စစ်ကောင်စီမှ နေအိမ်များဖျက်ဆီးထားခြင်းကြောင့် စစ်ဘေးရှောင်အများစု နေရပ်သို့ပြန်မရဖြစ်နေ

စစ်ကောင်စီမှ နေအိမ်များဖျက်ဆီးထားခြင်းကြောင့် စစ်ဘေးရှောင်အများစု နေရပ်သို့ပြန်မရဖြစ်နေ
ပုံ-CJ (ပြီးခဲ့သည့်ရက်ကဒီးမော့ဆိုမြို့ရှိနေအိမ်များအား စစ်ကောင်စီမှမီးရှို့ဖျက်ဆီးခဲ့သည့်မြင်ကွင်းများ)

ဇွန် ၁၇

ကယားပြည်နယ်အတွင်းရှိမြို့အချို့မှနေအိမ်များကို အကြမ်းဖက်စစ်ကောင်စီမှ ဖျက်ဆီးထားခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူအများစုမှာ နေရပ်သို့ပြန်မရသည့်ဒုက္ခတွေ့နေကြောင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးတာ၀န်ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

"ပြည်သူတွေထဲကနေရပ်ပြန်သွားတဲ့ အရေအတွက်က ဆယ်ဂဏန်း‌လောက်ပဲရှင့်။ အကုန်လုံးနီးပါးကအိမ်တွေမရှိကြတော့ဘူး၊ စစ်ကောင်စီကအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေ၊ လက်နက်ကြီးတွေနဲ့ပစ်လို့ပျက်စီးခဲ့တဲ့အိမ်တွေက မရေတွက်နိုင်အောင်များတယ်။ နောက်ပြီးလက်ရှိတိုက်ပွဲတွေခဏရပ်ဆိုင်းလိုက်တဲ့အတွက် စစ်ရှောင်တွေနဲ့ CDM သမားတွေကို စစ်ကောင်စီဘက်က ပိုဖိပြီးဖမ်းလာမှာကိုပြည်သူတွေစိုးရိမ်နေကြတယ်၊ အဲ့ဒီအတွက် လွိုင်ကော်မြို့ပေါ်မှာလဲ တချိူ့နေရာရွှေ့ပြောင်းမှုတွေရှိလာတယ်"ဟု၎င်းကပြောသည်။

ပုံ-CJ (ပြီးခဲ့သည့်ရက်ကဒီးမော့ဆိုမြို့ရှိနေအိမ်များအား စစ်ကောင်စီမှမီးရှို့ဖျက်ဆီးခဲ့သည့်မြင်ကွင်းများ)

 ပြီးခဲ့သည့် ဇွန်လ ၁၅ရက်နေ့က ကရင်နီအမျိူးသားကာကွယ်ရေးတပ် (KNDF) နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား ယာယီအပစ်ခတ်ရပ်စဲပြီးသည့်နောက် ဒီးမောဆိုမြို့တွင်စစ်ကောင်စီမှ အစောင့်အကြပ်အင်အား တိုးချဲ့၍ တပ်စွဲခြင်းများရှိနေသဖြင့် ရိက္ခာပို့ရန် အရင်ထက်ပို၍ခက်ခဲလာခြင်း၊သောက်သုံးရေလောက်ငှမှုမရှိခြင်းများ လတ်တလောကြုံနေရကြောင်း ဒီးမော့ဆိုမြို့ရှိ ဒေသခံများထံမှသိရသည်။

 "အခုကဒီးမော့ဆိုမြို့ထဲနဲ့နီးတဲ့သူတွေပဲပြန်တာ။ရှင်းရှင်းပြောရရင်အိမ်ကြီးအိမ်ကောင်းနဲ့နေတဲ့သူတွေပဲပြန်တာ။ရွာဘက်တွေမှာနေတဲ့သူတွေကသိပ်မပြန်ဘူး။ မပြန်ဘူးဆိုတာကအိမ်တွေဖျက်ဆီးခံထားရတာတပိုင်း၊စစ်သားတွေကိုမယုံလို့ကတပိုင်းပေါ့။

ဘာလို့လဲ‌ဆိုတော့ KNDF ကသာပြည်သူတွေအထိများလာလို့ပြည်သူတွေကိုသနားလို့အပစ်ခတ်ခဏရပ်တာ၊ စစ်ကောင်စီဘက်ကအခုထိတပ်စွဲထားသလို အရင်ကလဲမြင်သမျှပစ်နေတော့မယုံရဘူး၊လန့်နေရတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။ 

ပုံ-CJ (ပြီးခဲ့သည့်ရက်ကဒီးမော့ဆိုမြို့ရှိနေအိမ်များအား စစ်ကောင်စီမှမီးရှို့ဖျက်ဆီးခဲ့သည့်မြင်ကွင်းများ)

အပစ်ခတ်ယာယီရပ်စဲထားသော်လည်း အကြမ်းဖက်စစ်ကောင်စီဘက်မှတဖန်ထိုးစစ်ဆင်ခြင်း၊ ပြည်သူများအားထပ်မံဖိနှိပ်အကြမ်းဖက်ခြင်းများအချိန်မရွေးလုပ်လာနိုင်သဖြင့် လက်ရှိအနေအထားတွင်လည်းလုံခြုံမှုအပြည့်အ၀မရှိသေးကြောင်း ဒေသခံပြည်သူအချို့မှာစိုးရိမ်ပူပန်မှုများရှိနေသည်။

ကယားပြည်နယ်အတွင်းစစ်ဘေးရှောင်ပြည်သူတစ်သိန်းကျော်ရှိရာ လက်ရှိတွင်နေရပ်သို့ပြန်သည့်စစ်ဘေးရှောင်ဦးရေမှာ ပျှမ်းမျှ အရေအတွက် ၅ ရာခိုင်နှုန်းမျှသာ ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဒီးမော့ဆို နှင့် ရှမ်း-ကယားနယ်စပ်ရှိ မိုးဗြဲ တို့တွင် ဒေသခံပြည်သူများ၏ နေအိမ်အား ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ အိမ်တွင်းပစ္စည်းများ ဖောက်ထွင်းလုယက်ခြင်း၊ လက်နက်ကြီးများဖြင့်နေအိမ်နှင့်ဘုရားကျောင်းသို့ ပစ်ခတ်ခြင်း၊ရိက္ခာပို့သည့်အ၀င်လမ်းကြောင်းများပိတ်၍ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ရိက္ခာသယ်ဆောင်သည့်ကားအတွင်း စားသောက်ကုန်နှင့်ဆေးဝါးများကို မီးရှို့ဖျက်ဆီးဖြင်း၊လမ်းပေါ်တွင် ဖြတ်သွားဖြတ်လာပြည်သူများအား အကြောင်းမဲ့ပစ်ခတ်မှုများ စသည့်အကြမ်းဖက်မှုမျိူးစုံ ပြုလုပ်ခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required