ကုမ္ပဏီ ၂၀ ခန့်  ဖြူဖြူထွေးကြော်ငြာနှင့် လမ်းခွဲ

ကုမ္ပဏီ ၂၀ ခန့်  ဖြူဖြူထွေးကြော်ငြာနှင့် လမ်းခွဲ

ဇွန် ၂၃

ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာထင်ပေါ်ကျော်ကြားသူ Social Influencer တစ်ဦးဖြစ်သည့် ဖြူဖြူထွေးသည် ကင်းမရွာအတွက် အလှူတန်းလုပ်မှုကို တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ခဲ့၍ စားသုံးသူအများသပိတ်မှောက်ရေးလှုံ့ဆော်မှုနှင့်ကြုံရပြီးနောက် ဆမ်ဆောင်း (Samsaung) အပါအဝင် ကုမ္ပဏီအမှတ်တံဆိပ် ၂၀က သူနှင့်ကြော်ငြာမရိုက်တော့ပါဟု ထုတ်ဖော်ပြောဆိုလာကြသည်။ 

Samsaung၊ ရွှေပြည်နန်း၊ Grand Palace Myanmar၊ Centuri Mattress, Rainbow Detergent Myanmar, Blade Dar Lay, T Home Electronics, Vigo Instant Cereal Drink, New V- Rohto၊ Sunday၊ ပန်းလေးမေမေ၊ ဦးကာက ဒေါ်စိန်လက်ဖက်စတဲ့ကုန်အမှတ်တံဆိပ်များပါဝင်သည်ကို ၎င်းတို့ကလူမှုကွန်ရက်တွင် ကြေညာခြင်း သို့မဟုတ် မှတ်ချက်ပြုပြောဆိုခြင်းများမှတဆင့် သိရသည်။ 

ယခုထက်ပိုများသော ကုမ္ပဏီများက ကြော်ငြာရိုက်ကူးမှုရပ်စဲခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းများရှိနိုင်သေးသည်ဟု လှုံ့ဆော်သူများက ပြောသည်။ 

သူမ၏ဖေ့စ်ဘွတ်စာမျက်နှာကိုလိုက်ပါဖတ်ရှု့နေသူ Follower ရှစ်သန်းခွဲကျော်ရှိ ဖြူဖြူထွေးသည် စစ်တပ်က မီးတင်ရှို့သည်ဟု ယုံကြည်ရသော တစ်ရွာလုံးနီးပါး မီးရှို့ခံခဲ့ရသည့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမရွာသားများအတွက် ဇွန်လ ၂၁ ရက်က စောင်နှင့် စားသောက်စရာများ သွားရောက်လှူဒါန်းမှုကို  တိုက်ရိုက် Live ထုတ်လွှင့်ခဲ့သည်။ ကင်းမရွာအတွက် ကူညီကယ်ဆယ်ရေးလုပ်နေသူများ သိုသိုသိပ်သိပ်လုပ်နေရချိန်တွင် ယခုကဲ့သို့ထုတ်လွှင့်မှုပေါ်လာခဲ့ခြင်းဖြစ်သည်။

စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ခြင်းကိစ္စကို တားမြစ်အရေးယူမှုများ စစ်အုပ်စုက လုပ်ဆောင်လျှက်ရှိနေချိန်လည်းဖြစ်သည်။

ထို့နောက် လူမှုကွန်ယက်အသုံးပြုသူများက သူမနှင့် လက်တွဲလုပ်ဆောင်ခဲ့ဖူးသော ကုမ္ပဏီများ၏ လူမှုကွန်ယက်စာမျက်နှာ၊ ပို့စ်တွေ အောက်မှာ ဖြူဖြူထွေးနှင့်လမ်းခွဲရန်၊ ယခင်လုပ်ဆောင်ခဲ့သော ကြော်ငြာများ၊ ပိုစတာများကို ဖျက်ပေးရန်နှင့် မဖျက်ပေးလျှင် ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို သပိတ်မှောက်မည်ဟု ရေးသားလာကြသဖြင့် ကုမ္ပဏီများ၏ကြေညာချက်များထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

" ဖြူဖြူထွေးတင်မကဘူး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြောဆိုတာ ပါဝင်တာ မရှိတဲ့ အခြားအနုပညာရှင်တွေကိုလည်း social punishment လုပ်မယ်" လို့ သပိတ်မှောက်ရေးလှုံ့ဆော်သူတွေက ပြောကြပါတယ်။

စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖြူဖြူထွေးက ဆန့်ကျင်ကန့်ကွက်ပြောဆိုခြင်း၊ ဆန္ဒပြခြင်းတို့မပါဝင်သောကြောင့် အစောပိုင်းကတည်းက စစ်တပ်နှင့်ပင်းသည်ဆိုသော  ဝေဖန်မှုများလည်းကြုံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly