ရှမ်းမြောက်နေ တရုတ်နိုင်ငံသားများ ပြန်လာရန် တရုတ်အစိုးရဆင့်ခေါ်

ရှမ်းမြောက်နေ တရုတ်နိုင်ငံသားများ ပြန်လာရန် တရုတ်အစိုးရဆင့်ခေါ်

ဇွန် ၂၁

မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းတွင်ရောက်နေသော တရုတ်နိုင်ငံသားများပြန်လာရန် တရုတ်အာဏာပိုင်များကပြန်ခေါ်သော ကြေညာချက်တစ်ရပ် ထပ်မံထွက်ရှိလာခဲ့သည်။

ယူနန်ပြည်နယ်အတွင်း တရုတ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီဟုန်းရဲဌာန၏ ဇွန်လ ၂၁ ရက်နေ့နေ့စွဲတပ် တရုတ်ဘာသာဖြင့်ထုတ်ပြန်သောအမိန့်စာတွင် "ရာဇဝတ်မှုများ နယ်စပ်ဖြတ်ကျော်လုပ်ကိုင်မှုများနှိမ်နင်းရန်အလို့ငှာ" ဆိုကာ တရားဝင် ဝင်ထွက်ခွင့်လက်မှတ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံမြောက်ပိုင်းရောက်နေသူများအနေဖြင့် သတ်မှတ်ထားသောနေရာဌာနများတွင်မှတ်ပုံတင်ရန်သွားရောက်ရမည်ဖြစ်သည်။ ပျက်ကွက်သူများသည် ထုတ်ပေးထားသော လက်မှတ်များပျက်ပြယ်မှာဖြစ်သည်။

တရုတ်အစိုးရ၏အမိန့်စာအောက်တွင် အကျုံးဝင်သူများမှာ ရှမ်းပြည် အထူးဒေသဇုံ (၂)၊ ရှမ်းပြည်အထူးဒေသဇုံ (၄)၊ ကိုးကန့်နှင့် မူဆယ်ဒေသတွင်နေထိုင်နေသူ တရုတ်နိုင်ငံမှထုတ်ပေးထားသော တရားဝင် ဝင်ထွက်ခွင့် နိုင်ငံကူးလက်မှတ်သို့မဟုတ် နယ်စပ်ဖြတ်လက်မှတ် သို့မဟုတ် ဝင်ခွင့်လက်မှတ်ကိုင်ဆောင်ထားသူ၊ လက်မှတ်ရှိသော်လည်း သက်တမ်းလွန်ခြင်း သို့မဟုတ် ပျောက်ဆုံးနေသူများဖြစ်သည်။

မန်ဟိုင်း၊ ရွှေလီ ဂျောက်ဂျီယားဆိပ်ကမ်း၊ ဝမ်ဒင်းဆိပ်ကမ်း၊ လောင်ချူဟန်း ရှန်ဖန်းဆိပ်ကမ်း၊ ယင်ဂျန်း နဘန်ဆိပ်ကမ်းတို့တွင် ဇူလိုင်လ ၃၁ ရက်နေ့နောက်ဆုံးထား၍ မှတ်ပုံတင်ရမှာဖြစ်သည်။ 

ရှမ်းပြည်မြောက်ပိုင်းတွင် မည်သည့်အလုပ်လုပ်ကိုင်သည်ကို အမည်၊ နေရပ်လိပ်စာ၊ လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းပမာဏကို အောင်လက်မှတ်များ ၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်များနှင့်တကွ တင်ပြရမှာဖြစ်သည်။  

 ပြည်သူ့လုံခြုံရေးဌာနအနေဖြင့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားလုပ်သူများ၊ ငွေဖြူလျှော်ဖွပ်သူများနှင့် တစ်ခြားသော နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများလုပ်မှုကိုနှိမ်နင်းရန်ဖြစ်သည်ဟုလည်းပါရှိကာ ကျူးလွန်သူများအနေဖြင့် အမြန်ဆုံးပြန်လာပြီး အပြစ်ဒဏ်ပေးကင်းလွတ်သနားညှာတာခွင့်လျှောက်ထားဖို့လိုသည်ဟုလည်း ပါရှိသည်။ 

ယခုကြေညာချက်လိုမျိုးထုတ်ပြန်မှုကို အခြားဒေသများတွင်လည်း  ထုတ်ပြန်ခဲ့သည်။

ဟူဘေးပြည်နယ် တီရန်မင်မြို့၏ဌာနဆိုင်ရာ ဝီချက်အကောင့်က ဇွန်လ ၁ ရက်နေ့ ထုတ်ပြန်ချက်တွင် တရုတ်- မြန်မာနယ်စပ်တွင် ရာဇဝတ်မှုကျူးလွန်သည်ဆိုသော သံသယရှိသူ ၃၃ ဦးကို အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာများနှင့်တကွကြေညာထားသည်ဟု တရုတ်မီဒီယာများက ဖော်ပြသည်။ 

တရုတ်အစိုးရအနေဖြင့် မြန်မာပြည်ဘက်မှ ပြန်လာချင်သူများကို အသုတ်လိုက်ခွဲ၍လက်ခံရန် စီစဉ်ထားကြောင်းနှင့် ရဲတွင် ပြန်လာချင်သူစာရင်းအသေးစိတ်လက်ခံရပြီးဖြစ်သည်ဟုဆိုသည်။ မြန်မာနိုင်ငံဘက်ကမှပြန်လာချင်သူ လတ်တလောတွင် တရုတ် ၁၀၀,၀၀၀ ထက်ပိုလိမ့်မည်ဟု ခန့်မှန်းထားကြသည်။ 

အချို့သောသတင်းများတွင် မြန်မာနိုင်ငံဘက်တွင် ကိုဗစ်-၁၉ ကူးစက်မှုပျံ့နှံနေ့မှုကိုစိုးရိမ်၍ ပြန်ခေါ်သည်ဟု သုံးသပ်ကြသည်။ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မြင့်မှုတွင် မြန်မာကို အိန္ဒိယနှင့်တန်းတူစာရင်းထဲ့ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly