ကင်းရွာဘက်တွင် အာဏာသိမ်းစစ်အုပ်စုဆိုင်ကယ် ၃ စီး မိုင်းနင်းမိ

ကင်းရွာဘက်တွင် အာဏာသိမ်းစစ်အုပ်စုဆိုင်ကယ် ၃ စီး မိုင်းနင်းမိ

ဇွန် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မဂျောင်းတွင်းရွာကနေ ကင်းရွာဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်တွေရဲ့ ဆိုင်ကယ်သုံးစီးဟာ ဒီနေ့ ဇွန်လ ၁၉ ရက်၊ မနက် ၁ဝ နာရီလောက်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းနင်းမိခဲ့တယ်လို့ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

“ကင်းရွာဘက်ကို အလာမှာ မိုင်းနင်းမိသွားတာ။ ဆိုင်ကယ် သုံးစီး မိုင်းနင်းမိတယ်လို့တော့ အဝေးကနေ လှမ်းမြင်တဲ့သူတစ်ဦးက ပြောတယ်ဗျ” လို့ သူက ပြောပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ စစ်ကား သုံးစီး၊ ဆိုင်ကယ် ၁၁ စီးနဲ့  မဂျောင်းတွင်းရွာကနေ ကင်းရွာဘက်ကို ဒီနေ့ ဇွန်လ ၁၉ ရက်၊ မနက်ပိုင်းက ချီတက်လာတာဖြစ်ပြီး ခန့်မှန်းအင်အား ၇ဝ ဝန်းကျင်လောက်ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကား သုံးစီးပေါ်မှာ ယူနီဖောင်းဝတ်စစ်ကောင်စီတပ်သားတွေ လိုက်ပါလာပြီး ဆိုင်ကယ်စီးလာသူတွေကတော့ အရပ်ဝတ်တွေနဲ့ ချီတက်လာဖြစ်တယ်လို့ ဆိုပါတယ်။

မနက် ၁ဝ နာရီလောက်မှာ စစ်ကောင်စီဆိုင်ကယ် သုံးစီးဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းနင်းမိခဲ့ပြီး ထိခိုက်သေဆုံးမှုရှိ၊ မရှိ အခြေအနေကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီနောက် အာဏာသိမ်းစစ်ကောင်စီတပ်တွေက သေနတ်နဲ့ မိုးပေါ် ထောင်ပစ်ခတ်တာ၊ ကင်းရွာထဲ ဝင်ရောက်မွှေနှောက်တာ၊ ရွာသား နှစ်ဦးကို ရိုက်နှက်နှိပ်စက်တာ၊ ဆိုင်ကယ်နဲ့ ပစ္စည်းတွေကို သိမ်းယူသွားတာတွေ လုပ်ခဲ့တာပြီး မွန်းလွဲပိုင်းမှာတော့ ကင်းရွာနဲ့ မလှမ်းမကမ်းတစ်ရွာကျော်မှာရှိတဲ့ မဂျောင်းတွင်းရွာဘက်ကို ပြန်ထွက်သွားတယ်လို့ သိရပါတယ်။

“ ကင်းရွာမှာ ဆိုင်တွေကို အကုန်ဝင်မွှေပြီးတော့ သူတို့လိုချင်တဲ့ ပစ္စည်းတွေကို ကားနဲ့ တင်ယူပြီး အခုမဂျောင်းတွင်းရွာဘက်မှာ ဝင်မွှေနေပါတယ်။ ကင်းရွာက လူနှစ်ယောက်ကိုလည်း တော်တော်လေး ပြင်းပြင်းထန်ထန်နှိပ်စက်ထားခဲ့တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly