စစ်ကောင်စီအဖွဲ့၀င် အနည်းဆုံး ၉ ဦးကျဆုံးဟု ကလေးမြို့တပ်ပေါင်းစု PDF-Kalay ထုတ်ပြန် 

စစ်ကောင်စီအဖွဲ့၀င် အနည်းဆုံး ၉ ဦးကျဆုံးဟု ကလေးမြို့တပ်ပေါင်းစု PDF-Kalay ထုတ်ပြန် 

ဇွန် ၂၇

ကလေးမြို့သို့ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီအား ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့၀င် ကိုးဦးကျဆုံးကြောင်း ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ပေါင်းစု PDF-Kalay မှ ယနေ့ဇွန်လ ၂၇ ရက် ညပိုင်းကထုတ်ပြန်လိုက်သည်။ 

ယနေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်ခန့်တွင် မကွေးတိုင်း၊ဂန့်ဂေါဘက်မှ စစ်ကိုင်းတိုင်း၊ကလေးမြို့ဘက်သို့မောင်းနှင်လာသော စစ်ကောင်စီ မှ ခန့်မှန်းအင်အား ၅၀ ခန့်ပါ၀င်သည့် ကားအစီးရေ ၃ စီးယာဉ်တန်းအား ခွေကြိမ်ရွာနှင့် သံဖိုရွာအကြားတွင် PDF (Kalay) တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အဖွဲ့ဝင် အနည်းဆုံး ၉ ဦး သေဆုံး၍ အများအပြားထိခိုက်ဒဏ်ရာရခဲ့သည်။

အဆိုပါတိုက်ခိုက်မှုတွင် PDF (Kalay) တပ်ဖွဲ့ဝင်များမှ ထိခိုက်ကျဆုံးမှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ယမန်နေ့ ဇွန်လ ၂၆ ရက် နေ့လည် ၁ နာရီဝန်းကျင်အချိန်ခန့်ကလည်း အဆိုပါလမ်းကြောင်းအတိုင်း မောင်းနှင်ခဲ့သည့် ကားအစီးရေ ၂၀ကျော် ပါ၀င်သော အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းအား PDF (Kalay) တပ်ဖွဲ့ဝင်များက နတ်ချောင်း - ချောင်းခွ အကျော် ပန်းမွန်ချောင်းတံတား၏ တောင်ဘက်အနီးဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မိုင်းဆွဲတိုက်ခိုက်မှု‌ကြောင့် စစ်ကောင်စီအဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိနိုင်သော်လည်း အတိအကျမသိရကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့်မေလ ၃၁ ရက်တွင် စစ်အင်အား ၅၀ခန့်ဖြင့် ကလေးမြို့နယ်တောင်ပိုင်းရှိ သာစည်ကျေးရွာသို့ ဝင်ရောက်စီးနင်း၍ ကျေးရွာ‌နေဒေသခံများအား အကြမ်းဖက် ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်အတွင်း ဒေသခံပြည်သူ ၈ ဦးခန့် မတရားဖမ်းဆီးခံခဲ့ရ‌ြပီး ကျေးရွာပြည်သူတို့၏ ပိုက်ဆံ စုစုပေါင်း သိန်း ၅၀ ခန့် လုယက်ခံခဲ့ရကြောင်း သိရသည်။ ထိုသို့အကြမ်းဖက်လုပ်ရပ်ကို တုန့်ပြန်သည့်အနေဖြင့် တပ်ပေါင်းစု PDF (Kalay) တပ်ဖွဲ့ဝင်များသည် သာစည်ရွာအတွင်း ဝင်‌ရောက်တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့ဝင်များအားအဆိုပါနေ့ နံနက် ၉ နာရီအချိန်ခန့်မှ စတင်၍ ပိတ်ဆို့ပစ်ခတ်ခဲ့ရာ နေ့လည် ၁၂ နာရီဝန်းကျင်ခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပြီး PDF (Kalay) ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း PDF(Kalay)၏မေလ ၃၁ ရက်က‌ကြေညာခဲ့သည့်ထုတ်ပြန်ချက်အရသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required