တရုတ်တွင် အလုပ်ချိန်နာရီ ရှည်ကြာမှုအပေါ် လူငယ်များ ဆန့်ကျင်နေခြင်းက စီးပွားရေးတိုးတက်မှုကို ထိခိုက်စေနိုင်

By Pentapostagma
02 July 2021
တရုတ်တွင် အလုပ်ချိန်နာရီ ရှည်ကြာမှုအပေါ် လူငယ်များ ဆန့်ကျင်နေခြင်းက စီးပွားရေးတိုးတက်မှုကို ထိခိုက်စေနိုင်

တရုတ်တွင် မနက် ၉ နာရီမှ ည ၉ နာရီအထိ၊ တစ်ပတ်ကို ခြောက်ရက် အလုပ်လုပ်ကိုင်ရသည့် ‘၉-၉-၆’ ဟု လူသိများသော အလုပ်လုပ်ကိုင်ရမှု ထုံးတမ်းဓလေ့က ပြီးခဲ့သည့် ဆယ်စုနှစ်များစွာအကြာအတွင်း နိုင်ငံစီးပွားရေးတိုးတက်မှုကို တွန်းအားပေးလှုံ့ဆော်ခဲ့သည်။

‘၉-၉-၆’ အရ အလုပ်သမားများသည် တစ်နေ့လျင် ၁၂ နာရီ အလုပ်လုပ်ကြရမည်ဟု အဓိပ္ပါယ်ထွက်သော်လည်း ၎င်းတို့သည် မကြာခဏဆိုသလို ၁၆ နာရီကြာအထိ အလုပ်လုပ်ကိုင်နေခဲ့ကြရသည်။

အစိုးရ၏ စည်းမျဥ်းများက တစ်နေ့လျင် အလုပ်ချိန် ၈ နာရီအဖြစ် အကြံပြုထောက်ခံထားသော်ငြား ကော်ပိုရိတ်ကုမ္ပဏီများရှိ တရုတ်အလုပ်သမား၀န်ထမ်းများသည် ၁၂ နာရီကနေ ၁၆ နာရီအထိ

အလုပ်လုပ်ကိုင်ကြရသည်။ ယင်းနာရီများအတိုင်း မလုပ်ပါက ၎င်းတို့သည့် ပရော်ဖက်ရှင်နယ် မဆန်သူများ သို့မဟုတ် အလုပ်တွင် နှစ်မြှုပ်ထားခြင်း မရှိသူများအဖြစ် ခေါ်ဝေါ်ခံကြရသည်။

သို့သော် ယခုအခါ ယင်းအပေါ် ဆန့်ကျင်မှုတစ်ခု ရှိနေပြီ ဖြစ်သည်။ လူငယ် မျိုးဆက်များ၊ အထူးသဖြင့် millennials များအဖြစ် သိကြသည့် လူငယ်များသည် တရုတ်၏ ‘၉-၉-၆’ ပုံစံကို လက်မခံဘဲ ပယ်ချထားခဲ့ကြပြီး ထို ‘၉-၉-၆’ နေထိုင်မှုပုံစံက လူတို့ကို အသက်သေစေသည်အထိ ဦးတည်စေကြောင်း ပြောဆိုရင်း “lying flat” ဟု ခေါ်သည့် ကမ်ပိန်းတစ်ခုကနေတဆင့် လူမှုဆိုင်ရာ ဆန့်ကျင်ပုန်ကန်မှုတစ်ခုကို လုပ်ဆောင်ထားကြသည်။

လက်ရှိ ဖြစ်ပွားဆဲ အဆိုပါ လားရာက လူ့စွမ်းအားဆိုင်ရာ ရရှိအသုံးပြုနိုင်မှုအပေါ် ထိခိုက်စေနိုင်သလို နိုင်ငံတွင် သက်ကြီးလူဦးရေ များပြားမှု ပြဿနာ ရှိနေစဥ် စီးပွားရေးဆိုင်ရာ ထိခိုက်သက်‌ရောက်မှုများကိုလည်း ရှိစေနိုင်သည်။

ထို့ပြင် တရုတ်နည်းပညာကုမ္ပဏီများသည် စောင့်ကြည့်ထောက်လှမ်းမှု နည်းလမ်းများ သုံးပြီး ယင်းတို့၏ အလုပ်သမား၀န်ထမ်းများကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြောင်း သိရှိထားရသည်။ ဒိုင်စန်းကျီယန်း သို့မဟုတ် “တတိယမျက်လုံး” ဟု ခေါ်သည့် ဆော့ဝဲတစ်ခုကို ၀န်ထမ်းအလုပ်သမား၏ လက်ပ်တော့များတွင် လျို့ဝှက် တပ်ဆင်ထားရာ ယင်းသည် အလုပ်သမား၀န်ထမ်းများ၏ အွန်လိုင်းရှာဖွေကြည့်ရှုမှုများ၊ စကားပြောဆိုမှုများ၊ စာရွက်စာတမ်းများ သို့မဟုတ် ၎င်းတို့ ၀င်ကြည့်နေသည့် ၀က်ဘ်ဆိုဒ်များနှင့်ပတ်သက်သည့် ဒေတာအချက်အလက်များကို အချိန်နှင့်တပြေးညီ ပေးပို့ပေးသည်။

စောင့်ကြည့်ထောက်လှမ်းခြင်းအပြင် အလုပ်သမား၀န်ထမ်းများ၏ ရာထူးတိုးမှုများ သို့မဟုတ် လစာများအပေါ် ဟန့်တားရန် သို့မဟုတ် ယုတ်စွအဆုံး ၎င်းတို့ကို အလုပ်မှထုတ်ပယ်ရန်အတွက်လည်း ဆော့ဝဲကနေ ရရှိသည့် အချက်အလက်များကို အသုံးပြုသည်။

ကျောင်းဒူအန်တုံးအမည်ရ ဆော့ဝဲကုမ္ပဏီတစ်ခုဆိုလျင် ယင်း၏ ၀န်ထမ်းများ (အပြင်ထွက် သွားလာလုပ်ကိုင်ကြရသူများ ဖြစ်ကောင်းဖြစ်နိုင်) ကို ၎င်းတို့ သတ်မှတ်တည်နေရာတစ်ခုသို့ ရောက်သည့်အခါတိုင်း ၎င်းတို့ ဘေးပတ်၀န်းကျင်နေရာများကို ဓာတ်ပုံရိုက်ပြီး တင်ရန် ခိုင်းစေထားခဲ့ကြောင်း သိရသည်။ ယုတ်စွအဆုံး ၀န်ထမ်းများ ဆိုရှယ်မီဒီယာကို

အချိန်ဘယ်လောက်ယူပြီး သုံးနေသလဲ သို့မဟုတ် အိမ်သာ၀င်နေသလား ဆိုသည်ကိုပင် ထောက်လှမ်းသည့် ကုမ္ပဏီများပင် ရှိနေသည်။

“ဒီလို စနစ်မျိုးတွေက ၀န်ထမ်းတွေကို ကြောက်လန့်စေပါတယ်၊ သူတို့ဟာ သူတို့ရဲ့ အလုပ်ချိန် ၁၂ နာရီ အဆိုင်းတစ်လျှောက်လုံး စောင့်ကြည့်ခံနေရတယ်ဆိုတာကို သိကြပါတယ်၊ ၉-၉-၆ ပုံစံက အကြောက်တရားနဲ့ နေထိုင်ရတာမျိုး မဟုတ်ရင်တောင် တော်တော့်ကို စိတ်မချမ်းမြေ့စရာ ဖြစ်နေခဲ့ပါတယ်” ဟု ပေကျင်းအခြေစိုက် ၀န်ထမ်းတစ်ဦးဖြစ်သည့် ကျန်းယီက ပြောသည်။

တရုတ်၏ ဂဏန်းနှစ်လုံး တိုးတက်မှုနှုန်းနှင့် နိုင်ငံအချို့ကို ကျော်တက်ပြီး အချိန်တိုအတွင်း ကမ္ဘာ့ဒုတိယအင်အားအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာခဲ့မှုကလည်း နိုင်ငံတွင် လုပ်သားအင်အား ပိုလျှံပေါများလွန်းမှုကြောင့် ဖြစ်ခဲ့နိုင်ပြီး ယင်းသည် စက်ရုံအလုပ်ရုံများ၌ သာမန်ထက် လွန်ကဲစွာ ခေါင်းပုံဖြတ်ခံရသည့် အလုပ်သမားများ ဖြစ်မည်ဟု ဆိုနိုင်သည်။ ထို့ပြင် ယခုအချိန်တွင်လည်း ထို ဦးတည်ရာ လားရာသည် Alibaba နှင့် Huawei ကဲ့သို့ ပုဂ္ဂလိကကုမ္ပဏီကြီးများတွင်လည်း ဆက်ဖြစ်နေသည်။

တရုတ်တွင် စိတ်ဓာတ်တက်ကြွစေရန် စေ့ဆော်နိုင်သူ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည့် Alibaba တည်ထောင်သူ ဂျက်မား ဆိုလျင်လည်း ‘၉-၉-၆’ အလေ့အထကို “ကောင်းကျိုး၊ ၀မ်းသာစရာ” တစ်ခုအဖြစ် ထောက်ခံခဲ့သူ ဖြစ်သည်။ အလုပ်လုပ်ချိန် နာရီ ပိုမိုရှည်လျားမှုက ဆုလာဘ်များ ရရှိစေလိမ့်မည်ဟု ၎င်းက ပြောခဲ့သည်။

သို့သော် ၎င်း၏ မှတ်ချက်စကားများမှာ ဝေဖန်မှုနှင့် ကြုံခဲ့ရသည်။ လူငယ်များတွင် တရုတ်နိုင်ငံကို ကမ္ဘာ့ဦးဆောင်သူနိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန် စိတ်အာရုံ ပျောက်ဆုံးနေခဲ့ပြီ ဖြစ်ပြီး ယင်းအတွက်ကြောင့် ၎င်းတို့သည် ယခုအခါ ‘၉-၉-၆’ လုပ်ငန်းခွင်အလေ့အထကို စတင် ဆန့်ကျင်တော်လှန်နေခဲ့ကြပြီဟု တရုတ် စျေးကွက်သုတေသနဂရု(ပ်)မှ ရှာအန် ရီအင်းက ပြောသွားခဲ့သည်။

“အသက်ငယ်ရွယ်တဲ့ တရုတ်နိုင်ငံသားတွေဟာ ခုချိန်မှာဆိုရင် နိုင်ငံစုံ အခြေစိုက် ကုမ္ပဏီတစ်ခုခု ဒါမှမဟုတ် စက်ရုံတစ်ခုခုအတွက် ရှည်ကြာတဲ့ အလုပ်ချိန်နာရီတွေအောက်မှာ ပင်ပင်ပန်းပန်း လုပ်ကိုင်ချင်စိတ် မရှိကြတော့သလို ယုတ်စွအဆုံး ဂျက်မား လိုမျိုး တရုတ်ဘီလျံနာတစ်ဦးအတွက်တောင်မှ အလုပ်လုပ်ပေးချင်စိတ် မရှိကြတော့ပါဘူး၊ သူတို့ ခုဆို စပြီး ဆန့်ကျင်နေကြပါပြီ” ဟု ၎င်းက ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly