သေနတ် ၁ ချက်ထိမှန်ထားသူကို မိသားစုရှေ့မှာပင် ပစ်သတ်

သေနတ် ၁ ချက်ထိမှန်ထားသူကို မိသားစုရှေ့မှာပင် ပစ်သတ်

ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ထီးချိုင့်မြို့က အရပ်သားတစ်ဦးဖြစ်တဲ့ ကိုနေလင်းအောင်ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက နေအိမ်ခြံဝန်းအတွင်း မိသားစုရှေ့ မှာပင် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ 

ဇွန်လ ၂၃ ရက်၊ ည၈ နာရီ မိနစ် ၂၀ ခန့်မှာ ထီးချိုင့်မြို့ ၊အမှတ် ၂ ရပ်ကွက် မြို့ရှောင်လမ်းမကြီးနဘေးတွင်နေထိုင်သူ အသက်၄၀ အရွယ် ကိုနေလင်းအောင်ကို ပြည်သူ့ကာကွယ်ရေးတပ် - PDF ခေါင်းဆောင်လို့စွပ်စွဲပြီး စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော်လောက်ကစစ်ကားအကြီးတစ်စီးနဲ့ လာရောက်ဖမ်းဆီးရင်း ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဇနီးဖြစ်သူ မဇာဖြူသိမ့်က မဇ္စျိမကိုပြောပါတယ်။

“ကျွန်မတို့မိသားစုတွေ ထမင်းစားနေတုန်း၊ စစ်ကားအကြီးတစ်စီးထိုရပ်ပြီး သေနတ်တွေပစ်ဖောက်ကြတယ်၊ မင်းအိမ်ထဲမှာရှိတာသိတယ်၊ ထွက်လာခဲ့ဆိုပြီး အော်ဟစ်ဆဲဆိုပြီး လုပ်တော့ ကျွန်မအမျိုးသားက ပြားတင်းပေါက်ကနေ ခုန်ချပြီးပြေးတာ၊ အဲ့တာကို မင်းဘယ်လောက်ပြေးနိုင်မလဲဆိုပြီး မင်းပြေးရင်မင်းမိသားစုကို ပစ်သတ်လိုက်မယ်ဆိုပြီး သူ့ကိုဝိုင်းပြီးပစ်ကြတာ အချက် ၄၀ လောက်ရှိတယ်” လို့ ဇနီးဖြစ်သူက မျက်မြင်ကြုံခဲ့ရတာကို ပြောပြပါတယ်။ 

ဇနီးသည် သားနှစ်ဦးနဲ့ မိခင်ဖြစ်သူကို ဓါးစားခံအဖြစ်ဒူးထောက်ခိုင်းထားကာ ကန်ကြောက်ရိုက်နှက်ခဲ့တယ်လို့လဲ မဇာဖြူသိမ့်ကဆိုပါတယ်။ ခြံဝန်းအတွင်းက ဆက်သွားဖူးခြုံထဲမှာ ခါးအောက်ပိုင်းကို သေနတ်ထိမှန်ထားတဲ့ ကိုနေလင်းအောင်ကို အခြားစစ်ကောင်စီတပ်သားတွေက အနီးကပ်သွားရောက်ပြီး နှလုံးတည့်တည့်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သူမကပြောပါတယ်။ 

“ကျွန်မတို့ကို သတ်ပစ်ဆိုတဲ့ အသံကြားလို့ထင်တယ်၊ သူဆက်မပြေးတော့ပဲ ခြုံထဲမှာပုန်းနေရာကနေအထ၊ဆက်တိုက်ပစ်လိုက်ကြတာရှင် ကျွန်မတို့ရှေ့မှာပဲ အဲ့မှာ ထိသွားတယ်ဆိုပြီး စစ်သားတွေက အဲ့ခြုံနားကို ပြေးသွားကြတယ်၊ ခနနေတော့ သေနတ်သံနှစ်ချက် ထပ်ကြားလိုက်တယ်” လို့သူမကဆိုပါတယ်။ 

အဲ့ဒီနောက်မှာ ကိုနေလင်းအောင်ကို ကားပေါ်ကိုတင်ပြီး စစ်ကောင်စီတပ်သားတွေက ခေါ်ဆောင်သွားကာ ၊ မနက်လင်းတဲ့ အခါ ထီးချိုင့်ဆေးရုံကို လိုက်ခဲ့ဖို့ စစ်သားတွေထဲ ခေါင်းဆောင်ဖြစ်သူတစ်ဦးက မဇာဖြူသိမ့်ကို မှာခဲ့ကြောင်းပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ ဓာတ်ဆီရောင်းတဲ့ ကိုနေလင်းအောင်တို့အိမ်ထဲကို ဝင်ရောက်ရှာဖွေ တာတွေပြုလုပ်ခဲ့ပေမယ့် လက်နက်တစ်စုံတစ်ရာ တွေ့တာမျိုးမရှိဘူးလို့ အသက် ၄၀ အရွယ်ဇနီးဖြစ်သူက ပြောပါတယ်။ 

ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ထီးချိုင့်မြို့ဆေးရုံကြီးကို မိသားစုတွေလိုက်သွားတဲ့အခါ သားနှစ်ယောက်အဖေ ကိုနေလင်းအောင်ကို ခါးကျည်မှန်ဒဏ်ရာတစ်ချက်၊ နှလုံးတည့်တည့် ကျည်မှန်ဒဏ်ရာတစ်ချက်နဲ့အတူ သေဆုံးနေတာကိုတွေ့ခဲ့ရတာပါ။ အဲ့ဒီနေ့မှာပဲ ရုပ်အလောင်းကို ပြန်သယ်ယူပြီး ကိုနေလင်းအောင်ကို သဂြိုလ်ခဲ့ရတယ်လို့ သိရပါတယ်။ 

အိမ်ထောင်သက် ၁၉ နှစ်ကျော်ရှိပြီဖြစ်တဲ့ ကိုနေလင်းအောင်တို့မိသားစုမှာ အသက်၈ နှစ်အရွယ် မောင်မြတ်မင်းဟိန်းနဲ့ အသက် ၁၈ နှစ် မောင်ထွဋ်ခေါင် ဆိုတဲ့ သားနှစ်ဦးရှိတယ်လို့ သိရပါတယ်။ 

“ခုလို အိမ်ထောင်ဦးစီးတစ်ယောက်ဆုံးရှုံးသွားရတာဟာ ဘယ်လိုမှတန်ဖိုးမဖြတ်နိုင်အောင်ပါပဲ၊ သူသေသွားရတာလဲ ကျွန်မတို့ခြံဝန်းထဲတင်ဆိုတော့ ကျွန်မရင်ထဲဘယ်လိုမှမကျေနပ်နိုင်ဘူး၊ လူတစ်ဘက်သားကို ကြက်ကလေး၊ ငှက်ကလေးလိုသတ်လိုက်ကြတာ၊ သူတို့အလှည့်ရောက်ရင်လဲ ပြုံးပြုံးကြီး ခံကြပါလို့ပြောချင်တယ်” လို့  ဇနီးသည်ဖြစ်သူကဆိုပါတယ်။ 

စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၈၈၀  ဦး ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း -AAPP ကမနေ့က ဇွန်လ ၂၄ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly