အစိုးရသစ်နှင့် ဆွေးနွေးလျင် ပြည်သူထူထုနှင့် နိုင်ငံတကာ၏ နားလည်စာနာမှု လျော့ကျမသွားရေး သတိချပ်ရန်လိုအပ်

အစိုးရသစ်နှင့် ဆွေးနွေးလျင် ပြည်သူထူထုနှင့် နိုင်ငံတကာ၏ နားလည်စာနာမှု လျော့ကျမသွားရေး သတိချပ်ရန်လိုအပ်
ဒီဇင်ဘာလ ရ ရက် UNFC နှစ်ပတ်လည် မျက်နှာစုံုညီ အစည်းအဝေး။ (ဓာတ်ပုံ- ဖနိဒါ၊ မဇ္ဈိမ)

ချင်းမိုင်၊ ဒီဇင်ဘာ ၇ ။ ။ လူထုခေါင်းဆောင် ဦးဆောင်သော အစိုးရဟူသည့်ပုံရိပ် ကြီးမားနေမည့် အစိုးရသစ်နှင့် ဆွေးနွေးရာ၌ ပြည်သူထူထုနှင့် နိုင်ငံတကာ၏ နားလည်စာနာမှု လျော့ကျမသွားစေရေး သတိချပ်ကြရန် လိုအပ်သည်ဟု UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောသည်။

 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဒီဇင်ဘာလ ၇ ရက်က ပြုလုပ်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေး မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

ဗိုလ်ချုပ်ကြီး အင်ဘာလ က “နောင်ဆွေးနွေးပွဲတက်လာမည့် အစိုးရဟာ စစ်တပ်အခန်းကဏ္ဍ ဆက်လက်ကြီးမားနေမည့် အစိုးဖြစ်သော်လည်း ရွေးချယ်ခံအဖွဲ့အစည်း၊ လူထုခေါင်းဆောင်ဦးဆောင်တဲ့ အစိုးရဆိုတဲ့ ပုံရိပ်ကြီးမားနေမှာ ဖြစ်တဲ့ အတွက် ဆွေးနွေးညှိနှိုင်းမှုဖြစ်စဉ်တွေမှာ မိမိတို့ EAOs ဖက်မှ မဟာဗျူဟာ၊ နည်းဗျူဟာကျကျ မှန်မှန်ကန်ကန် မလုပ်နိုင် ပါက ပြည်သူထူထုနှင့် နိုင်ငံတကာရဲ့ နားလည်စာနာမှု လျော့ကျသွားနိုင်သည့် အခြေအနေရှိလာနိုင်တယ်ဆိုတာကိုလည်း သတိချပ်ဖို့ လိုအပ်ပါတယ်။” ဟု ပြောသည်။

 

ရွေးကောက်ပွဲရလဒ်အပေါ် အခြေခံ၍ တက်လာမည့် အစိုးရအသစ်သည် ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ခံအဖွဲ့နှင့် စစ်တပ်တို့ အာဏာခွဲဝေရယူထားသည့် အစိုးရဖြစ်လာပြီး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နောင် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် အခြေခံမတူညီသည့် အုပ်စု (၂) ခုပေါင်းထားသည့် အစုအဖွဲ့ ဆွေးနွေးဖက်အဖြစ် ရင်ဆိုင်ကြရမည်ဟုလည်း သတိပေးထားသည်။

 

လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရသည် ပြည်သူလူထုနှင့် နိုင်ငံတကာ၌ စစ်တပ်အခြေခံ အစိုးရအဖြစ် အဆိုးမြင် ခံရသည့်အဖွဲ့ ဖြစ်ခြင်းကြောင့် ဆွေးနွေးပွဲနှင့် ပဋိပက္ခတိုက်ပွဲဖြစ်စဉ်တို့တွင် မိမိတို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖက်မှ စာနာမှု၊ နားလည်မှုကို ရရှိပြီး တစုံတရာ အားသာမှု ရှိခဲ့သည်ဟု ထည့်သွင်းပြောကြားထားသည်။

 

UNFC အနေဖြင့် လက်ရှိ အခြေအနေအပေါ် အခြေခံ၍ အနာဂတ် တိုင်းရင်းသားများ၏ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် လက်တွေ့ကျကျ ထိန်းကျောင်းတည့်မတ်မှု ပေးနိုင်သည့့်် အဖွဲ့အစည်းဖြစ်ရေး ပြင်ဆင်ထားရန် လိုအပ်သည်ဟု ဆိုသည်။

 

UNFC တိုင်းရင်းသားကိုယ်စားလှယ် ၃၀ ကျော် တွေ့ဆုံဆွေးနွေးနေသည့် (UNFC) ၏ နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေး၌ UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

 

ကျင်းပနေသည့် နှစ်ပတ်လည် အစည်းအဝေး၌ ရွေးကောက်ပွဲအလွန် နိုင်ငံရေး အပြောင်းအလဲနှင့် ကိုက်ညီစေရန် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန်နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှုကြမ်း (NCA) အား ပြန်လည်ဆွေးနွေး သုံးသပ်ရန်လည်း ရှိသည်ဟု UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

 

“NCA ကိစ္စဆိုရင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဖြစ်ပေါ်နိုင်ရေးပေါ့ဗျာ။ ဒါပေမဲ့ ၈ ဖွဲ့နဲ့ဘဲ အပစ်ရပ်ထားတယ်။ အဲဒီ ၈ ဖွဲ့နဲ့ဘဲ ရှေ့လုပ်ငန်းစဉ်တွေကို ဆက်ပြီး လုပ်ဆောင်နေတဲ့ အနေအထားပေါ့နော်။ အစိုးရဘက်က အဲဒီ ၈ ဖွဲ့နဲ့ဘဲ မူဘောင် တွေ ညှိမယ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်မယ်၊ လုပ်ဖို့ ကြားနေရတယ်။ ဒီအင်အားစုနဲ့ဘဲ လုပ်ရင် ကျနော်တို့ ရည်ရွယ် ထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ၊ နိုင်ငံရေး ပြဿနာ အားလုံး ပြေလည်ရေးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီအပေါ်မှာ ဘယ်လို သုံးသပ်မလဲ။ အဲဒီလိုလုပ်နေတဲ့ အပေါ်မှာ အစိုးရရဲ့ မူလ ပင်ရင်း အခြေခံသဘောထား၊ ဘာကြောင့် ဘယ်လို ရှိနေလဲဆိုတာ အကဲခတ်ဖို့ပါ။ နောက်တက်လာမဲ့ အစိုးရနဲ့  ဒီကိစ္စကို ဆက်လက် လုပ်ဆောင်သွားဖို့ ဆွေးနွေးဖို့လည်း ရှိပါတယ်။” ဟု သူက ပြောသည်။

 

မကြာသေးမီက ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့အား UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားမှုနှင့် ပတ်သက်၍လည်း ထပ်မံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags