပိကုန်ခန်းစေခဲ့ပါတယ်” ဟု ဇိုရမ်သန်ဂါက မိုဒီနှင့် တွေ့ဆုံစဉ် ပြောခဲ့သည်။

လွှတ်တော်အမတ် ၂၀ နှင့် ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်ခန့်ကို မီဇိုရမ်ပြည်နယ်၏ မတူညီသော နေရာများတွင် ခိုလှုံခွင့်ပေးထားပြီး အများစုမှာ မြန်မာနှင့် နယ်စပ်ချင်းထိစပ်နေသည့် ခရိုင်အရပ်ဒေသများတွင် ရှိနေခဲ့ကြသည်။

ပြီးခဲ့သည့်မတ်လက အိန္ဒိယ ဗဟိုအစိုးရသည် အာဏာသိမ်းမှုဖြစ်ခဲ့သော မြန်မာနိုင်ငံကနေ ဖြစ်နိုင်ခြေရှိ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို တားဆီးရန်နှင့် ဝင်ရောက်ခိုလှုံသူများကို နေရပ်ပြန်ပို့ရေး လုပ်ဆောင်ရန် အရှေ့မြောက်ပိုင်းပြည်နယ်များကို တိုက်တွန်းခဲ့သည်။

သို့သော် မီဇိုရမ်ပြည်နယ်အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို မသိကျိုးကျွန်မပြုနိုင်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly