ပြန်လည်စိစစ်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ပိုးလမ်းမသစ်စီမံကိန်းများ မသေချာမရေရာဖြစ်နေ

ပြန်လည်စိစစ်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ပိုးလမ်းမသစ်စီမံကိန်းများ မသေချာမရေရာဖြစ်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက လုပ်ငန်းအစီအစဉ်များကို ပြန်လည်ဆန်းစစ် တွက်ချက်ပြီး ကုန်ကျစရိတ်များကို လျှော့ချလိုက်ခြင်းကြောင့် ယင်းနိုင်ငံတွင် ပါဝင်မည့် ပိုးလမ်းသစ်စီမံကိန်း အခြေခံ အဆောက်အဦကဏ္ဍအတွက် သုံးစွဲမည့် ငွေများကို တရုတ်က ပြန်လည် ရုပ်သိမ်းလိုက်သည်။

အနည်းဆုံးရထားလမ်းစီမံကိန်း ၂ခုသည် ယခုအခါမသေချာမရေရာဖြစ်နေပြီး တခြားတစ်ခုမှာလည်း မသေချာတော့ပေ။

၂၀၁၆ခုနှစ်က တရုတ်သမ္မတရှီကျင့်ဖျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော်သို့ လာရောက်လည်ပတ်စဉ်အတွင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည့် စီမံကိန်းများစွာအနက် ၃ ခုသည် တရုတ်၏ လက်တွန့်နေမှုများ ကြောင့် နှောင့်နှေးနေရသည်။

အခြေခံအဆောက်အဦစီမံကိန်းများစွာကို ပြန်လည်ဆန်းစစ်ထားသည့် အစီရင်ခံစာများ အောက်တိုဘာလတွင် ထွက်ပေါ်လာပြီး နောက် ဝန်ကြီးချုပ်ရုံးက ရထားလမ်းစီမံကိန်းအတွက် ကုန်ကျစရိတ်ကို လျှော့ချရန် အဆိုပြုခဲ့သည်။

ဂျိုင်းဒဘ်ဘာ-အက်ဝါဒီ နှစ်လမ်းတွဲ မီးရထားလမ်းအတွက် ဒေါ်လာ ၁ ဒသမ ဝ၄၅ ဘီလီယံခန့် ကုန်ကျစရိတ်ကို ၁၂ ဒသမ ၉၁ ရာခိုင်နှုန်းအထိ လျော့ချရန်မျှော်မှန်းထားပြီး အက်ခ်ဟော်ရာ-ဆယ်ဟက်ထ် နှစ်လမ်းတွဲရထားလမ်းအတွက် ဒေါ်လာ ၁ ဒသမ ၂၇၂ ဘီလီယံဘတ်ဂျက်ကို ၂၀ ဒသမ ၈ ရာခိုင်နှုန်း လျှော့ချမည်ဖြစ်သည်။ စုစုပေါင်း လျော့ချစုဆောင်းငွေသည် ဒေါ်လာ ၅၇၂ သန်းနီးပါး ရှိလိမ့်မည်ဖြစ်သည်။

တရုတ်အစိုးရက တုံ့ပြန်သည့်အနေဖြင့် ဂျိုင်းဒဘ်ဘာ-အက်ဝါဒီ နှစ်လမ်းတွဲ မီးရထားလမ်းအတွက် ငွေကြေးမထောက်ပံ့တော့ကြောင်းနှင့် အက်ခ်ဟော်ရာ-ဆယ်ဟက်ထ်နှစ်လမ်းတွဲရထားလမ်းအတွက်လည်း တရုတ်ကန်ထရိုက်တာများက ဆက်မလုပ်ဖြစ်တော့ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ရုံး၏ အမိန့်တွင် အခြားစီမံကိန်းများ၏ ကုန်ကျစရိတ်များကိုလည်း ပြန်လည်သုံးသပ်ရန် ပြောကြားထားပြီး ဒေါ်လာ ၉၀၂ ဒသမ ၃၃ သန်းကုန်ကျမည့် ဂျိုင်းဒဘ်ဘာ-ဂျမာဘာ နှစ်လမ်းတွဲရထားလမ်းမှာမူ အစိုးရ အချင်းချင်းကြား သဘောတူထားခြင်းကြောင့် တရုတ်က ငွေကြေးထောက်ပံ့ပေးဖွယ်ရှိသည်။

တရုတ်နှင့် အစိုးရ အချင်းချင်းကြား သဘောတူထားသော စီမံကိန်းများသည်လည်း ရန်ပုံငွေများ၊ ကန်ထရိုက်တာများ ခန့်အပ်သည့်အခြေအနေများနှင့် စီမံကိန်းကုန်ကျစရိတ် တွက်ချက်မှု လုပ်ငန်းစဉ်များမှာ အလားတူပင် ဖြစ်ကြောင်း မီးရထား အရာရှိများက ပြောကြားခဲ့သည်။

ဂျိုင်းဒဘ်ဘာ-ဂျမာဘာ နှစ်လမ်းတွဲရထားလမ်း၏ ကုန်ကျစရိတ်များကို လျော့ချပါကလည်း တရုတ် ထောက်ပံ့ငွေကို ဆုံးရှုံးသွားနိုင်ဖွယ်ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required