နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃ ဇူလိုင် ၂၀၂၁)
ပုံ - ဇူလိုင်လ ၃ ရက် ၊ ရန်ကုန်မြို့ရှိ ပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo - EPA)

ရန်ကုန်တိုင်းဒေသကြီး

• စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရှိ ဓမ္မာရုံလမ်းတွင် ယမန်နေ့ညပိုင်း ၈ နာရီ ၄၅ မိနစ်ခန့်က စ၍ စစ်အုပ်စုလက်နက်ကိုင်များက အင်အားအများအပြားဖြင့် လမ်းတွင်းဝင်ရောက်၍ ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ဓမ္မာရုံလမ်းမှ လူငယ်သုံးဦးနှင့် စျေးလမ်းမှ လူငယ်တစ်ဦးတို့ ဖမ်းဆီးခံရကာ မပိုလမ်းတွင်လည်း သေနတ်ပစ်ဖောက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ကာ မပိုလမ်းနှင့် သီရိမင်္ဂလာလမ်းထောင့်တွင်လည်း လူငယ်သုံးဦးအား ဖမ်းဆီးသွားသည်။ ဓမ္မာရုံလမ်းအတွင်း ဖမ်းဆီးစဉ်က လူငယ်သုံးဦး အား ဓာတ်တိုင်တွင် ကြိုးတုပ်ကာ မီးများပိတ်၍ ရိုက်နှက်ခဲ့ပြီးနောက် လက်ပြန်ကြိုးတုပ်ကာ ဖမ်ဆီးသွားခြင်း ဖြစ်သည်။ 

• သာကေတမြို့နယ် ထူပါရုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ 

• စမ်းချောင်းမြို့နယ် ပင်မသပိတ်စစ်ကြောင်းလည်း မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းပေါ်တွင် "ဇူလိုင် ၃ ဖွား သောင်းလှိုင်သား အသေဆိုးနှင့် သေပါစေ" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်များကိုင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 
• ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မည်သည့်အတွက်ကြောင့်မှန်း မသိရဘဲ စစ်အုပ်စုဘက်က လက်နက်ကိုင်အင်အား တိုးချကာ လုံခြုံရေးတိုးမြှင့်မှုများ ပြုလုပ်နေကြောင်း ဆိပ်ကမ်းမြို့ခံတစ်ဦးက ယနေ့နံနက်ပိုင်းတွင် အတည်ပြု ပြောဆိုသည်။ 

• မြောက်ဒဂုံမြို့နယ်နေ လူငယ်များကလည်း နွေဦးတော်လှန်ရေးသင်္ကတ လက်သုံးချောင်းပုံပါသည့် ယပ်တောင်များနှင့် စစ်အုပ်စုစနစ်ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များအား မြို့နယ်တွင်း ကားမှတ်တိုင်များ စိုက်ကာ နာရေးယပ်တောင်သပိတ် ပြုလုပ်ခဲ့သည်။ ထို့ပြင် မြို့နယ်တွင်းနေ လူငယ်အချို့ကလည်း မြို့နယ်တွင်း ပြေးဆွဲနေသည့် ဘတ်စ်ကားပေါ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များကပ်ကာ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• အင်းစိန်မြို့နေ လူငယ်များကလည်း ယနေ့နံနက်ပိုင်းက ပြောက်ကျားသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေး ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ကမာရွတ်မြို့နယ်နေ ကျောင်းသားနှင့် လူငယ်များကလည်း လှည်းတန်းလမ်းဆုံအနီးတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ရာ စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာသဖြင့် လူစုခွဲနိုင်ခဲ့သော်လည်း အနီးရှိ စျေးသည်တစ်ဦးကိုမူ ဖမ်းဆီးသွားသည်။

• ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ လူငယ်များကလည်း ယနေ့နံနက်ပိုင်းက စစ်အုပ်စုခေါင်းဆောင်များအတွက် နာရေးအခမ်း အနားပြုလုပ်၍ အသုဘသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• လှိုင်သာယာမြို့နယ် (၂၆) ရပ်ကွက်ရှိ စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးတွင် နံနက် ၉ နာရီခန့်က ပေါက်ကွဲမှုတစ် ရပ် ဖြစ်ပွားခဲ့သည်။ 

• တောင်ဥက္ကလာပလူငယ်များက ၎င်းတို့ဆန္ဒထုတ်ဖော်မည့်နေရာတွင် စစ်အုပ်စုလက်နက်ကိုင်များ ရောက်ရှိနေသည့်အတွက် သပိတ်မပြုလုပ်ခဲ့ရသည့်အတွက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာများရေးသားကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• သာကေတမြို့နယ် လူငယ်များအဖွဲ့သပိတ်စစ်ကြောင်းကလည်း လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ်အပြီးတိုင် ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• ခရမ်းမြို့နယ်နေ လူငယ်များကလည်း စစ်အုပ်စုဒလန် ပစ်သတ်ခံရပြီးနောက် မြို့ဝင်မြို့ထွက် လုံခြုံရေးတင်းကြပ်ထားသည့် ကြားကပင် မြို့လယ် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုရှေ့၌ စစ်အုပ်စုခေါင်းဆောင် သေရမည်ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်အား ချိတ်ဆွဲခဲ့သည်။ 

• ရန်ကုန် တကသသပိတ်စစ်ကြောင်းကလည်း ယနေ့ ညနေပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်တော်လေးတွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• ညနေပိုင်းတွင် ဆန္ဒပြမှုများရှိသည့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၉၄ လမ်းထိပ်ရှိ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်ရှေ့တွင် စစ်အုပ်စုလက်နက်ကိုင်များက သွားလာနေသည့် လူငယ်များအား တားဆီးစစ်ဆေးမှုများ ပြုလုပ်ကာ ဖုန်းသိမ်းဆည်းမှုများလည်း ရှိခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး

• မြင်းခြံမြို့၊ အမှတ် (၁၁) ရပ်ကွက်တွင် ယမန်နေ့ညပိုင်းက သင်္ချာဘာသာရပ်သင် ဆရာဦးမိုးဟိန်းနှင့် ဇနီးဖြစ်သူတို့အား စစ်အုပ်စုလက်အောက်ခံ ပျူစောထီးအဖွဲ့များက နေအိမ်သို့ ဝင်ရောက်၍ လုပ်ကြံသတ်ဖြတ်သဖြင့် သေဆုံးခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ ဦးမိုးဟိန်း (ခ) ဦးမောင်မောင်ဦးမှာ NLD ပါတီဝင်တစ်ဦးဖြစ်ကာ ဇွန်လ ၂၆ ရက်က မြင်းခြံပျူစောထီးအဖွဲ့က အဆုံးစီရင်မည်ဟု ထုတ်ပြန်ထားသည့် ၃၈ ဦးပါ လူစာရင်းတွင် ပါဝင်သူလည်း ဖြစ်သည်။ 

• မြင်းခြံမြို့နယ်တွင်းရှိ စစ်အုပ်စုလက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့ဝင်နှင့် ဒလန်များအား ပြင်းထန်စွာ တုံ့ပြန် သွားမည်ဖြစ်ကာ အဆိုပါသူများ၏ စာရင်းများကိုလည်း အတိအကျ ရရှိထားပြီဖြစ်ကြောင်း Seven People Defence Force – SPDF က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ 

• မြင်းခြံမြို့နယ်နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စက္ကူစာရွက်များ ကိုင် ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• မန်း၊ မတ္တရာမြို့နေ လူငယ်များ၏ "စစ်အာဏာရှင်ဖြုတ်ချရေး ဧရာဝတီလူငယ်များ" ကလည်း "ငါတို့ ဘယ်တော့မှ သွေးအေးမသွားဘူး" ဟု ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ အိမ်တွင်းသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြသခဲ့ကြသည်။ 

• မန်းမြို့ခံလူငယ်အချို့ကလည်း ကြက်ခြေခတ်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပုံ အား ကိုင်ဆောင်ကာ လက်တစ်ဖက်ဖြင့် ဆဲဆိုသည့်သင်္ကေတများ ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း Photo ကမ်ပိန်း ပြုလုပ်ခဲ့သည်။ 

• မန်း တပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းတွင် စစ်အုပ်စုခေါင်းဆောင်ပုံ ကပ်ထားသည့် အခေါင်းမီးရှို့ ကာ အသုဘသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန္တလာတက္ကသိုလ် ကျောင်းသား/သူများ သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် လမ်းများပေါ်တက် ဆန္ဒပြခဲ့ကြသည်။ 

• မန်း အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက လမ်းများပေါ်တက်ကာ စစ်အုပ်စုခေါင်းဆောင်ဓာတ်ပုံများ မီးရှို့ခြင်း၊ ကျိန်စာတိုက်ဆုတောင်းခြင်းများ ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန္တလေးမြို့ခံ လူငယ်များကလည်း ကျုံးဘေးအကာအရံလက်ကိုင်သံဗန်းများတွင် စစ်အုပ်စုခေါင်းဆောင်နာမည်တပ်ထားသည့် အသုဘပန်းခွေများ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အသုဘချသပိတ် ပြုလုပ်ခဲ့သည်။ 

• မန္တလေးမြို့ ၆၈ လမ်း (လမ်း ၄၀ နှင့် ၄၁ လမ်းကြား) တွင် နံနက် ၁၁ နာရီခန့်က လူငယ်နှစ်ဦးတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဗီနိုင်းပိုစတာများ တွေ့ရှိသည်ဟုဆိုကာ စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးသွားသည်။ 

• မန်းလေးပြင်ရပ် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကလည်း မတရားဖမ်းဆီးခံထားရသူများ လွှတ်ပေးရေးနှင့် စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။

• မန္တလေးတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသည့် သံဃာတော်များအား စစ်အုပ်စုလက် အောက်ခံအဖွဲ့များက လူဝတ်လဲ ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မန်းသံဃသမဂ္ဂသပိတ်စစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။ 

• ပြင်ဦးလွင်မြို့တွင်လည်း ဒေသခံများက "စစ်ခွေးသမိုင်းပြတိုက်" ဟု ဆိုင်းဘုတ်ငယ်များ ထောင်ကာ အခေါင်းများ၌ စစ်အုပ် စုခေါင်းဆောင်ပုံကပ်၍ အသုဘအခမ်းအနားပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အသုဘသပိတ် ပြုလုပ်ခဲ့သည်။ 

• ညောင်ဦးမြို့နယ် ကျေးရွာတစ်ခုတွင်လည်း "ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ် လွှင့်ထူကာ စစ်အုပ်စုခေါင်းဆောင် မွေးနေ့အဖြစ် အသုဘအခမ်းအနားပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

ပဲခူးတိုင်းဒေသကြီး

• ဒိုက်ဦးမြို့နယ် လူငယ်များကလည်း စစ်အုပ်စုခေါင်းဆောင်ပုံ ပါရှိသည့် ပန်းခွေများဖြင့် အသုဘအခမ်းအနားပြုလုပ်၍ အသုဘပန်းခွေသပိတ် ပြုလုပ်ခဲ့သည်။ 

• အုတ်ဖိုမြို့နယ်နေ ပြည်သူများကလည်း စစ်အာဏာရှင် ခေါင်းဆောင်၏ မွေးနေ့တွင် အသေဆိုးနှင့် သေပါစေဟု ရေးသား ထားသည့် စာရွက်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• မင်းကင်းမြို့နယ်၊ ပန်းဆက်ရွာထားသည့် စစ်အုပ်စုလက်နက်ကိုင်တပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့များက ယမန်နေ့က အနီး အနားရှိ ရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် CDM ပြုလုပ်နေသည့် ကျောင်းဆရာတစ်ဦး သေဆုံးခဲ့သည်။ ထို့ပြင် ကနီမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကိုလည်း လက်နက်ကြီး၊ စက်သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ ရာ ဒေသခံတစ်ဦး လက်တွင် ဒဏ်ရာရရှိခဲ့သည်။ 

• မင်းကင်းမြို့နယ်တွင်း ဒေသခံ PDF များနှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် ပြည်သူများမှာ ဆေးဝါးလိုအပ်ချက်နှင့် ကျန်းမာရေးစောင့်ရှောက်မှု မရမှုကြောင့် သက်ကြီးရွယ်အို ငါးဦးခန့် ကွယ်လွန်သွား ပြီဟု သိရသည်။ 

• ထီးချိုင့်မြို့နယ်၊ ဂွေးပင်တောင်လမ်းပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ပူးပေါင်း၍ ယမန်နေ့ညပိုင်း ၁၁ နာရီခွဲခန့်က စစ်အုပ်စုဘက်မှ ကားနှစ်စီးအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကားတစ်စီးမီးလောင်ပျက်စီးကာ စစ်သား ၂၀ ထက်မနည်း သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - HPDF က ထုတ်ပြန် ထားသည်။ 

• ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းနှင့် ကျွန်းတောကျေးရွာဘက်တွင် ယမန်နေ့က စစ်အုပ်စုလက်ကိုင်အင်အား ၁၅၀ ခန့်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား နှစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ရာ စစ်အုပ်စုဘက်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့သည့်အတွက် PDF ဘက်မှ ၉ ဦးကျဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာရ၍ တစ်ဦး ဖမ်းဆီးခံရကာ စစ်အုပ်စုဘက်က လေးဦးခန့် သေဆုံး၍ ခုနစ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

• ဒီပဲယင်းမြို့ပေါ် ဇွဲစားသောက်ဆိုင်နှင့် မီးသတ်ရုံးအနီးတွင် စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ဒေသခံလူငယ် တစ်ဦးက ကျည်လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်စဉ် စစ်အုပ်စုက လိုက်လံဖမ်းဆီးသွားခဲ့သည်။ 

• ထီးချိုင့်မြို့နေ လူငယ်အချို့ကလည်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယနေ့ကျရောက်သည့် မွေးနေ့တွင် သေဆုံးပါစေကြောင်း ဆုတောင်းကျိန်စာတိုက်ကာ အလောင်းမြေချသပိတ် ပြုလုပ်ခဲ့သည်။ 

• ကလေးဝမြို့နယ်၊ ရှမ်းအင်းကျေးရွာတွင် စစ်အုပ်စုလက်အောက် အလုပ်မလုပ်ဘဲ CDM ပြုလုပ်နေသည့် သူနာပြုဆရာမ မပွင့်ဝေအား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ညပိုင်းက ဖမ်းဆီးသွားသည်။ 

• ကောလင်းမြို့နယ် အရှေ့ပိုင်း တောင်ပေါ်ကျေးရွာတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - PDF နှင့် စစ်အုပ်စုလက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ခဲ့ရာ စစ်အုပ်စုဘက်မှ အရာရှိနှစ်ဦးအပါအဝင် လေးဦး သေဆုံးကာ PDF ဘက်မှ ထိခိုက်မှု မရှိခဲ့ဟု သိရသည်။ 

• ကောလင်းမြို့နယ် ဇော်ချောင်း ကိုးတောင်ဘို့အကြားတွင် ဝက်ရောင်းကာ ပြန်လာသည့်ကားတစ်စီးအား ယမန်နေ့ညပိုင်းက အမည်မသိလက် နက်ကိုင်အဖွဲ့က ပစ်ခတ်သဖြင့် ကားမောင်းလာသူ ကိုမိုးဇော်အောင်ဆိုသူ သေဆုံးခဲ့ကာ ယာဉ်အကူ တစ်ဦးလည်း ပေါင်၌ ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့သည်။ 

• ကောလင်းခရိုင်၊ ပင်လယ်ဘူးမြို့နေ လူငယ်များကလည်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး ကွယ်လွန်သည်ဟု ရေး သားထားသည့် အခေါင်းမီးရှို့ခဲ့ကာ အသုအသပိတ် ပြုလုပ်ခဲ့သည်။ 

• ကသာမြို့နယ်၊ မိုးတားကြီးကျေးရွာအထက်ဘက် နမ့်စန်း၊ နမ်ကျန်ကျေးရွာတို့တွင် ယနေ့နံနက်ပိုင်း ၄ နာရီမှ ၆ နာရီအထိ ကချင်လွတ်မြောက်ရေးတပ်မတော် - KIA ၏ တပ်မဟာ (၈) လက်အောက်ခံ တပ်ရင်း (၅) နှင့် နှင့် စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

• ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း နေ့စဉ်မပျက် ကျေးရွာ များအတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်း လူအင်အားရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင် စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• ကလေးမြို့တွင် ဒေသခံလူငယ်များက မြို့လယ်လမ်းမကြီးများပေါ်တွင် စစ်အုပ်စုခေါင်းဆောင်ဓာတ်ပုံများအား ချနင်းကာ ဆိုင်ကယ်သပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• စစ်အုပ်စုလက်နက်ကိုင်များက အိမ်စီးကားများသုံးကာ အလစ်အငိုက်ယူ တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် ကန့်ဘလူ-ကျွန်းလှ-ကောလင်းလမ်း၊ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းပေါ်ရှိ ကန့်ဘလူ-ကောလင်းဗျူဟာလမ်း၊ မုံရွာ-ယာကြီး-ကလေးဝလမ်းနှင့် ရေဦး-ကလေးဝဗျူဟာလမ်းတွင် မဖြစ်မနေ ခရီးသွားရမည်ဆိုပါက ကားမှန်ချ၍ မောင်းနှင်ပေးကြရန် စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - SPDF က ထုတ်ပြန်ထားသည်။ 

• ပုလဲမြို့နေ လူငယ်များကလည်း လိင်ဆက်ဆံရာတွင် အကာအကွယ်အဖြစ် အသုံးပြုသည့် ကွန်ဒုံးများထဲတွင် စစ်အုပ်စုခေါင်းဆောင်းပုံများ ထည့်သွင်းကိုင်ဆောင်၍ "သွေးမအေးနဲ့ အဆုံးထိ သွားမယ်" ဟု ကြွေးကြော်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရေဦးမြို့နယ်နေ ပြည်သူများကလည်း ယနေ့ကျရောက်သည့် စစ်အုပ်စုခေါင်းဆောင်၏ မွေးနေ့တွင် "စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခြင်းများနဲ့အတူ အမြန်ဆုံး သေပါစေ" ဟု ကျိန်စာတိုက်သည့်စာသားများ ကိုင်ဆောင်ကာ မုန့်ဟင်းခါးစားသပိတ်ပြု လုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ဘုတလင်မြို့နယ်တွင်လည်း သံဃာတော်များ ဦးဆောင်ကာ ဒေသခံများပါဝင်သည့် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းက လည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မုံရွာမြို့ ပြည်သူများကလည်း မြို့ရှိ မီးရထားလမ်းကူးနေရာတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းပါရှိသည့် စာရွက် များ ကြဲချခြင်း၊ တံတားသံလမ်းဂိတ်တွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်များ ကပ်ခြင်းနှင့် ဆေးနီများအား လမ်းမပေါ်၌ ပတ်ဖြန်းခဲ့ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ် ဖော်ခဲ့သည်။ 

မကွေးတိုင်းဒေသကြီး

• ပြည်သူများမှာ စစ်အုပ်စုအား နည်းပေါင်းစုံဖြင့် တော်လှန်နေချိန်တွင် မြိုင်မြို့နယ်တွင်းရှိ ရေနံလုပ်ငန်းရှင်များမှာ စစ်အုပ်စုအား ငွေကြေးပေးဆောင်ကာ ဆီတင်ဘောက်ဆာကားများဖြင့် ကူးသန်းမှု ပြုလုပ်နေခြင်းအား ပြင်းထန်စွာ ကန့်ကွက်ရှုတ် ချကြောင်းနှင့် ဇူလိုင်လ ၂ ရက်မှစ၍ မြို့နယ်တွင်းလမ်းမများတွင် ဆီဘောက်ဆာကားများ ဖြတ်သန်းသွားလာခြင်းမပြုရန်နှင့် မလိုက်နာဘဲ စစ်အုပ်စုအား ငွေကြေးဆက်ပေးနေပါက ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြိုင်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ - Myaing People’s Defense Force က ယမန်နေ့ နေ့စွဲဖြင့် ကြေညာထားသည်။ 

• မြိုင်မြို့နယ် တောင်ပိုင်းဇုန် ဒေသခံများကလည်း ဆိုင်ကယ်သပိတ်ပြုလုပ်ကာ ကျေးရွာများတွင်း လှည့်လည်၍ စစ်အာဏာ ရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• စစ်အုပ်စု ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်နှစ်နှစ် ထောင်ဒဏ်ချခံထားရသည့် မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညို၏ အမှုအတွက် အယူခံတက်မည်ဟု သိရသည်။ 

• ဆောမြို့နယ် လူငယ်များကလည်း စစ်အုပ်စုခေါင်းဆောင်ပုံပါ စာရွက်များအား မီးရှို့ကာ မွေးနေ့ကျိန်စာသပိတ် ပြုလုပ်ခဲ့သည်။ 
• ရေနံချောင်းမြို့နယ် ဖူးစာကုန်းနေ လူငယ်များကလည်း စစ်အုပ်စုခေါင်းဆောင်မွေးနေ့အဖြစ် အသုဘသပိတ်ပြုလုပ်ကာ စစ် အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီး 

• ပုသိမ်မြို့ အထင်ကရ ရွှေမုဋ္ဌောစေတီတော်တွင် ဘုရားဖူးလာသူများအား စစ်အုပ်စုအမိန့်ပေးထားသည်ဟုဆိုကာ ဘုရားလုံ ခြုံရေးများက ကိုယ်ရေးအချက်အလက် ပြည့်စုံအောင် ပေးပြီးမှသာလျှင် ဘုရားဖူးခွင့် ပြုထားကြောင်း သိရသည်။ 

• ဘိုကလေးမြို့နေ လူငယ်များကလည်း စစ်အုပ်စုခေါင်းဆောင် မွေးနေ့နှင့် သေနေ့ တထပ်တည်းကျပါစေဟု ကျိန်စာတိုက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ဖျာပုံနေ လူငယ်များကလည်း "မင်းအောင်လှိုင် မွေးနေ့ သေနေ့ ထပ်တူကျပါစေ" ဟု ရေးသားထားသည့် စာရွက်များ ကိုင် ဆောင်ကာ စစ်အုပ်စုအမြစ်ပြုတ်ရေး ကျိန်စာတိုက်၍ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• မအူပင်မြို့နယ်နေ လူငယ်များကလည်း စစ်အုပ်စုခေါင်းဆောင် မွေးနေ့တွင် မွေးနေ့နှင့် သေနေ့ တစ်သားတည်းကျပါစေဟု ဆုတောင်းကျိန်စာတိုက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်မြို့နေ ကျောင်းသားပြည်သူများကလည်း "လူထုကို အကျိုးမပြုသော အာဏာရှင်စနစ် အလိုမရှိ" ဟု အသုဘ အခေါင်းတွင် ရေးသားကာ အာရုဏ်ဦးအသုဘသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• လောင်းလုံမြို့နယ်၊ မောင်းမကန်ကျေးရွာ သပိတ်စစ်ကြောင်းကလည်း အာရုဏ်ဦးသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ ကဒက်ငယ်ဆိပ်၊ သကျက်တော၊ ညောပြင်၊ ညင်းမော်၊ ထိန်တွင်းကျေးရွာနေ ပြည်သူများကလည်း "စစ်ခွေးလက်အေက် ဒူးမထောက်" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်ကြောင်းကိုယ်စီဖွင့်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု ဇာဒီကျေးရွာ ကျန်းမာရေးမှူးဟောင်းဖြစ်သူ ဦးအောင်မင်းအား စစ်အုပ်စုက မေလ ၃၁ ရက်တွင် နေအိမ်၌ လာရောက်ဖမ်းဆီးကာ ဇာဒီကျေးရွာတွင် ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှား မှုတွင် ပါဝင်သည်ဟုဆိုကာ ပုဒ်မ ၅၀၅ (က) တပ် တရားစွဲပြီးနောက် ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်သည်။ 

• သရက်ချောင်းမြို့နယ်အရှေ့ပိုင်း သပိတ်စစ်ကြောင်းကလည်း ယနေ့ ညနေပိုင်းက မြို့နယ်တွင်းလှည့်လည်ကာ စစ်အုပ်စု ခေါင်းဆောင် အသုဘအခမ်းအနားပြုလုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ကချင်ပြည်နယ်

• စစ်အုပ်စုလက်အောက် အလုပ်မလုပ်လို၍ နုတ်ထွက်ထားသူနှင့် CDM ပြုလုပ်မှုဖြင့် ရာထူးမှ ထုတ်ပယ်ခံထားရသည့် တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ပြည်သူ့ဝန်ထမ်းများအား ကိုဗစ်ချေးငွေ နှစ်လစာ ပြန်ဆပ်ရန် စစ်အုပ်စု က ဖိအားပေး အကြောင်းကြားစာများ ပေးပို့လျက်ရှိသည်။

• ပူတာအိုမြို့နယ်၊ လုန်ရှာယာန်အုပ်စု၊ တန်ဂျာကျေးရွာတွင် စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးအတွက်ဆိုကာ ဒေသခံ နေအိမ်များနှင့် ဘာသာရေးကျောင်းများအား ယနေ့နံနက် ၇ နာရီဝန်းကျင်ခန့်က အင်အား ၃၀ ခန့်ဖြင့် ဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်ပြီးနောက် တောလိုက်ရာတွင် အသုံးပြုသည့် တူမီးငါးလက်နှင့် စျေးဆိုင်တစ်ခုမှ ငွေကျပ် ၅၀၀၀၀ ကိုလည်း သိမ်းဆည်းလုယက်သွားသည်။ 

• မိုးကောင်းမြို့နေ လူငယ်များကလည်း "စစ်ဖိနပ်အောက် ငါတို့ ဒူးမထောက်" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်နှင့် ကချင်ပြည်နယ်အလံများ ကိုင်ဆောင်ကာ အာရုဏ်ဦးသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ် ဖော်ခဲ့သည်။ 

• ဖားကန့်မြို့၊ တိုင်းရင်းသားလူမျိုးပေါင်းစုံသပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုလက်နက်ကိုင်များ လုံခြုံရေးတင်းကြပ်ထား သည့်ကြားကပင် မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဖားကန့်၊ တာမခန်မြို့သစ်နေ ပြည်သူများကလည်း ယနေ့နံနက်ပိုင်းက စစ်အုပ်စုခေါင်းဆောင်များဓာတ်ပုံအား မီးရှို့ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ဖားကန့်၊ တာမခန်-ဟောင်ပါးလူငယ်များကလည်း ယနေ့ညနေပိုင်းက ဥရုမြစ်ဘေးတွင် စစ်အုပ်စုခေါင်းဆောင်မွေးနေ့ အသုဘအခမ်းအနားပြုလုပ်ကာ ဖဲဝိုင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ဝိုင်းမော်မြို့ခံ လူငယ်များကလည်း စစ်အုပ်စုခေါင်းဆောင်၏ မွေးနေ့ဖြစ်သည့် ယနေ့တွင် မင်္ဂလာမရှိသော မွေးနေ့ဖြစ်ပါစေဟုစဆိုကာ အသုဘချ၍ မုန့်ဟင်းခါးစားသပိတ်ပြုလုပ်ခဲ့သည်။ 

• နမ္မတီးမြို့ခံ လူငယ်များကလည်း "ဇူလိုင် ၃ ဖွား သောင်းလှိုင်သား အသေဆိုးနှင့် သေစေသား" ဟု ရေးသားထားသည့် စာများအား စစ်အုပ်စုခေါင်းဆောင်ပုံ ကပ်ထားသည့် အလောင်းဘေးတွင်ကပ်ကာ အသုဘချသပိတ်ပြုလုပ်၍ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

ကယားပြည်နယ်

• လွိုင်ကော်မြို့နေ လူငယ်များကလည်း စစ်အုပ်စုခေါင်းဆောင်ပုံ ကပ်ထားသည့် ပန်းခွေများပြုလုပ်ကာ အသုဘအခမ်းအနား ပြုလုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အသုဘသပိတ် ပြုလုပ်ခဲ့သည်။ 

ကရင်ပြည်နယ်

• ကော့ကရိတ်မြို့နေ လူငယ်များကလည်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မွေးနေ့ဖြစ်သည့် ယနေ့တွင် Happy Death Day ဟုဆိုကာ ကျိန်စာတိုက်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။ 

ချင်းပြည်နယ်

• စစ်အုပ်စုက CDM ဝန်ထမ်းများအား အလုပ်ရပ်နားကာ ဝန်ထမ်းအသစ် ခေါ်ယူခြင်း၊ CDM ဝန်ထမ်းများအား ကိုဗစ်ချေးငွေ ပြန်ဆပ်ရန် ဖိအားပေးခြင်းများကို ရပ်တန့်ရန်နှင့် ဆက်လုပ်ပါက ရုံးတွင်းတိုက်ခိုက်မှုနှင့် တစ်ဦးချင်းတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု Chinland Defense Force (ဗဟို) က ကြေညာထားသည်။ 

• စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ဖလမ်းမြို့အနောက်ဘက်နှင့် ဟားခါးသို့ ပို့ဆောင်ရန် ဆန်တင်လာသည့် ကားသုံးစီးအား စစ်အုပ်စုလက်နက်ကိုင်များက ဇွန်လ ၂၄ ရက်က ဖလမ်းမြို့တွင် တားဆီးရပ်ဆိုင်းထားခဲ့ပြီးနောက် ယမန်နေ့က ထွက်ခွာခွင့် ပြုလိုက်ပြီ ဖြစ်သည်။ 

• ချင်းပြည်နယ်တွင်း၌ မြို့နယ်အမည်များအလိုက် Chinland Defense Force - CDF အမည်ဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့များအား CDF နာမည်ပယ်ဖျက်ရန်နှင့် NUG က ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF အမည်ခံမှသာ တရားဝင်ငွေကြေးနှင့် လက်နက်ထောက်ပံ့မည်ဟု ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ရွေးကောက်ခံ ချင်းလွှတ်တော်ကိုယ်စားလှယ်အချို့က မက်လုံးပေးစည်းရုံးမှု ပြုလုပ်နေပြီး ယင်းလုပ်ရပ်အား လုပ်ဆောင်နေသည့် ပါတီ၊ လူအုပ်စုနှင့် လူပုဂ္ဂိုလ်များအား ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်မည် ဖြစ်ကြောင်းနှင့် ပြည်သူ့တော်လှန်ရေး ပြီးဆုံးသည်အ တိုက်ပွဲဝင်သွားမည်ဖြစ်ကာ စစ်မှန်သည့် ပြည်သူ့အစိုးရတက်လာပါက လက်နက်ဖြုတ်သိမ်းမည်ဖြစ်ကြောင်း CDF ဗဟို က ယနေ့ နေ့စွဲဖြင့် ကြေညာထားသည်။ ထို့ပြင် CDF တပ်ဖွဲ့များ ရှိသည့် မြို့နယ်များတွင်လည်း PDF အဖွဲ့သစ်များ ထပ်မဖွဲ့ရန် လည်း CDF က သတိပေးထားသည်။

မွန်ပြည်နယ်

• သိမ်ဇရမ်မြို့နေ ကျောင်းသားလူငယ်များကလည်း "မင်းအောင်လှိုင် မွေးနေ့နှင့် သေနေ့ ထပ်တူကျပါစေ" ဟု ရေးသားထား သည့် အသုဘပန်းခွေချကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မော်လမြိုင်မြို့နေ လူငယ်များကလည်း "အာဏာရူးတဲ့ မင်းအောင်လှိုင် အလိုမရှိ" အပါအဝင် စစ်အုပ်စုဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ပေါင်မြို့နယ်လူငယ်များကလည်း "ငါတို့ 'ပေါင်' ကို လုံးဝအုပ်ချုပ်ခွင့်မရစေရ" ဟု ရေးသားထားသည့် စာရွက်များ ကိုင် ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

ရှမ်းပြည်နယ်

• တောင်ကြီးမြို့တွင် ဇူလိုင်လ ၅ ရက်ကစ၍ ကိုဗစ်စစ်ဆေးမှုများအား တစ်ဦးလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် လူထုထံမှ ငွေကောက်ယူကာ စစ်ဆေးပေးမည်ဟု စစ်အုပ်စုဘက်က ကြေညာထားသည်။ 

• ရှမ်းပြည်နယ်တွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF အချို့နှင့် ပူးပေါင်းထားပြီဖြစ်ကာ NUG က တိုက်ပွဲခေါ်သံ ပေးပါက စစ်အုပ်စုလက်နက်ကိုင်များအား သုတ်သင်ရှင်းလင်းမည်ဖြစ်ကြောင်း တောင်ကြီး PDF က ထုတ်ပြန်ထားသည်။ 

• ရှမ်းပြည်နယ်တွင်း လယ်ယာမြေစီမံခန့်ခွဲရေးစာရင်းအင်းဌာနတွင် စစ်အုပ်စုအား အာခံကာ ပြည်သူနှင့် တစ်သားတည်း ရပ်တည်၍ CDM ပြုလုပ်နေသည့် ပြည်သူ့ဝန်ထမ်း ၂၇ ဦးအား စစ်အုပ်စုက ရာထူးမှ ထုတ်ပယ်ပစ်လိုက်သည်။ 

• ကျောက်မဲတွင် ယနေ့နံနက်ပိုင်းက စစ်အုပ်စုခေါင်းဆောင်ပုံနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းစာသားများ ပါရှိသည့် စာရွက်များအား မြို့ပေါ်နေရာအချို့၌ ကပ်ထားခဲ့ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ပိုစတာကမ်ပိန်း ပြုလုပ်ခဲ့သည်။ ထို့ပြင် လူငယ်အချို့ကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များကိုင် ဆောင်ကာ ပြောက်ကျားသပိတ်ပြုလုပ်ခဲ့သည်။ 

• ရပ်စောက်မြို့နေ လူငယ်များကလည်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်အား ကြိုးဒဏ်ပေး စီရင်ခြင်းပုံစံ ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• နမ့်ခမ်းမြို့နေ လူငယ်များကလည်း ဘောလုံးတွင် စစ်အုပ်စုခေါင်းဆောင်ပုံ ကပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြသခဲ့သည်။

• ဟိုပုံးမြို့နေ လူငယ်များကလည်း ရောင်စုံပန်းများဖြင့် အသုဘပန်းခွေများ ပြုလုပ်ကာ စစ်အုပ်စုခေါင်းဆောင်ပုံကပ်၍ နာမ်နှိမ်သပိတ် ပြုလုပ်ခဲ့သည်။ 

ရခိုင်ပြည်နယ်

• သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၄၄ နှစ်အရွယ် ဦးမျိုးဦးအား ယမန်နေ့ညပိုင်း ၉ နာရီခန့်က လူငါးဦးက နေအိမ်အတွင်းသို့ ဝင်ရောက်ခေါ်ဆောင်ပြီးနောက် ဓားဖြင့် ထိုးသတ်ခဲ့မှုကြောင့် သေဆုံးသွားခဲ့သည်။ 

နေပြည်တော်

• အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးအပါအဝင် သားသမီးများ၊ အခြားစစ်ခေါင်း ဆောင်များနှင့် ၎င်းတို့၏ သားသမီးများအပါအဝင် ၂၂ ဦးနှင့် တရုတ်ဝမ်ပေါင်အပါအဝင် ကုမ္ပဏီလေးခုအား အမေရိကန်က ပိတ်ဆို့အရေးယူမှု စာရင်းတွင် ထပ်မံထည့်သွင်းလိုက်သည်။ 

ဇူလိုင် ၃ သုံးသပ်ချက်

• တစ်နိုင်ငံလုံးတွင် စစ်အုပ်စုခေါင်းဆောင် မွေးနေ့ကျရောက်သည့် ယနေ့တွင် အသုဘသပိတ်၊ အသုဘယပ်တောင်သပိတ်၊ မုန့်ဟင်းခါးစားသပိတ်များ တစ်နိုင်ငံလုံးအနှံ့ ရှိနေခဲ့ကာ သပိတ်မရှိသလောက် ဖြစ်နေသည့် ဒေသများတွင်ပါ ဆန္ဒပြသပိတ် များ ရှိခဲ့သည်။

• ရန်ကုန်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုပြောက်ကျားသပိတ်အများအပြား ရှိခဲ့သည်။ စစ်အုပ်စုသြဇာခံ အုပ်ချုပ်ရေးမှူးရုံးအချို့တွင် ပေါက်ကွဲမှုများ ရှိခဲ့ကာ စစ်အုပ်စုဘက်က လူမဆန်စွာ ရိုက်နှက်ဖမ်းဆီးမှုများ ဆက်လုပ်နေဆဲ ဖြစ်သည်။ 

• မန္တလေးတွင် လမ်းပေါ်တက် လူထုဆန္ဒပြလှုပ်ရှားမှုများ အားကောင်စွာ ရှိနေကာ စစ်အုပ်စုတပ်စွဲထားသည့် ကျုံးဘေးအထိ သွားရောက်၍ ဆန္ဒပြမှုများပင် ရှိသည်။ စစ်အုပ်စုဘက်က ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ဖမ်းဆီးထားသူများတွင် သံဃာ တော်များကိုပါ လူဝတ်လဲ ရိုက်နှက်မှုများ ရှိနေသည်။ 

• ကျန် တိုင်းနှင့် ပြည်နယ်များတွင်လည်း လူထုဆန္ဒပြလှုပ်ရှားမှုများ ဆက်ရှိနေဆဲ ဖြစ်ကာ စစ်ကိုင်းတိုင်းအတွင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်အုပ်စုအကြား တိုက်ပွဲများ ရှိနေကာ နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိနေသည်။ 
• စစ်အုပ်စုဘက်က ဆန္ဒပြလှုပ်ရှားမှုများကြောင့် ဖမ်းဆီးတရားစွဲထားသူများအား ပြန်လွှတ်ပေးခဲ့မှုရှိသော်လည်း တစ်ဖက် တွင်လည်း ထပ်မံဖမ်းဆီးမှုများ ပြုလုပ်နေသည်။ စစ်အုပ်စုဘက်က တန်ပြန်အဖျက်အမှောက်လုပ်ငန်းများအား ပျူစောထီး အဖွဲ့များသုံး၍ လုပ်ကိုင်နေကာ NLD ပါတီဝင်များအား လူသေဆုံးသည်အထိ သတ်ဖြတ်မှုများပါ ရှိလာနေသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly