ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုပုဒ်မ ၄ ခုဖြင့် စစ်ကောင်စီက ထပ်တိုးတရားစွဲဆို

ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုပုဒ်မ ၄ ခုဖြင့် စစ်ကောင်စီက ထပ်တိုးတရားစွဲဆို

ဇူလိုင် ၁၂

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ လေးမှုဖြင့် စစ်ကောင်စီက ထပ်တိုးတရားစွဲဆိုထားကြောင်း သူမ၏  ရှေ့နေအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါ်မင်းမင်းစိုးအပြောအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးဦးဝင်းမြင့်တို့ကို ယနေ့ ရုံးထုတ်စစ်ဆေးနေစဉ် အဂတိမှုဖြင့် ထပ်မံ တရားထပ်စွဲဆိုထားကြောင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က အကြောင်းကြားလာခဲ့ပြီး ယင်းအမှုအတွက် ရုံးချိန်းကို ဇူလိုင် ၂၂ ရက်တွင် ဆင့်ခေါ်ထားရှိသည်ဟုဆိုသည်။

ယင်းအမှုများနှင့်ပတ်သက်၍ မနက်ဖြန် ဇူလိုင် ၁၃ ရက် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယမြောက်ရက် ရုံးချိန်းတွင် သူမထံမှ ရှေ့နေပါဝါလွှဲစာ ရယူသွားမည်ဖြစ်သည်။

“အခုအချိန်မှာ အဂတိအမှုနဲ့ ပတ်သက်လို့ လေးမှုဖွင့်ခံထားရတာပဲ သိသေးတယ်။ ဘယ်လိုပုဒ်မနဲ့ ဘာလိုအကြောင်းအရာတွေကြောင့် ဖွင့်တယ်ဆိုတာ အကုန်လုံးက ပါဝါတင်ပြီး အမှုတွဲကို ကြည့်ရှု့လေ့လာ ခွင့်ရတော့မှ အတိအကျပြောလို့ရမှာပါ။ အခုချိန်မှာ သူတို့ပြောတဲ့ လေးမှုဆိုတာကိုပဲ သိရသေးတယ်။” ဟု ဒေါ်မင်းမင်းစိုးက ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် နှစ်မှု၊ သူမအပါအဝင် ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူတို့ဖြင့် အဂတိမှု တစ်မှု၊ နောက်ထပ် သူမအပါအဝင် အမည်မသိရသေးသူ သုံးဦးတို့ဖြင့် အဂတိမှု တစ်မှု တို့ဖြင့် တရားစွဲဆိုထားရာ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းအနေဖြင့် အဂတိမှု လေးမှုဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

“ ကျွန်မတို့ လာမည့် ၂၂ ရက်နေ့မှာ မန္တလေးတိုင်းတရားလွှတ်တော်မှာ ရုံးချိန်းခေါ်တယ်လို့ သိရပါတယ်။ အဂတိအမှုမှာ အမေတစ်ယောက်တည်းသက်သက်ကို နှစ်မှုနဲ့ အမေအပါအဝင် ဒေါက်တာမျိုးအောင် ၊ ဦးရဲမင်းဦး ၊ဦးမင်းသူ တို့နဲ့က အမှုတစ်မှု ၊ နောက်ထပ် တစ်မှုကလည်း အမေအပါအဝင် နောက်ထပ်သုံးဦးအမှုနဲ့ တစ်မှု  စုစုပေါင်း လေးမှုပေါ့။ နောက်တစ်မှုအတွက်ကတော့ အမေပါတာကိုပဲသိတယ်။ ကျန်တဲ့ သုံးဦးကို နာမည်တွေ မသိရသေးပါဘူး။ အဲဒီအမှုတွေနဲ့ ပတ်သက်လို့ ၂၂ ရက်နေ့မှာ ရုံးချိန်းရှိတယ်လို့ အကြောင်းကြားလာတဲ့အတွက် အမှုအတွက် အမေ့ဆီကပါဝါလွှဲစာယူပြီး ပါဝါတင်ရမှာပါ။” ဟု ဆက်လက်ပြောသည်။

အသက် ၇၆နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံှဲ အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီအခေါက်ရွှေခုနှစ်ပိဿာကို လက်ခံ၍ ရန်ကုန်မြို့ပြ စီမံကိန်းများအတွက် လာဘ်စားခဲ့ခြင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် တက္ကသိုလ်ရိပ်သာ  လမ်းရှိ မြေနှင့် အဆောက်အအုံကို ငှားရမ်းခွင့်ပြုရာတွင် နိုင်ငံတော်ဘဏ္ဍာငွေမှ ကျပ် သိန်း၅၂၀၀ နစ်နာခဲ့ကြောင်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာတွင်ကြေညာထားသည်။

ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လရောင်တော စီမံကိန်းနှင့် ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌမြို့တော်ဝန်ဒေါက်တာမျိုးအောင်၊ ဒု မြို့တော်ဝန် ဦးရဲမင်းဦး၊ ကော်မတီဝင် ဦးမင်းသူ တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ  ပုဒ်မ ၅၅၊ ၅၅/၆၃ တို့ဖြင့် စစ်ကောင်စီက ဇွန်လအတွင်းက ထုတ်ပြန်ထားရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် အဂတိလိုက်စားမှု ဥပဒေပုဒ်မဖြင့် လေးမှု၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မဖြင့် နှစ်မှု၊ နိုင်ငံတော်အကြည်ညို ပျက်စီးစေမှု ပုဒ်မ ၅၀၅(ခ)၊ အစိုးရလျို့ဝှက်ချက် အက်ဥပဒေ ၃(၁-ဂ) ၊ ဆက်သွယ်ရေးပုဒ်မ ၆၇နှင့် ပို့ကုန်သွင်းကုန်ပုဒ်မ ၈ တို့ဖြင့် အသီးသီး တရားစွဲဆိုခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required