ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့မှာ စစ်ကောင်စီက ခန့်အပ်တဲ့ မြို့နယ်ပညာရေးမှူး ဦးအေးထွန်း ဟာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ဒီကနေ့ ဇွန်လ ၁၆ ရက်မနက် ၈နာရီလောက်က နေအိမ်ကနေ ရုံးကို ဆိုင်ကယ်နဲ့အသွား အထက (၁) ကျောင်းရှေ့မှာ သေနတ်နဲ့ ဗိုက်ကို ပစ်ခံခဲ့ရပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ကျောက်တန်းဒေသခံ တစ်ဦးက ပြောပါတယ်။
“ညီမတို့ရွာက ဒလန်အကြီးစားပါ၊ သူ့ကြောင့်ဖမ်းခံရတဲ့ CDM ဆရာ၊ ဆရာမတွေလည်း အများကြီးပဲ” လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
သေဆုံးခဲ့တဲ့ ဦးအေးထွန်းဟာ အရင်က ဒုပညာရေးမှူးအဆင့်သာရှိပြီး စစ်အာဏာသိမ်းမှုကြောင့် မြို့နယ်ပညာရေးမှူးက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု ဖြစ်တဲ့ CDM လုပ်သွားတဲ့အတွက် သူက မြို့နယ် ပညာရေးမှူး နေရာကို ရလာခဲ့တာပါ။
သေဆုံးမှုနဲ့ ပတ်သက်လို့ အာဏာလုစစ်ကောင်စီတပ်တွေက ကျောက်တန်းမြို့က မြို့နယ်ပညာရေးမှူး ဦးအေးထွန်း သေဆုံးခဲ့တဲ့ နေရာမှာ တားဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
Photo - CJ