အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် စာရေးဆရာမ မတူးတူးသာ ယနေ့တိုင် မိသားစုနှင့် တွေ့ဆုံခွင့် မရသေး

အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် စာရေးဆရာမ မတူးတူးသာ ယနေ့တိုင် မိသားစုနှင့် တွေ့ဆုံခွင့် မရသေး

ဇွန် ၂၇

အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော စာရေးဆရာမ မတူးတူးသာမှာ ရုံးထုတ်စစ်ဆေးမှု ငါးကြိမ်မြောက်ရှိပြီဖြစ်သော်လည်း မိသားစုနှင့် တွေ့ဆုံခွင့်မရသေးကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးအပြောအရသိရသည်။

“ လူတွေ့ခွင့်က ဖမ်းဆီးခံရတဲ့ နေ့ကနေစပြီး တစ်ခါမှ တွေ့ခွင့်မရဘူး။ ရုံးချိန်းနေ့တိုင်း ရှေ့နေကို ဖုန်းဆက်ပြီးမေးရတယ်။ သူတို့ လိုမယ့်ဟာလေးတွေကို ရှေ့နေနဲ့ တွေ့ပြီး သွားပေးလိုက်တယ်။ရုံးချိန်းရှိတဲ့ နေ့ ညဘက်တွေဆိုရင်တော့ ရှေ့နေဆီကို ဘာထူးလဲဆိုတာ လှမ်းမေးရတယ်” ဟု မိသားစုဝင် တစ်ဦးက ဆိုသည်။

မတူးတူးသာ အပြင် ဖမ်းဆီးခံရချိန်တွင် ပါဝင်သည့် မောင်ဖြစ်သူ ကိုရဲနှောင်း၊ သားဖြစ်သူ မောင်ဉာဏ်လူသစ်နှင့် သားဖြစ်သူ၏ သူငယ်ချင်း မောင်သီဟစိုးတို့ မှာလည်း ယနေ့အချိန်အထိ မိသားစုနှင့် တွေ့ဆုံ ဆက်သွယ်ခွင့် မရရှိသေးပေ။

မတူးတူးသာအား စွဲဆိုထားသည့် ပုဒ်မ ၅၀၅(က)အမှုအတွက် ငါးကြိမ်မြောက်ရုံးချိန်းကို  ဇွန် ၂၃ ရက်၌ တရားလို စစ်ဆေးရန် ချိန်းဆိုထားသော်လည်း မစစ်ဆေးဖြစ်ဘဲ ဇူလိုင် ၇ ရက်သို့ ပြန်လည် ချိန်းဆိုထားသည်။

သန်လျှင်မြို့နယ်အတွင်း နေထိုင်သည့် မတူးတူးသာကို ဧပြီ ၂၄ ရက် ညပိုင်းက သံသယဖြစ်စေသည်ဟုဆိုကာ ဧည့်စာရင်းဝင်စစ်ဆေးရာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သူမနှင့်အတူ မောင်ဖြစ်သူ ကိုရဲနှောင်း သားဖြစ်သူ မောင်ဉာဏ်လူသစ်နှင့် သူငယ်ချင်းဖြစ်သူ မောင်သီဟစိုးတို့ပါ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။

သူမသည် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားတို့၏သားသမီးများနှင့် ပတ်သက်သည့်ပညာရေးနှင့် ၎င်းတို့ကို ပညာသင်ကြားပေးနေသော ဆရာများ၏အကြောင်းကို ပုံဖော်ရေးသားထားသော “အဖေ့ကျောင်း” အမည်ရှိ လုံးချင်း ဝတ္ထုစာအုပ်ကို ရေးသားထုတ်ဝေခဲ့သူ ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly