မြန်မာစစ်အုပ်စုအပေါ် အရေးယူဒဏ်ခတ်ရေး သြစတြေးလျအစိုးရကို လွှတ်တော်အမတ်များ ဖိအားပေး

မြန်မာစစ်အုပ်စုအပေါ် အရေးယူဒဏ်ခတ်ရေး သြစတြေးလျအစိုးရကို လွှတ်တော်အမတ်များ ဖိအားပေး

ဇွန် ၂၄

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်များအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ပြီး ပိုမိုတင်းမာစွာ တုံ့ပြန်ဆက်ဆံရေးအတွက် ၀န်ကြီးချုပ် မော်ရစ်ဆင်ဦးဆောင်သော သြစတြေးလျအစိုးရအပေါ် သြစတြေးလျလွှတ်တော်အမတ်များက ဖိအားပေးထားကြောင်း သိရသည်။

ထို့ပြင် သြစတြေးလျနိုင်ငံတွင် ဆက်လက်နေထိုင်လိုသည့် မြန်မာနိုင်ငံသားများကိုလည်း အမြဲတမ်းနေထိုင်ခွင့် အစိုးရဘက်မှ ကမ်းလှမ်းပေးရေးအတွက်လည်း အဆိုပါ သြစတြေးလျအမတ်များက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စုက ဆန္ဒပြမှုများအပေါ် အကြမ်းဖက်ဖြိုခွင်းခဲ့ရာ အရပ်သား ရာပေါင်းများစွာ အသက်ဆုံးရှုံးထားခဲ့ရသည်။

သို့သော် သြစတြေးလျအစိုးရသည် မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများအပေါ် အရေးယူပိတ်ဆို့မှု ထပ်တိုးချမှတ်ခြင်းကို မလုပ်ဆောင်ဘဲ ရှိနေခဲ့သည်။ အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတကာ ဖိအားပေးမှုကို အများအားဖြင့် အရေးမစိုက်ဘဲ ခုခံထားကြောင်း သြစတြေးလျအစိုးရက ပြောသည်။

ယခုအခါ မြန်မာစစ်အုပ်စုအပေါ် အရေးယူဒဏ်ခတ်မှုများ တိုးချဲ့ချမှတ်ရေးအတွက် လစ်ဘရယ်၊ နေရှယ်နယ်၊ လေဘာ နှင့် ဂရင်းစ် ပါတီတို့မှ အမတ်များက ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာသစ်တစ်ရပ်တွင် သြစတြေးလျအစိုးရကို တိုက်တွန်းဖိအားပေးထားသည်။

သြစတြေးလျအစိုးရအနေဖြင့် မြန်မာစစ်တပ် အကြီးတန်းအရာရှိများနှင့် စစ်တပ်နှင့် ဆက်စပ်လုပ်ငန်းများအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှု ချမှတ်ရန် ထပ်မံ စဥ်းစားသင့်ကြောင်း၊  အဆိုပါ စစ်တပ်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို ဖယ်ရှားပြီး ဆန္ဒပြပွဲများအပေါ် အကြမ်းဖက်ဖြိုခွင်းထားကြောင်း အများသဘောတူညီမှုရထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အရေးယူပိတ်ဆို့ရာတွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် တို့ကဲ့သို့ လုပ်ငန်းများကိုလည်း ထည့်သွင်းသင့်ကြောင်း နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပါလီမန်၏ ပူးတွဲအမြဲတမ်းကော်မတီ၏ ကော်မတီခွဲတစ်ခု၏ ထုတ်ဖော်ချက်အရ သိရသည်။

မြန်မာစစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာ ဖိအားပေးမှု ရှိသော်လည်း သြစတြေးလျအစိုးရသည် မြန်မာစစ်အုပ်စုအပေါ် ထပ်တိုး အရေးယူဒဏ်ခတ်မှုများကို ကြေညာထားခဲ့ခြင်း မရှိပေ။ သြစတြေးလျသည် ၂၀၁၈ ခုနှစ်နောက်ပိုင်း မြန်မာစစ်တပ် အရာရှိကြီးငါးဦးအပေါ် အရေးယူဒဏ်ခတ်ထားမှုများ လုပ်ဆောင်ထားခဲ့သော်လည်း အဆိုပါ အရေးယူထားမှု စာရင်းတွင် လက်ရှိ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် စိုး၀င်းတို့ ပါ၀င်နေခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required