မနေ့က လက်ထောက်ပညာရေးမှူးအသတ်ခံလိုက်ရတဲ့ဖြစ်စဉ်ကြောင့် ဒီကနေ့ ကျောင်းအုပ်ဆရာမကြီး၁ ဦး အဖမ်းခံရ

မနေ့က လက်ထောက်ပညာရေးမှူးအသတ်ခံလိုက်ရတဲ့ဖြစ်စဉ်ကြောင့် ဒီကနေ့ ကျောင်းအုပ်ဆရာမကြီး၁ ဦး အဖမ်းခံရ

ဇွန်၊ ၁၇ ရက်၊ ရန်ကုန်

သန်လျင် - ကျောက်တန်းမြို့နယ်မှာ လက်ထောက်ပညာရေးမှူး အသတ်ခံလိုက်ရတဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ပန်းတော စံပြကျေးရွာရဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုမာ အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုမာဟာ ကမာကလုတ်ကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ယနေ့ နံနက် ၇ နာရီဝန်းကျင်လောက်မှာ သန်လျင်က ရေတပ်စစ်သားတွေက လာရောက်ဖမ်းခေါ်သွားတာပါ။

“မနေ့က လက်ထောက်ပညာရေးမှူးအသတ်ခံလိုက်ရလို့ သန်လျင်-ကျောက်တန်းက CDM ဆရာ/ဆရာမတွေကို သူတု့ိ လိုက်ရှာကြတာ။ ဆရာ/ဆရာမ အများစုကတော့ ရှောင်နေကြတယ်။ ဆရာမကြီးကတော့ သူ့မိခင်ရဲ့ ကျန်းမာရေးကြောင့် ရှောင်နေလို့မရခဲ့တာ”လို့ ဆရာမကြီး ဒေါ်စုစုမာနဲ့ နီးစပ်သူတဦးက ပြောပြပါတယ်။

သန်လျင် - ကျောက်တန်းမြို့နယ်၊ မင်းဂလွန်းကျေးရွာက လက်ထောက်ပညာရေးမှူး ဦးအေးထွန်းဟာ မနေ့ (ဇွန်လ ၁၇) ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာကြောင့် သေဆုံးသွားခဲ့တာပါ။

ဒီဖြစ်စဉ်ကြောင့် သန်လျင်-ကျောက်တန်းမြို့နယ်က CDM ဆရာ/ဆရာမများ၊ အတိုက်အခံပါတီဝင်များနဲ့ Non-CDM ဝန်ထမ်းတွေကို မထောက်ခံတဲ့သူတွေကို လိုက်လံရှာဖွေပြီး ဖမ်းဆီးနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ကမာကလုတ်ရွာမှာဆိုရင်တော့ အဖမ်းခံလိုက်ရတာ ဆရာမကြီးတယောက်ပဲ ရှိသေးတယ်ဆိုပေမယ့် မနေ့က လက်ထောက်ပညာရေးမှူးအသတ်ခံလိုက်ရတဲ့ရွာမှာဆိုရင် တခြားသူတွေလဲ အဖမ်းခံထားရတယ်။ တချို့ကိုဆိုရင် သူတို့လိုက်ဖမ်း/လိုက်ရှာနေတဲ့သူကို မတွေ့လို့ဆိုပြီး သူနဲ့ နီးစပ်တဲ့ သူတွေကို နှိပ်စက်တဲ့သဘောမျိုး လုပ်တာတွေတောင် ရှိတယ်”လို့ အမည်မဖော်လိုတဲ့ ကျောက်တန်းမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

လက်ထောက်ပညာရေးမှူး ဦးအေးထွန်း အသတ်ခံလိုက်ရတဲ့ဖြစ်စဉ်ကြောင့် ဆရာမကြီး ဒေါ်စုစုမာအပြင် အခြားအဖမ်းခံလိုက်ရသူတွေနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့အတွက် မဇ္ဇ္ဇျိမက ဆက်လက်စုံစမ်းနေစဲဖြစ်ပါတယ်။

မနေ့က(ဇွန်လ ၁၆) ရက်နေ့ နံနက် ၈ နာရီခန့်က သေနတ်နဲ့ ၃ ချက် အပစ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တဲ့ သန်လျင်-ကျောက်တန်းမြို့နယ်၊ မင်းဂလွန်းကျေးရွာ လက်ထောက်ပညာရေးမှူး ဦးအေးထွန်းဟာ စစ်တပ်ရဲ့ သတင်းပေးလို့ ဒေသခံများက သိရှိထားပြီး၊ CDM ကျောင်းဆရာ/ဆရာမတွေကိုလည်း အလုပ်ပြန်ဆင်းဖို့ ဖိအားပေးခဲ့သူတဦး ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly