မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်နှင့် တောင်ကိုရီးယား ထပ်လောင်းအတည်ပြု

မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်နှင့် တောင်ကိုရီးယား ထပ်လောင်းအတည်ပြု

ဇွန် ၁၃

မြန်မာ့အရေး ကူညီဖြေရှင်းရာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေးအတွက် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ထပ်လောင်း အတည်ပြုခဲ့ကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်နှင့် တောင်ကိုရီးယား နိုင်ငံခြားရေး၀န်ကြီး ချွန်းအွီယောင် တို့သည် ဇွန်လ ၁၂ ရက်က စက်မှုထိပ်သီး ဂျီ ၇ အုပ်စု ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး ကျင်းပနေသည့် ဗြိတိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာ့အရေး ကိစ္စအပါအ၀င် ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက်ဖျက်သိမ်းရေး နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဝေမှု ကိစ္စရပ်များနှင့်ပတ်သက်ပြီး တိုးမြှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ထပ်လောင်း အတည်ပြုခဲ့ကြခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေး၀န်ကြီးဌာနက ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ နိုင်ငံခြားရေး ၀န်ကြီးများသည် ပြီးခဲ့သည့်လက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း တို့အကြား ထိပ်သီးတွေ့ဆုံမှုအတွင်း ဆွေးနွေးပြောဆိုထားခဲ့မှုများနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ ဆက်လုပ်ရမည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“နှစ်နိုင်ငံ နိုင်ငံခြားရေး၀န်ကြီးတွေဟာ ကာကွယ်ဆေး၊ နောက်ဆုံးပေါ် နည်းပညာတွေ၊ ထောက်ပံ့ရေး ကွင်းဆက်၊ အဏုမြူစွမ်းအင် စတာတို့အပါအ၀င် နယ်ပယ်ဧရိယာအသီးသီးမှာ နောက်ဆက်တွဲ ဆက်လုပ်ရမယ့် အစီအမံတွေကို အတိအကျ အကောင်အထည်ဖော်ရင်းနဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေး ရလဒ်ကို ဖြည့်ဆည်းပေးဖို့ သဘောတူခဲ့ကြပါတယ်” ဟု ‌တောင်ကိုရီးယားနိုင်ငံခြားရေး၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ဒါ့အပြင် ယခု ဂျီ ၇ ထိပ်သီးအစည်းအဝေးမှာ တောင်ကိုရီးယားနိုင်ငံ ပူးပေါင်းပါ၀င်ချိန်မှာလည်း ၀န်ကြီးတွေဟာ လက်ရှိ မြန်မာ့အရေးနဲ့ ကမ္ဘာတ၀န်း ကာကွယ်ဆေး ဖြန့်ဝေမှု အပါအ၀င် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေနဲ့ပတ်သက်လို့လည်း တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်” ဟု ယင်းက ဖြည့်စွက်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required