မြန်မာတွင် အကြမ်းဖက်မှုများ အရှိန်မြင့်နေပြီး လူ့အခွင့်အရေးကပ်ဆိုးထဲ ကျရောက်နေဟု ကုလ ပြော

မြန်မာတွင် အကြမ်းဖက်မှုများ အရှိန်မြင့်နေပြီး လူ့အခွင့်အရေးကပ်ဆိုးထဲ ကျရောက်နေဟု ကုလ ပြော
Photo - AFP

ဇွန် ၁၁

မြန်မာနိုင်ငံတ၀န်း အကြမ်းဖက်မှုများ အရှိန်မြင့်တက်နေပြီး နိုင်ငံသည် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း “လူ့အခွင့်အရေး ကပ်ဆိုး” တစ်ခုအောက် ကျရောက်ထားခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ဇွန်လ ၁၁ ရက်တွင် သတိပေး ပြောဆိုသွားခဲ့သည်။

“လေးလကျော်ကာလအတွင်းမှာပဲ မြန်မာနိုင်ငံဟာ အထိမခံ ကွဲအက်လွယ်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ်ကနေ လူ့အခွင့်အရေး ကပ်ဆိုးတစ်ခုဆီ ကျရောက်ထားခဲ့ပါပြီ” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီချဲလ် ဘက်ချ်လက်က ထုတ်ပြန်ချက်တစ်စောင်တွင် ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

လက်ရှိမြန်မာနိုင်ငံ ကြုံတွေ့နေရသော အကျပ်အတည်းကို ဖြစ်စေခဲ့သည့် အဓိက တရားခံမှာ အာဏာသိမ်းစစ်တပ် ခေါင်းဆောင်များသာ ဖြစ်ကြောင်း သူမက ပြောဆိုသွားခဲ့သည်။

မြန်မာ့အရေးအတွက် အာဆီယံအဖွဲ့နှင့် အခြား “သြဇာညောင်းသော နိုင်ငံများ” ထံမှ ပိုမိုအားကောင်းသော သံတမန်ရေး အားထုတ်မှုတစ်ရပ် လိုအပ်ကြောင်း သူမက တိုက်တွန်းသွားခဲ့သည်။

“အခြေအနေ ပြင်းထန်မှုကို လျှော့ချဖို့ အားထုတ်မှုတွေကို မတွေ့ရပါဘူး၊ အဲဒီအစား အဓိကဧရိယာတွေမှာ တပ်ဖွဲ့၀င်တွေပဲ တိုးပြီးဖြန့်ကျက်တာတွေ ရှိနေပါတယ်၊ ဒါဟာ အာဏာသိမ်းစစ်တပ်ဘက်က အကြမ်းဖက်မှုတွေ ရပ်စဲဖို့ အာဆီယံကို ပေးထားတဲ့ ကတိတွေနဲ့ ဆန့်ကျင်နေပါတယ်” ဟု မီချဲလ် ဘက်ချ်လက်က ပြောသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required