တရုတ်တွင် ဖြိုခွင်းနှိမ်နင်းမှုအသစ်အဖြစ် တက္ကသိုလ် LGBT အကောင့်များကို WeChat က ဖျက်ပစ်

By Yahoo/ Reuters
09 July 2021
တရုတ်တွင် ဖြိုခွင်းနှိမ်နင်းမှုအသစ်အဖြစ် တက္ကသိုလ် LGBT အကောင့်များကို WeChat က ဖျက်ပစ်

တရုတ်နည်းပညာလုပ်ငန်းကြီး Tencent ၏ WeChat ဆိုရှယ်မီဒီယာပလက်ဖောင်းသည် တက္ကသိုလ်ကျောင်းသားများ ဖွင့်ထားသည့် LGBT (Lesbian, Gay, Bisexual, Transgender) လိင်တူချင်းစုံမက်သူများ၊ လိင်စိတ်ခံယူမှုကွဲပြားသူများဆိုင်ရာ အကောင့်အများအပြားကို ဖျက်သိမ်းပစ်ခဲ့ကြောင်း သိရသည်။ အကောင့်အချို့သည် အင်တာနက်ပေါ်မှ သတင်းအချက်အလက်များဆိုင်ရာ စည်းမျဥ်းများကို ချိုးဖောက်ခဲ့ကြောင်း ယင်းက ပြောသည်။ ယင်းအတွက်ကြောင့် လိင်တူဆက်ဆံသူ (gay) ဆိုင်ရာ အွန်လိုင်းပေါ်မှ အကြောင်းအရာ (content) များအပေါ် ဖြိုခွင်းနှိမ်နင်းမှုအသစ်တစ်ရပ်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

LGBT အုပ်စုအချို့၏ အဖွဲ့၀င်များက ၎င်းတို့၏ အကောင့်များကို ၀င်သုံးမှုသည် ဇူလိုင် ၆ ရက် ညနေပိုင်းမှစပြီး အပိတ်ခံခဲ့ရကြောင်းနှင့် ယင်းနောက် ၎င်းတို့၏ content အားလုံး ဖျက်ပစ်ခံရကြောင်းကို နောက်ပိုင်းတွင် ထပ်မံသိရှိခဲ့ရကြောင်း ရိုက်တာကို ပြောသည်။

“ကျွန်တော်တို့ အများအပြားဟာ တစ်ချိန်တည်းမှာပဲ ခုလိုမျိုး တွေ့ကြုံခဲ့ကြရတာပါ” ဟု ယခုကိစ္စရပ်၏ ထိရှလွယ်မှုကြောင့် အမည်ထုတ်ဖော်ပြောရန် ငြင်းဆန်ခဲ့သည့် အုပ်စုတစ်စု၏ အကောင့်စီမံခန့်ခွဲသူတစ်ဦးက ပြောသည်။

“ဘာသတိပေးချက်မှ ကြိုမပေးဘဲ သူတို့က ကျွန်တော်တို့ကို ဆင်ဆာဖြတ်ခဲ့ပါတယ်၊ ကျွန်တော်တို့အားလုံးရဲ့ အကောင့်တွေ ဖျက်ပစ်ခံခဲ့ရပါတယ်”

အကောင့်တစ်ချို့ကို ၀င်ကြည့်ရန် ရိုက်တာက ကြိုးပမ်းခဲ့ရာတွင် အဆိုပါ အုပ်စုများသည် တရုတ်အင်တာနက်ပေါ်ရှိ အများပြည်သူ သတင်းအချက်အလက်၀န်ဆောင်မှု ကမ်းလှမ်းသော အကောင့်များ စီမံခန့်ခွဲမှုပိုင်းတွင် စည်းမျဥ်းများ ချိုးဖောက်ထားသည် ဆိုသည့် WeChat ထံမှ နို့တစ်စာတစ်ခုကိုသာ တွေ့ရှိခဲ့သည်။

အခြား အကောင့်အချို့ဆိုလျင် ရှာဖွေမှု ရလဒ်များထဲတွင် ပေါ်ပင်ပေါ်မလာခဲ့ပေ။

ယခုကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် အီးမေးလ် ပေးပို့မေးမြန်းမှုကို WeChat က ချက်ချင်း တုံ့ပြန်အဖြေပေးခဲ့ခြင်း မရှိပေ။

လိင်တူဆက်ဆံမှုသည် ၂၀၀၁ ခုနှစ်က တရား၀င်ဖြစ်လာမှုမတိုင်မီ တရုတ်တွင် ယင်းမှာ စိတ်ဖောက်ပြန်မှုတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သို့သော် ယခုနှစ်တွင် လိင်တူဆက်ဆံမှုကို “စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျားဖြစ်မှု” တစ်ခုအဖြစ် တက္ကသိုလ်တစ်ခု၏ ဖော်ပြချက်တစ်ရပ်ကို တရားရုံးတစ်ခုက အတည်ပြုထိန်းသိမ်းခဲ့သည်။

LGBT အသိုင်းအဝိုင်းသည် မကြာခဏဆိုသလို ဆင်ဆာစိစစ်မှု စည်းမျဥ်းများနှင့် ငြိစွန်းသွားသည်ကို ကြုံတွေ့ထားခဲ့ကြရသည်။ တရုတ်၏ ဆိုက်ဘာအာကာသ စီမံခန့်ခွဲမှု အဖွဲ့သည် ဥပဒေအရ အသက်မပြည့်သေးသူများကို ကာကွယ်ရန် အင်တာနက်ပေါ်တွင် ရှင်းလင်းမှုများ လုပ်မည်ဖြစ်ကြောင်းနှင့် “မကောင်းသော လွှမ်းမိုးသက်ရောက်မှု” တစ်ခုအဖြစ် ရှုမြင်သည့် ဆိုရှယ်မီဒီယာအဖွဲ့များကို ဖြိုခွင်းနှိမ်နင်းမည်ဟု မကြာသေးခင်က ကတိပြုထားခဲ့သည်။

“LGBT ထောက်ခံအားပေးသူတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ယေဘုယျအားဖြင့် ရရှိအသုံးပြုနေနိုင်တဲ့ နေရာကို အာဏာပိုင်တွေဘက်က တင်းကျပ်မှုတွေ လုပ်ထားခဲ့ပါတယ်၊ ဒါက နောက်ထပ် တင်းကျပ်အောင် ၀က်အူရစ် ထပ်လှည့်ကျပ်လိုက်တာပါပဲ” ဟု LGBT အခွင့်အရေးများနှင့် ကျားမ တန်းတူညီမျှရှိမှုပိုင်းကို အာရုံစိုက်သည့် ယေးလ် ဥပဒေကျောင်း၏ Paul Tsai တရုတ်စင်တာမှ စီနီယာအသင်း၀င်တစ်ဦးဖြစ်သည့် ဒါရီယက်စ် လုန်ဂါရီနိုက ပြောသည်။

တရုတ် ကွန်မြူနစ်ပါတီက စီမံခန့်ခွဲသော ကျောင်းသားရေးရာအပိုင်း တာ၀န်ရှိသည့် ဌာနတစ်ခုဖြစ်သည့် ကွန်မြူနစ် လူငယ်အဖွဲ့ချုပ်မှ တက္ကသိုလ်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ကျောင်းသားအုပ်စုများအကြား ပြီးခဲ့သည့် မေလက အစည်းအဝေး ပြုလုပ်ခဲ့ရာတွင် အစိုးရနှင့် ကွန်မြူနစ်ပါတီထံ LGBT တက္ကသိုလ် အစုအဖွဲ့များက သစ္စာခံမှု ရှိရေးကို ဆွေးနွေးခဲ့ကြောင်း ယင်းကိစ္စနှင့် ပတ်သက်ပြီး သိရှိသည့် သတင်းရင်းမြစ် သုံးဦးက ပြောခဲ့သည်။

သတင်းရင်းမြစ်များသည် ၎င်းတို့၏ အမည်ကို ထုတ်ဖော်ရန် ငြင်းဆန်ခဲ့သလို အဆိုပါ တွေ့ဆုံဆွေး‌နွေးမှုများသည် မည်သည့် တက္ကသိုလ်များတွင် လုပ်ဆောင်ခဲ့သလဲ ဆိုသည်ကိုလည်း ပြောကြားခဲ့ခြင်း မရှိပေ။ သို့သော် LGBT ကျောင်းသားအစုအဖွဲ့များသည် ၎င်းတို့မှာ ပါတီဆန့်ကျင်သူများဖြစ်နေသလား သို့မဟုတ် တရုတ် ဆန့်ကျင်သူများလား ဆိုသည်နှင့်အတူ ၎င်းတို့၏ ရန်ပုံငွေများသည် ပြည်ပကနေ ရရှိထားသလား ဆိုပြီး မေးမြန်းခံခဲ့ရကြောင်း အထက်ပါသတင်းရင်းမြစ်များက ပြောသည်။

“ကျွန်တော်တို့ရဲ့ LGBT ပညာပေးရေး အလုပ်က ကျောင်းပရိဝုဏ်ထဲမှာပဲ ဖြစ်တယ်လို့ ကျွန်တော်တို့ ရှင်းပြခဲ့ပါတယ်” ဟု တက္ကသိုလ် ကျောင်းသားတစ်ဦးက ရိုက်တာကို ပြောသည်။ “မေလ အစည်းအဝေးလည်းပြီးရော ကျွန်တော်တို့ ဖျက်သိမ်းခံလိုက်ရပါတယ်”

LGBT ကျောင်းသားအစုအဖွဲ့များသည် လုံးလုံးလျားလျား ပိတ်ပင်ခံရခြင်း မရှိသော်လည်း အစဥ်အလာအားဖြင့် အသိုက်အ၀န်းဆိုင်ရာ အသိပညာပေးရေး ၎င်းတို့၏ လုပ်ဆောင်မှုများအတွက် တက္ကသိုလ်အာဏာပိုင်များထံမှ ထောက်ခံမှုကို မရရှိကြကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly