မကွေးတိုင်း ၊ဂန့်ဂေါမြို့ပေါ်ကိုစစ်ကောင်စီ ရဟတ်ယာဉ် ၁ စင်းပျံသန်း

မကွေးတိုင်း ၊ဂန့်ဂေါမြို့ပေါ်ကိုစစ်ကောင်စီ ရဟတ်ယာဉ် ၁ စင်းပျံသန်း

ဇွန် ၁၄

ဇွန်လ ၁၄ ရက် မနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်း ဂန့်ဂေါမြို့ပေါ် ကိုပျံသန်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

"ဒီမနက် ၁၀ နာရီခွဲလောက်က မြို့ပေါ်ဘက်ကို ပျံလာတာပေါ့နော် တော်တော်လေးကို နိမ့်နိမ့်လေးပျံလာတာ၊ မြို့ပေါ်မှာတော့ တိုက်ပွဲဖြစ်တာတော့မရှိဘူး"လို့ ဒေသခံတစ်ဦးက  မဇ္စျိမကိုပြောပါတယ်။ 

 ဂန့်ဂေါမြို့ပေါ်ကို ဒီလိုပျံသန်းတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် မြို့ပေါ်က ပြည်သူတွေအနေနဲ့ ထိတ်လန့်မှုတွေ ဖြစ်နေတယ်လို့ ဒေသခံကဆိုပါတယ်။ 

" ဒီလိုမျိုးရဟတ်ယာဉ်မလာဘူးတော့ ကလေးတွေရော လူကြီးတွေပါလန့်နေတာပေါ့၊ ကျွန်တော်တို့ ယောဒေသက နှမ်းခါးဆိုတဲ့ ရွာဘက်မှာဆိုရင်လဲ  စစ်ကောင်စီက တအားနှိပ်စက်နေတာ အဲ့တော့ ဘာဖြစ်လာမလဲဆိုတာ နည်းနည်းတော့ နားစွင့်နေရတာပေါ့ " လို့ဒေသခံက စိုးရိမ်နေရတဲ့အကြောင်းကို ပြောပြပါတယ်။ 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့ တစ်ဝိုက် ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်နဲ့ ဒေသခံပြည်သူတွေ မတ်လ ၃၁ ရက်က စပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ 

စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဒေသခံ ပြည်သူတွေက ရရာလက်နက်စွဲကိုင်ကာ အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖွဲ့များအား ခုခံစစ်ဆင်နွှဲ နေတာဖြစ်ပါတယ်။ 

 တိုက်ပွဲဖြစ်ပွားရာ ကျေးရွာတွေက ဒေသခံတွေ မကြာခဏတိမ်းရှောင်နေရပြီးတော့ အရေအတွက်ဟာ သောင်းနဲ့ချီရှိနိုင်တယ်လို့ ဒေသခံတစ်ဦးရဲ့ပြောကြားချက်အရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly