နမ့်ခမ်းတွင် SSPP/SSA ကို ဆန္ဒပြနေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ၁ ဦး သေဆုံး ၃ ဦး ဒဏ်ရာရ

နမ့်ခမ်းတွင် SSPP/SSA ကို ဆန္ဒပြနေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ၁ ဦး သေဆုံး ၃ ဦး ဒဏ်ရာရ

ဇွန် ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ဒေသတွင်း ရှမ်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ခုကို ကန့်ကွက်ဆန္ဒပြမှုဖြစ်ပွားနေခိုက် ဗုံးပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။

 ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)က ဖမ်းဆီးခဲ့သည့် နမ်းခမ်းမြို့နယ်တွင်းရှိ မန်ဆွမ်းကျေးရွာသားတစ်ဦးသေဆုံးသွားခဲ့ပြီးနောက် မကျေနပ်ဖြစ်နေသောဒေသခံများက လက်နက်ကိုင်တပ်ဖွဲ့ကို တနင်္လာနေ့နေ့လည်တွင် ဆန္ဒပြကြသည်။ မြို့တွင်းလှည့်လည်နေစဉ်မှာပင် မီးပွိုင့်တစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ဆန္ဒပြသူများ မီးပွိုင့်နားအရောက်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ဆိုင်ကယ်စီးနင်းလာသောလူနှစ်ဦးကလည်း ဖြတ်သွားချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

"မီးပွိုင့်နားရောက်တော့ ဗုံးလေးချက်လောက်ပေါက်တယ်။ ပေါက်တော့ ဆန္ဒပြနေတဲ့အထဲက မိန်းကလေးနှစ်ယောက်ကိုထိပြီး ဒဏ်ရာရသွားတယ်။ ဆိုင်ကယ်စီးလာတဲ့ထဲက တစ်ယောက်တော့ သေသွားတယ်။ တစ်ယောက်က ဒဏ်ရာ ပြင်းထန်တယ်" ဟု သူက ပြောသည်။

ဆိုင်ကယ်မှောက်လဲသွားချိန်တွင် စီးနင်းလာသူတစ်ဦးထံမှ သေနတ်တစ်လက်လွင့်ကျလာခဲ့သည်ကို တွေ့မြင်ကြရပြီး ဒဏ်ရာရရသူများကို လူနာတင်ကားနှင့်ခေါ်ဆောင်သွားသည်ကိုတွေ့ခဲ့ရသည်ဟုဆိုသည်။

ဒေသတွင်း အခြားရှမ်းတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် SSPP/SSA တို့တွင်လည်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေချိန်တွင် သေဆုံးသွားသော မန်ဆွမ်းကျေးရွာသားသည် RCSS/SSA အတွက် အခွန်ကောက်ပေးသူဖြစ်၍ ဖမ်းဆီးခဲ့ကြောင်း SSPP/SSA က ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် RCSS က ၎င်းတို့တပ်ဖွဲ့ဝင်မဟုတ်ကြောင်း ငြင်းဆန်သည်။

မန်ဆွမ်းရွာသားများကတော့ သေဆုံးသူ၏ရုပ်အလောင်းကိုပြန်ပေးရန် ဇွန်လ ၂၇ ရက်နေ့ညက SSPP/SSA ထံတောင်းဆိုရာ စကားအခြေအတင်ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly