နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၂ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၂ ဇွန် ၂၀၂၁)
ပုံ - ဇွန်လ ၂၂ ရက် ၊ ရန်ကုန်မြို့ မြို့နယ်ပေါင်းစုံမှ ပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် လှိုင်သာယာမြို့နယ်တွင်းရှိ လူပေါင်း ၃၃၄၀၀၀ အတွက် စားနပ်ရိက္ခာများကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ - WFP က ထောက်ပံ့ပေးခဲ့သည်။ 

• တာမွေမြို့နယ်၊ မအူကုန်းလမ်းကျယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအသစ်နေရာတွင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။ 

• ကြည့်မြင်တိုင်မြို့နယ်၊ ဗိုလ်သူရလမ်းမပေါ်ရှိ စစ်အုပ်စုလက်အောက်ခံ ထွေအုပ်ရုံးအား အမည်မသိသူတစ်ဦးက ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ဓားဖြင့် ဝင်ခုတ်ခဲ့ရာ ရုံးညစောင့်တစ်ဦး လက်တွင် ထိခိုက်ခဲ့ပြီးနောက် အခင်းဖြစ်ပွားရာနေရာအနီး တဝိုက်တွင် စစ်အုပ်စုလက်နက်ကိုင်များက လမ်းများပိတ်ဆို့ကာ ဓားဖြင့်ခုတ်ခဲ့သူအား ရှာဖွေခဲ့သော်လည်း ဖမ်းမိခဲ့ခြင်း မရှိပေ။ 

• ရန်ကုန်မြို့ အထင်ကရ ညောင်ပင်လေးစျေးအနီးတွင် မင်္ဂလာတောင်ညွန့် လူငယ်သပိတ်စစ်ကြောင်းနှင့် စမ်းချောင်းမြို့နယ် ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ နေ့လယ် ၁၂ နာရီခန့်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသ ပိတ် ပြုလုပ်ခဲ့သည်။ သပိတ်ပြုလုပ်ပြီးနောက် အဆိုပါအနီးအနားတွင် စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ် ကာ လမ်းသွားလမ်းလာများကိုပါ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် YBS ကားများပေါ်တွင် မြို့ခံလူငယ်များက စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်း ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရန်ကုန်မြို့ပေါ်တွင် ယခင်က ပျောက်နေသည့် စစ်ကားအကြီးများသုံးကာ ကင်းလှည့်မှုများကို မြို့နယ်အနှံ့၌ ပြုလုပ်လျက်ရှိကာ ဆိုင်ကယ်စီးနင်းမှုများသည့် လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံတို့တွင်လည်း ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လျက် ရှိသည်။ 

မန္တလေးတိုင်းဒေသကြီး

• မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၅၄ လမ်းနှင့် ၁၁၁ လမ်းထောင့်ရှိ ဘော်ဒါဆောင်အနီးတစ်ခုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တပ်ဖွဲ့များ ရှိသည့်နေအိမ်အား နံနက် ၇ နာရီခွဲခန့်က စစ်အုပ်စုလက်နက်ကိုင်များက စက်သေနတ်များ၊ ပခုံးထမ်းလောင်ချာ - RPG နှင့် လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေကာ လမ်းအများစုကိုလည်း ပိတ်ဆို့ထားကြောင်း သိရသည်။ စစ်အုပ်စုဘက်က အခင်းဖြစ်ပွားရာနေရာသို့ စက်လက်နက်တပ် ဘရင်းကယ်ရီယာကားများဖြင့်ပါ အင်အားဖြည့်တင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်အုပ်စုဘက်က လက်နက်ကိုင်အချို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ PDF တပ်ဖွဲ့ဘက်က လေးဦး ကျဆုံးကာ ရှစ်ဦး ဖမ်းဆီးခံထားရကြောင်း စစ်အုပ်စုအာဘော် မြဝတီသတင်းဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် မန်း ၅၃ လမ်းပေါ်တွင် စစ်အုပ်စုလက်နက်ကိုင်များအား ပါဂျဲရိုးတစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လိုက်လံဖမ်းဆီးရာ ၁၁၀ လမ်းနှင့် ၅၆ လမ်းထောင့်ရှိ ထရန်စဖော်မာအား ဝင်တိုက်မိခဲ့ရာ ကားပေါ်ပါ လေးဦး သေဆုံးလျက် ဖမ်းမိခဲ့သည်ဟု စစ်အုပ်စုက ထုတ်ပြန်ထားသည်။ သို့သော် PDF ဘက်မှ ခြောက်ဦးဖမ်းဆီးခံရကာ စစ်အုပ်စုဘက်က နှစ်ဦး သေဆုံးထားသည်ဟုလည်း PDF ပြန်ကြားရေးတာဝန်ခံက မီဒီယာများသို့ ပြန်လည်ငြင်းချက်ထုတ် ဖြေဆိုထားသည်။ နှစ်ဖက်ပစ်ခတ်မှုများအတွင်း ဆန်အိတ်ပို့သည့် ပြည်သူ နှစ်ဦး ပစ်ခတ်ခံခဲ့ရကာ တစ်ဦး၏ နောက်ကျောနှင့် လက်တို့တွင် ဒဏ်ရာရရှိခဲ့သည်။ ပစ်ခတ်မှုများအပြီးတွင် စစ်အုပ်စုဘက်က အခင်းဖြစ်ပွားရာ နေရာတစ်ဝိုက်အနီးရှိ လမ်းများအား ပိတ်ဆို့ထားခဲ့ကာ ညနေ ၃ နာရီတွင် ပြန်လည်ဖွင့်ပေးထားသည်ဟု ၄၅ လမ်းနှင့် ၁၀၅ လမ်းတွင် နေထိုင်သူတစ်ဦးက အတည်ပြုပြောဆိုသည်။ 

• မန္တလေးတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်အုပ်စုအကြား ပစ်ခတ်မှုများတွင် ကျောက်ဆည်ခရိုင်ကာကွယ်ရေး တပ်ဖွဲ့ - KDDF က ဝင်ရောက်ကူညီ တိုက်ခိုက်ပေးနေကြောင်း ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း KDDF တပ်ဖွဲ့ဝင် နှစ်ဦး ဖမ်းဆီးခံရကာ သုံးဦးမှာ ဆက်သွယ်၍ မရသေးကြောင်းလည်း ညနေ ၃ နာရီခန့်တွင် ထပ်မံထုတ်ပြန်ထားသည်။ 

• နံနက်ပိုင်းက မန်းမြို့ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား အပြန်အလှန် ပစ်ခတ်မှု များ ဖြစ်ပွားပြီးနောက် ပြည်ကြီးတံခွန် အဆင့်မြင့်ရဲစခန်းနှင့် မဟာအောင်မြေ အမှတ် (၉) ရဲစခန်းအနီးတွင် လက်လုပ်ဗုံး ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကာ လမ်းမတချို့တွင်လည်း ကားတာယာများ မီးရှို့၍ ပိတ်ဆို့မှုများအား ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ချမ်းအေးသာစံမြို့နယ် ၈၄ လမ်းနှင့် ၃၅ လမ်းထောင့် မီးပွိုင့်၊ AGD ဘဏ်အနီး၊ အမရပူမြို့နယ် ကြံ့ခိုင်ရေးရုံး၊ လမ်း ၆၀ နှင့် ၃၂ လမ်းထောင့် မီးပွိုင့်တို့တွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ 

• မန္တလေး PDF တပ်ဖွဲ့ဝင်များအား စစ်အုပ်စုက ပိတ်ဆို့တိုက်ခိုက်နေသည့်အတွက် စစ်အုပ်စုတပ်ဖွဲ့ဝင်များအနီးတွင် ဖောက်ခွဲခြင်း၊ တာယာမီးရှို့ခြင်း၊ လမ်းပိတ်ဆို့ခြင်းများ ပြုလုပ်နေသော်လည်း ဒေသခံများက မှတ်တမ်းဓာတ်ပုံများ ရိုက်ယူနေသည့်အတွက် ယင်းများကို ဖျက်ပေးကြရန် မန္တလေး ပြောက်ကျားအထူးစစ်သည်တပ်ဖွဲ့ - MSTFက မေတ္တာရပ်ခံထားကာ မလိုအပ်ဘဲ အပြင်မထွက်ကြရန်လည်း နှိုးဆော်ထားသည်။ 

• မန်းတပ်ပေါင်းစု သပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုက မန်း မနော်ဟရီဘက်တွင် ပစ်ခတ်မှုများ ပြုလုပ်နေသည့်ကြားကပင် လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ တပ်ပေါင်းစုတွင် စိန်ပန်း၊ မဟာ အောင်မြေလူထု၊ သမဝါယမတက္ကသိုလ်ကျောင်းသား/သူသပိတ်စစ်ကြောင်းတို့ ပါဝင်သည်။ 

• မန်း အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း "သပိတ်စုံ သူပုန်ထ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• ပစ်ခတ်မှုများ ရှိကာ စစ်အုပ်စုဘက်က သံချပ်ကာကားများသုံး၍ ကင်းလှည့်နေသည့်ကြားကပင် မန္တလာတက္ကသိုလ်ကျောင်း သား/သူများ သပိတ်စစ်ကြောင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံးရေးအတွက် ဆန္ဒထုတ် ဖော်ခဲ့ကြသည်။ 

• အမရပူရမြို့နယ်နေ ပြည်သူများကလည်း မြို့နယ်တွင်း လမ်းဘေးများရှိ အုတ်နံရံများတွင် စစ်အုပ်စု ဆန့်ကျင်ကြောင်း စာများအား မှုတ်ဆေးများဖြင့် ရေးကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြသခဲ့ကြသည်။ 

• မန်းလေးပြင်ရပ် သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းကလည်း နေ့စဉ်မပျက် လမ်းပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မန်းအခြေစိုက် တကသသပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုကြောင့် နိုင်ငံသွေးစွန်းနေမှုအား ဖော်ပြသည့်အနေဖြင့် နိုင်ငံ အလံအား မီးရှို့ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန္တလေးတွင် စစ်အုပ်စုဘက်က ၎င်းတို့ တပ်စွဲထားရာ ကျုံးနံဘေးတွင် စက်သေနတ်တင် စစ်ကားနှစ်စီးသာမက အချုပ်ကား များကို အသင့်အနေအထားဖြင့် လုံခြုံရေးယူထားသည့်အပြင် ဆန္ဒပြမှုများမရှိသည့် မြို့ပေါ်ရပ်ကွက်များအထိပင် ကင်းလှည့်မှုများ ပြုလုပ်လျက်ရှိသည်။

ပြင် နေ့လယ် ၂ နာရီခွဲခန့်ကလည်း မန္တလေးတက္ကသိုလ်ဝန်းအတွင်း အင်အားအလုံးအရင်း သုံး၍ ရှာဖွေမှုများ ပြုလုပ်နေကာ ကျောင်းဝင်းအနီးတွင်လည်း ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်၊ ကားနှင့် လမ်းသွား လမ်းလာများကိုလည်း တားဆီးစစ်ဆေးခဲသည်။ 

• ပစ်ခတ်မှုများအပြီး ညနေ ၃ နာရီခန့်တွင် မန္တလေး၌ စစ်အုပ်စုလက်နက်ကိုင်များက မင်းကွန်းသံဃဆေးရုံအပါအဝင် ပုဂ္ဂလိကဆေးရုံအချို့တွင် ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရသူများ လာရောက်ကုသပါက ဖမ်းဆီးရန်အတွက်ဆိုကာ ဝင်ရောက်နေရာယူထားမှုများ ပြုလုပ်လျက်ရှိသည်ဟု မန္တလေးမြို့ခံတစ်ဦးက ညနေ ၃ နာရီခွဲခန့်တွင် အတည်ပြု ပြောဆို သည်။ ထို့ပြင် ပစ်ခတ်မှုများ ရှိခဲ့သည့် အောင်ပင်လယ်ဘက်ရှိ ရပ်ကွက်များအတွင်း အရပ်ဝတ်များဖြင့် လှည့်လည်လုံခြုံရေး ယူထားလျက်ရှိသည်။

• မန္တလေးတွင် ဖြစ်ပွားသည့် ပစ်ခတ်မှုများနှင့် ပတ်သက်၍ "မန္တလေးတွင် အရပ်သားများသေဆုံး၊ ဒဏ်ရာရမှုတို့ ရှိနိုင်သည်ဟူ သော အစောပိုင်းသတင်းများ အပါအဝင် ဆက်လက်ဖြစ်ပွားနေသော ပစ်ခတ်မှုသတင်းများကို မိမိတို့ စောင့်ကြည့်နေပါသည်။ စစ်မက်ရေးရာ တင်းမာလာနေမှုကို စိုးရိမ်ပူပန်မိပြီး အကြမ်းဖက်မှုရပ်တန့်ရန် အရေးပေါ်တောင်းဆိုပါသည်" ဟု ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ယနေ့ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။ 

• မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း မန္တလေးတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများ၊ ခြောက်လှန့်မှုများကို ရပ်တန့်ရန်နှင့် အရပ်သားများအား ကာကွယ်ပေးရန် တောင်းဆိုထားသည်။ 

• မန္တလေး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ပဲခူး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းကာ စစ်အုပ်စုအား တွန်းလှန်တိုက်ခိုက် မည်ဟု မြို့ပြပြောက်ကျားတပ်ဦး - UGRF က ထုတ်ပြန်ထားကာ ပြည်သူများလည်း တက်စွမ်းသည့်ဘက်မှ ကူညီပေးကြရန် တိုက်တွန်းထားသည်။ 

• မန်းစျေးချိုတော်တွင် ဆိုင်ခန်းများမဖွင့်ပါက ပြန်သိမ်းမည်ဟု စစ်အုပ်စုလက်အောက်ခံ စည်ပင်ဌာနက ဖိအားပေးနေသဖြင့် မြေညီထပ်ရှိ ဆိုင်ခန်းအချို့သာ ကုန်ပစ္စည်းအနည်းငယ်ဖြင့် ဖွင့်ထားပြီး အပေါ်ထပ်တိုက်ခန်းများတွင် ဆိုင်ဖွင့်၊ မဖွင့် စစ်ဆေးသည့်အခါ ဆိုင်ဖွင့်ကြောင်းသက်သေခံလက်မှတ်ထိုးရန်အတွက် လူစောင့်သာ ထားရှိကာ ဆိုင်ခန်းအများစု မဖွင့်ဘဲ ပိတ်ထားဆဲ ဖြစ်သည်။ 

• မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ကျေးရွာတွင် စစ်အုပ်စုနောက်ခံ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးမြင့်ကျော်မှာ ဇွန်လ ၁၅ ရက်က မြင်းခြံမြို့ အသွားလမ်းတွင် ဓားခုတ်ခံရပြီးနောက် ယင်းနေ့တွင် စစ်အုပ်စုလက်နက်ကိုင်များက ရွာခံအမျိုးသား ၁၈ ဦးအား ဖမ်းဆီးပြီးနောက် NLD ရပ်ကျေးဥက္ကဋ္ဌသားဖြစ်သူ ကိုချစ်ကို (၃၆ နှစ်) နှင့် ယခင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ အကိုဖြစ်သူ ဦးစိန်ဝင်း (၆၀ နှစ်) တို့မှာ စစ်ကြောရေးတွင် နှိပ်စက်ခံရမှုကြောင့် သေဆုံးခဲ့ကာ ဓားခုတ်မှုဖြစ်ပွားစဉ်က ထိုသူနှစ်ဦးစလုံးမှာ ရွာတွင်း၌ နေထိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ 

• မြင်းခြံတွင် ယနေ့နံနက်ပိုင်းက နန်းမြင့်တောင်ခြေအနီး တိုးဂိတ်တွင် မြို့တွင်းဝင်လာသည့်ကားများအား စစ်အုပ်စုလက် နက်ကိုင်များက တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ မြို့တွင်းလူစည်ကားရာနေရာများ၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• မန္တလေးမြို့တွင် မြို့ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF နှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား ယနေ့နံနက်ပိုင်းက မြို့တွင်းတိုက်ပွဲဖြစ်နေရာ စစ်ရေးအကူအညီပေးရန် အဆင်သင့်ဖြစ်နေကြောင်းနှင့် အရေးပေါ်အစည်းအဝေး လုပ်ဆောင်နေပြီဖြစ်ကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BDF က ထုတ်ပြန်ထားသည်။ 

ဧရာဝတီတိုင်းဒေသကြီး 

• ဓနုဖြူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ လမ်းမတော်လမ်းရှိ စစ်မှုထမ်းဟောင်းနေအိမ်အနီးတွင် ည ၈ နာရီခွဲခန့်က နေအိမ်အတွင်း လက်ပစ်ဗုံး ပစ်သွင်းခံရမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်းနှင့် ပေါက်ကွဲမှုအပြီး လက်နက်ကိုင်စစ်သားများ ရောက်လာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

• ဝါးခယ်မမြို့နယ်တွင်းရှိ ကျေးရွာအချို့တွင် စစ်အုပ်စုကျေးရွာအုပ်ချုပ်ရေးမှူးက ရွာခံများအား မဲနှိုက်၍ စစ်သားစုဆောင်းပေးမှုများ ပြုလုပ်နေပြီး မဲပေါက်သော်လည်း မသွားလိုသူများထံမှ ငွေကျပ် နှစ်သိန်းခွဲမှ သုံးသိန်းအထိ တောင်းခံမှုများ ရှိနေသည်ဟု သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• မြောင်မြို့နယ် ကူတို့ကုန်းနှင့် လှေတင်ဦးကျေးရွာအကြားတွင် ယမန်နေ့ညပိုင်း ၉ နာရီခွဲခန့်က ကင်းလှည့်နေသည့် စစ်အုပ်စုယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် တစ်ဦး သေဆုံးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုထားသည်။ 

• ကလေးမြို့တွင် ပစ်ခတ်မှုနှင့် ကိုဗစ်-၁၉ ကူးစက်မှုများ ရှိနေသည့်ကြားကပင် ဒေသခံလူငယ်များက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• စစ်အုပ်စုအကျိုးစီးပွားကို ပံ့ပိုးနေသည့် သယံဇာတရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းများတွင် မပါဝင်ကြရန် စစ်ကိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ - SPDF က မေတ္တာရပ်ခံ သတိပေးစာ ထုတ်ပြန်ထားသည်။ 

• မုံရွာမြို့နယ် လယ်ဇင်ရွာတွင် ယမန်နေ့ညပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်စီးနင်းကာ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ဖမ်းခံရသူများအနက် အသက် ၃၀ အရွယ် ကိုဇေယျာလင်းမှာ သေဆုံးသွားသည့်အတွက် ယနေ့နံနက်ပိုင်း တွင် အလောင်းလာထုတ်ရန် မိသားစုထံ ဆက်သွယ်ထားသည်ဟု သိရသည်။ 

• မုံရွာမြို့၊ ချင်းတွင်းရတနာစျေးအနီးတွင် ယနေ့ နေ့လယ်ပိုင်းက စစ်အုပ်စုလက်နက်ကိုင်များဘက်က ပစ်ခတ်မှုအချို့ လုပ်ခဲ့ သည်ဟု သိရပြီး မည်သည့်အတွက်ကြောင့် ဖြစ်သည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

• စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်အုပ်စုလက်ချက်ဖြင့် ကျဆုံးခဲ့သည့် ကဗျာဆရာခက်သီ ကွယ်လွန်ခြင်း ၄၅ ရက်မြောက် အဖြစ် ပုလဲကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ၎င်းရေးသားခဲ့သည့် ကဗျာစာသားများအား အဝတ်စနှင့် ဗီနိုင်းများပေါ်တွင်ရေးသားကာ အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့သည်။ 

• ဘုတလင်မြို့နယ်တွင်လည်း သံဃာတော်များ ဦးဆောင်သည့် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း ကျေးရွာများ အတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• ကလေးမြို့အခြေစိုက် စစ်အုပ်စုလက်နက်ကိုင်များက ကားအကြီး နှစ်စီး၊ ကားအသေး သုံးစီးတွင် အင်အားအပြည့် တင်ဆောင်ကာ ယနေ့ညနေ ၃ နဦရီခန့်က ဗိုလ်ချုပ်လမ်းမှတစ်ဆင့် ချင်းတောင်ဘက်သို့ တက်သွားခဲ့ကာ မည်သည့်အ တွက်ကြောင့်ဆိုသည်ကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။

မကွေးတိုင်းဒေသကြီး

• ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာတွင် စစ်အုပ်စုခန့် အုပ်ျုပ်ရေးမှူး ဝင်းမြင့်အောင်မှာ ဇီးတော်ဆည်ရွာအနီး လမင်းဦးထမင်းဆိုင်အနီးတွင် ယမန်နေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်ခံရသည့်အတွက် လက်တွင် ဒဏ်ရာရရှိခဲ့သည်။ ညပိုင်းတွင် ၎င်းဦးဆောင်သည့် ပျူစောထီးအဖွဲ့ဝင်များက ရွာတွင်းရှိ နေအိမ်များအား လေးခွများဖြင့် ဝင်ရောက်ပစ်ခတ်မှုများ ပြန်လည် ပြုလုပ်ခဲ့သည်။ 

• တောင်တွင်းကြီးမြို့နယ်တွင် ပြည်သူများထံမှ မီတာခများ ရရှိရန်အတွက် CDM မလုပ်ထားသည့် လျှပ်စစ်ဝန်ထမ်းများအား စစ်အုပ်စုက ဖိအားပေးခိုင်းစေလျက်ရှိသည်။ 

• မကွေးမြို့နယ်၊ ရွှေကုန်းမြေနေ ပြည်သူများကလည်း "ရွှေမန်းမြို့ကြီး ငြိမ်းချမ်းပါစေ" “PDF များ ဘေးကင်းပါစေ" ဟု ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ပခုက္ကူမြို့ ပင်မသပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းက လမ်းပေါ်တက်လာကာ စစ်အာဏာရှင်စနစ်အလိုမရှိ ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• နတ်မောက်မြို့နေ ပြည်သူများကလည်း "စစ်ကောင်စီ အလိုမရှိ" အပါအဝင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာများ ရေးသားကာ အိမ်တွင်း Paper Strike ပြုလုပ်ခဲ့သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာနေ ပြည်သူများကလည်း ကျေးရွာတွင် ဘုရားစေတီများတွင် ဆီမီးထွန်းဆုတောင်းမှုပြုကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။ 

• လောင်းလုံမြို့နယ်၊ ညင်းမော်ရွာတွင်လည်း ကျေးရွာသပိတ်စစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ ရေဖြူကျေးရွာနေ ပြည်သူများကလည်း သပိတ်စစ်ကြောင်းထွက်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက် သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ထားဝယ်မြို့နေ ပြည်သူများကလည်း ယနေ့နံနက်ပိုင်းတွင် လမ်းများပေါ် ချီတက်၍ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက် သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ ထားဝယ်တောင်ပိုင်း သပိတ်စစ်ကြောင်းကလည်း လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်နေ သပိတ်ခေါင်းဆောင် ကိုအောင်ဝေယံကျော်နှင့် အခြားသူရှစ်ဦး ဖမ်းဆီးပြီးနောက် စစ်အုပ်စုလက်အောက်ခံ တရားရုံးက ပုဒ်မ ၅၀၅ (က) အပါအဝင် လက်နက်မှုများဖြင့်ပါ တရားစွဲပြီးနောက် ၎င်းနှင့် ဖမ်းခံရသူ အချို့အား ထောင်ဒဏ် လေးနှစ်အထိ ချမှတ်လိုက်ကာ အချို့ကိုမူ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်သည်။ မည်သူများအား ထောင်ဒဏ်လေးနှစ်စီ ချမှတ်ထားသည်ကိုမူ သီးခြားအတည်ပြုနိုင်ရန် စုံစမ်းနေဆဲ ဖြစ်သည်။ 

• လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာနေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းထွက် ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ကချင်ပြည်နယ်

• ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ဘွမ်ဘရာကုန်းနှင့် (၂) ရပ်ကွက်ကြားရှိ စစ်တပ်ကုန်းအနီး စာသင်ကျောင်းတွင် ယမန်နေ့ည ၈ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ ၉ နာရီခန့်တွင် စစ်အုပ်စုလက်နက်ကိုင်အများအပြား ရောက်ရှိကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• ဖားကန့်မြို့နယ် ဆယ်ဇင်းမှ တာမခန်မြို့သစ်ဘက်သို့ အိမ်စီးကား လေးစီးဖြင့် ဆင်းလာသည့် စစ်အုပ်စုယာဉ်တန်းအား KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၂၆ တပ်ဖွဲ့ဝင်များက တာမခန်မြို့သစ် မရောက်မီ ကျောက်ဘုံကျေးရွာအဝင်တွင် ယမန်နေ့ နေ့လယ်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကားတစ်စီး မီးလောင်ပျက်စီးခဲ့ကာ စစ်တပ်ဘက်က ရှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်။ ယနေ့နံနက်ပိုင်းကလည်း အင်းတော်ဘက်မှ တာမခန်ဘက်သို့ ထပ်တက်လာသည့် စစ်ကားလေးစီးအား KIA က ထပ်မံတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူများ ရှိကာ စစ်ကားနှစ်စီး မီးလောင်ပျက်စီးသွားခဲ့သည်။ 

• ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်၊ သုခဝတီရိပ်သာလမ်းကြား ရဲဝန်ထမ်းအိမ်ရာအနီးတွင် ယမန်နေ့ည ၉ နာရီခန့်က လူငယ်တစ် ဦးအား စစ်အုပ်စုလက်နက်ကိုင်များက သေနတ်ဖြင့် ပစ်ဖောက် ဖမ်းဆီးသွားကြောင်း သိရသည်။ 

• မိုးမောက်မြို့ရှိ စစ်အုပ်စုလက်အောက်ခံ မြို့နယ်စာရင်းစစ်ရုံးဝန်းအတွင်း ယမန်နေ့ညပိုင်း ၈ နာရီခွဲခန့်က ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် မြို့နယ်စာရင်းစစ်ချုပ်၏ အကိုဖြစ်သူ အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရကာ မည်သည့်အဖွဲ့က ပစ်ခတ်သည်ကိုမူ မသိရသေးပေ။ 

• ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ စစ်အုပ်စုလက်အောက်ခံ ခလရ ၁၃၇ တပ်စခန်းအနီးတွင် ကချင်လွတ်မြောက်ရေးတပ် မတော် - KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တို့ ပူးပေါင်း၍ ယမန်နေ့ည ၈ နာရီခန့်က ဗုံးပစ်ဖောက် သတိပေးမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

• ဖားကန့်၊ ဆိုင်းတောင် (ဆိပ်မူ) တွင် စစ်အုပ်စုလက်နက်ကိုင်များက အင်အားဖြန့်ကာ လုံခြုံရေးယူထားသည့်ကြားကပင် ဒေသခံများက ဆိုင်ကယ်သပိတ် ပြုလုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ဖားကန့်၊ တာမခန်မြို့သစ်နေ ပြည်သူများကလည်း စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် ပြောက်ကျား သပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ ဖားကန့်၊ လုံးခင်းအုပ်စုနေ ပြည်သူများကလည်း စစ်ကျွန်ပညာရေးစနစ်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မိုးညှင်းမြို့နယ်၊ နမ္မားနှင့် ညောင်ကုန်းရွာအကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယမန်နေ့ညနေပိုင်း ၆ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကာ မည်သည့်အဖွဲ့များအကြား ဖြစ်ပွားသည်ကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။ 

• မိုးမောက်မြို့ အ.ထ.ကကျောင်းတွင် နံနက် ၉ နာရီ ကျောင်းတက်ချိ်နတွင် ကျောင်းတက်လက်မှတ်ထိုးသည့် စားပွဲခုံအောက်တွင် မည်သည့်အဖွဲ့က ထောင်ထားမှန်းမသိသည့် မိုင်းနှစ်လုံး ပေါက်ကွဲခဲ့ရာ ဆရာမတစ်ဦးနှင့် ကျောင်းစောင့်သားအဖနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ကယားပြည်နယ်

• ကရင်နီ (ကယား) ပြည်နယ်တွင် စစ်အုပ်စုအာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရသည့်ပြည်သူ ၇၁ ဦးအထိ ရှိလာပြီဖြစ်ကာ ၅၅ ဦးမှာ အကြောင်းမဲ့ပစ်သတ်ခံရခြင်းဖြစ်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF က ထုတ်ပြန်ထားသည်။ သေဆုံးသူများတွင် ဒီးမော့ဆိုမြို့နယ်မှ ဖြစ်ကာ ၄၇ ဦးအထိ ရှိပြီး လွိုင်ကော်တွင် ၁၉ ဦး၊ မိုးဗြဲ လေးဦး၊ ဖယ်ခုံနှင့် ဘော်လခဲ မှ တစ်ဦးစီ ဖြစ်သည်။ 

• ဒီးမော့ဆိုမြို့နယ်တွင် စစ်အုပ်စုလက်နက်ကိုင်များက အင်အားဖြည့်တင်း၍ ကျေးရွာများအတွင်း တပ်စွဲထားကာ စစ်ရှောင် ပြည်သူများကိုလည်း နေအိမ်များအတွင်း ပြန်လည်နေထိုင်ကြရန် အတင်းအဓမ္မ ဖိအားပေးခိုင်းစေမှုများ ရှိနေကာ ကယား ပြည်နယ်အတွင်း အရေးပေါ်အခြေအနေများကို ကြားဝင်လုပ်ဆောင်ပေးရန်အတွက် ကုလသမဂ္ဂအဖွဲ့ချုပ်အား ကရင်နီ အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုထားသည်။ 

ကရင်ပြည်နယ်

• ဘားအံမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA တပ်ရင်း (၁) နှင့် စစ်အုပ်စုလက်နက်ကိုင်အဖွဲ့များ နေရာလေးနေရာ၌ တိုက်ပွဲဖြစ်ခဲ့ရာ စစ်အုပ်စုဘက်က ရှစ်ဦးကျဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။ 

ချင်းပြည်နယ်

• စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မင်းတပ်မြို့နယ်တွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ကျန်းမာရေးဝန်ထမ်းနှင့် ကိုယ်ဝန်ဆောင်များအတွက် သားဖွားဆရာ/ဆရာမများ လိုအပ်နေသည့်အတွက် စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးကူညီကြရန် မင်းတပ်မြို့ စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲရေးအဖွဲ့က ကြေညာထားသည်။ 

• ထန်တလန်မြို့တွင် ယနေ့နံနက်ပိုင်း ၈ နာရီခန့်က စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ပျံသန်းလာသည့် စစ်ရဟတ်ယာဉ် ခေတ္တ ရပ်နားမှု ပြုလုပ်ခဲ့ကာ ချင်းတောင်ဘက်သို့ ဆက်လက်ပျံသန်းသွားသည်ဟု သိရသည်။ 

မွန်ပြည်နယ်

• သထုံမြို့နယ်၊ နောင်ဘိုကျေးရွာရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးစိုးသိမ်းမှာ ယမန်နေ့က ၎င်းအိမ်တွင်တွင် ဖွင့်ထားသည့် သစ်သီးဆိုင်တွင် ထိုင်နေစဉ် ယမန်နေ့ ညနေ ၄ နာရီခန့်က ဆိုင်ကယ်ဖြင့် စျေးလာဝယ်သူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသွားခဲ့သည်။ 

• မော်လမြိုင်၊ ကျောက်မီးသွေးရုံမီးပွိုင့်တွင် ဆိုင်ကယ်မရပ်ပေးသည့်အတွက် ပစ်ခတ်ခံရသည့် လူငယ်နှစ်ဦးနှင့်ပတ်သက်၍ စစ်အုပ်စုဝါဒဖြန့် MRTV က သေဆုံးသူနှစ်ဦးမှာ လုံခြုံရေးတပ်ဖွဲ့အား ဆိုင်ကယ်ဖြင့် ဝင်တိုက်၍ သေနတ်ဝင်လုသည့်အတွက် ခြောက်လှန့်ပစ်ခတ်ရာမှ သေဆုံးခြင်းသာဖြစ်ကြောင်း လိမ်လည်ထုတ်လွှင့်ခဲ့သည်။ 

ရှမ်းပြည်နယ်

• တောင်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - TPDF မွမ်းမံသင်တန်း အပတ်စဉ် (၁) သင်တန်းကို ဇွန်လ ၂၁ ရက်နေ့က ပြီးစီးကာ သင်တန်းဆင်းထားပြီ ဖြစ်သည်။ 

• တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစုရပ်ကွက် နယ်မြေ (၉) တွင် မိဘများနှင့်အတူ နေထိုင်နေသည့် အသက် ၁၅ နှစ်ပင် မပြည့်သေးသည့် ကိုးတန်းကျောင်းသား စိုင်းလင်းဦးအား ယနေ့နံနက် ၅ နာရီကျော်က စစ်အုပ်စုလက်စုလက်နက်များအား အကိုဖြစ်သူအား ဝင်ရောက်ဖမ်းဆီး စဉ်မတွေ့သဖြင့် ၎င်းအား ဖမ်းဆီးရာ ရုန်းကန်ခဲ့သဖြင့် ရာဘာကျည်ဖြင့်ပစ်ကာ ရိုက်နှက်ဖမ်းဆီးသွားသည်။ 

• ကျောက်မဲတွင် ဇွန်လ ၂၀ ရက်ညပိုင်းက ညမထွက်ရအမိန့် ချိုးဖောက်သည်ဆိုကာ ပစ်ခတ်ခံရသည့် လူငယ်နှစ်ဦးအား ထောင်ဒဏ်တစ်လစီ ချမှတ်လိုက်ပြီဖြစ်ကာ သီပေါအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။ 

• ကွတ်ခိုင်မြို့၊ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သည့် ခရစ်ယာန်ဘာသာရေးဆရာ ဇော်လွမ်မှာ ဇွန်လ ၁၈ ရက် ညနေပိုင်းက နေအိမ်မှ ဆိုင်ကယ်ဖြင့်ထွက်သွားပြီးနောက် ပျောက်ဆုံးနေရာ ဇွန်လ ၂၁ ရက်တွင် ကွတ်ခိုင်မြို့၊ နမ့်ဟူးကျေးရွာအနီးတွင် ပြောက်ကျားဝတ်စုံဝတ် လက်ထိပ်ခတ်ထားသည့် အနေအထားဖြင့် ဦးခေါင်းတွင် သေနတ်ဒဏ်ရာရရှိကာ သေဆုံးလျက် တွေ့ရှိခဲ့ရကာ ခန္ဓာကိုယ်တွင်လည်း ရိုက်နှက်ခံထားရသည့် ဒဏ်ရာများလည်း ရှိနေသည်ဟု သိရသည်။ 

• ရှမ်းမြောက် မုန်မစ်ဆင်လီ မှန်လုံနှင့် ဒေါင်လုံကြားတွင် ကချင်လက်နက်ကိုင်တပ်ဖွဲ့ - KIA က နံနက် ၃ နာရီ ၄၀ မိနစ်ခန့်တွင် စစ်အုပ်စုလက်အောက်ခံ တပ်မ ၉၉ တပ်ဖွဲ့များအား ကြားဖြတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ 

• သီပေါ်မြို့နေ ပြည်သူများကလည်း ရောင်စုံစက္ကူများတွင် "အရေးတော်ပုံအောင်ရမည်" အပါအဝင် ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံးရေးစာများရေးကာ မြို့တွင်းလမ်းများတွင် ကြဲဖြန့်၍ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• လားရှိုးမြို့တွင် စစ်အုပ်စုအောက် အလုပ်မလုပ်ဘဲ ပြည်သူနှင့် တစ်သားတည်းရပ်တည်ကာ CDM လုပ်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ ၁၆၀၃ ဦးအထိ ရှိကြောင်း CDM ဦးဆောင်ကော်မတီ (လားရှိုး)က ထုတ်ပြန်ထားသည်။ 

• ဟိုပုံးမြို့နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ရခိုင်ပြည်နယ်

• စစ်အုပ်စုက ဗဟိုဘဏ်မှတစ်ဆင့် ငွေထုတ်ယူမှုကို ကန့်သတ်ထားသည့်အတွက် ဌာနဆိုင်ရာများတွင် ငွေထုတ်ယူရန် ခက်ခဲနေပြီး ရခိုင်စစ်ဘေးရှောင်စခန်းများအတွက် ရိက္ခာဝယ်ယူပေးပို့ရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပြီး အခြအနေမဆိုး အောင် လုပ်ဆောင်နေကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

နေပြည်တော်

• စစ်အုပ်စုအဖွဲ့ဝင် ရှစ်ဦး၊ စီးပွားရေးလုပ်ငန်း သုံးခုနှင့် စစ်မှုထမ်းဟောင်းအဖွဲ့အား ဥရောပသမဂ္ဂ – EU က ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထပ်မံထည့်သွင်းလိုက်သည်။ ထပ်မံပိတ်ဆို့ခံရသူများမှာ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ထွန်းထွန်းနောင်၊ စစ်အုပ်စုခန့် ဝန်ကြီးများဖြစ်သည့် ဦးဝင်းရှိန်၊ ဦးခင်မောင်ရီ၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ရှေ့နေချုပ် ဒေါ်သီတာဦး၊ ဗိုလ်ချုပ်အောင်လင်းထွန်း၊ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းသုံးခုမှာ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း - Myanmar Gems Enterprise၊ မြန်မာ့သစ်လုပ်ငန်း - Myanma Timber Enterprise နှင့် သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလီမိတက် - Forest Products Joint Venture Co-operation Limted တို့ ဖြစ်သည်။ 

• ဗြိတိန်နိုင်ငံကလည်း စစ်အုပ်စု၏ အဓိကဝင်ငွေရလမ်းဖြစ်စေသည့် မြန်မာ့ပုလဲနှင့် သစ်လုပ်ငန်းအား ထပ်မံပိတ်ဆို့ အရေးယူ မှု ပြုလုပ်ထားသည်။ 

• သမ္မတ အဖမ်းခံထားရ၍ ဒုသမ္မတ ဒူဝါလရှီလကို ယာယီသမ္မတအဖြစ် ခေါ်ဝေါ်ရန် CRPH က အတည်ပြုစာ ထုတ်ပြန်လိုက်သည်။ 

ဇွန် ၂၂ သုံးသပ်ချက်

• ရန်ကုန်တွင် ပြောက်ကျားသပိတ်များ ဆက်ရှိနေဆဲဖြစ်ကာ စစ်အုပ်စုဘက်ကလည်း အသုံးမပြုဘဲ ထားထားသည့် စစ်ကားကြီးများကိုပါ သုံးကာ ကင်းလှည့်မှုများ ပြန်လည်ပြုလုပ်လာခဲ့သည်။ ကင်းလှည့်မှုများမှာ ဆန္ဒပြမှု အားကောင်းသည့် မြို့နယ်များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဆိုင်ကယ်ဖမ်းစီးမှုများကိုလည်း ဆက်လုပ်နေဆဲ ဖြစ်သည်။ 

• မန္တလေးတွင် ပထမဦးဆုံး မြို့တွင်းတိုက်ပွဲအဖြစ် စတင်ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က သေဆုံးဒဏ်ရာရမှုများရှိကာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များဘက်ကလည်း ဖမ်းဆီးခံရမှုများ ရှိခဲ့ကာ စစ်အုပ်စုဘက်က လက်နက်ကြီးသုံး တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည့်အတွက် အမေရိကန်သံရုံးနှင့် ကနေဒါသံရုံးတို့ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် အရပ်သားများအား ကာကွယ်ရန် အရေးပေါ်တောင်းဆိုခဲ့ရသည်။ နှစ်ဖက်တိုက်ခိုက်မှုအကြား ကျည်ထိမှန်သူနှင့် ဖမ်းဆီးခံရသူ ပြည်သူများလည်း ရှိခဲ့သည်။

• တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ရှိသည့် မြို့များတွင် စစ်အုပ်စုလက်နက်ကိုင်တပ်များနှင့် တိုက်ပွဲများ ဆက်ရှိနေကာ စစ်အုပ်စုဘက်က အကျအဆုံးများပြားလျက်ရှိသည်။ 
• ကျန် တိုင်းနှင့် ပြည်နယ်များတွင် လူထုသပိတ်များ အားကောင်းဆဲဖြစ်သော်လည်း သပိတ်အားကောင်းသည့် ကချင်၊ ဖားကန့်တွင် စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားကာ သပိတ်များ မပြုလုပ်နိုင်ရန် ဖိအားပေးလျက်ရှိသည်။ 

• စစ်အုပ်စုကောင်စီဝင်အချို့နှင့် စီးပွားရေးလုပ်ငန်းများကို ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့က နောက်ထပ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်လျက်ရှိသည်။ ပြည်တွင်းလက်နက်ကိုင် တော်လှန်မှုနှင့် သပိတ်များအား ဖြိုခွဲရန်အတွက် စစ်အုပ်စုဘက်က အင်အား သုံးပြင်ဆင်မှုများ ရှိလာနေကာ မြို့တွင်းတိုက်ပွဲများအတွက်လည်း ပြင်ဆင်ထားလျက် ရှိသည်။ စစ်အုပ်စုက ကန့်ကွက်မှုများကြားကပင် ဖွင့်လှစ်ခဲ့သည့် ကျောင်းများတွင် ကိုဗစ်ကူးစက်မှုများ ပိုမိုဖြစ်ပွားလာသည့်အတွက် ကျောင်းအချို့ ပြန်ပိတ် နေရပြီး နိုင်ငံအနှံ့ ကိုဗစ်ကူးစက်မှုနှုန်းလည်း ပိုမိုမြင့်မားလာလျက်ရှိသည့်အတွက် ဖိအားများ ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly