ဖျာပုံမြို့မှာ ဗုံးသုံးလုံးပေါက်ကွဲ

ဖျာပုံမြို့မှာ ဗုံးသုံးလုံးပေါက်ကွဲ

ဇွန် ၁၉

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့မှာ ဒီကနေ့ ဇွန်လ ၁၉ ရက် မနက်ပိုင်းက ဗုံးသုံးလုံး ရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

ဒီကနေ့ မနက် ၇ နာရီ ၄၅ မိနစ်လောက်က ရွှေရတုအရာရှိရိပ်သာအရှေ့လမ်းမပေါ်မှာဗုံးတစ်လုံး စတင်ပေါက်ကွဲခဲ့ပြီး ၈နာရီ အချိန်​လောက်မှာ အခွန်ဦးစီး ရုံးဝင်းအတွင်းမှာ တစ်လုံးနဲ့  ၈နာရီ ၂၅မိနစ်မှာတော့ အမှတ် (၄) ရပ်ကွက် ဒုတိယလမ်းမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ရှေ့မှာ ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

ပေါက်ကွဲမှုတွေဖြစ်ပေါ်ပြီး မနက် ၉ နာရီအချိန်မှာတော့ ချောင်းတွင်းလမ်းမကြီးဘေး ဗိုလ်ချုပ်ကြေးရုပ်အနီးက သစ်ပင်တစ်ပင်မှာ ဗုံးလို့ယူဆရတဲ့ အထုတ်တစ်ထုတ် ချိတ်ဆွဲထားတာကိုထပ်မံတွေ့ရှိတာ​ကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေက ဖြုတ်သိမ်းသွားတယ်လို့ လည်းသိရပါတယ်။

ဗုံးပေါက်ခဲ့တဲ့နေရာတွေကို စစ်အုပ်စုနဲ့ရဲတွေက စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး အခွန်ဦးစီးရုံးအနီးက အသက် ၂၀ ဝန်းကျင် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

"အခွန်ရုံးနားက ကောင်မလေးနှစ်ယောက်ကို ဝင်ပြီးစစ်နေတာ၊ သေနတ်တွေနဲ့လည်းချိန်ထားတယ်။ စစ်တဲ့အချိန်မှာ စစ်နေတဲ့လူဆီကို ဖုန်းတစ်လုံးက ဝင်လာပြီးတာနဲ့ တခါတည်းဖမ်းခေါ်သွားတာပါ"လို့ဒေသခံက ပြောပါတယ်။
ဖျာပုံမြို့က ဗုံး ၃ ပေါက်ကွဲခဲ့တဲ့ နေရာသုံးနေရာလုံးမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly