AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမ အပါအဝင် ၁၀ ဦး တရားသေလွတ်မြောက်

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမ အပါအဝင် ၁၀ ဦး တရားသေလွတ်မြောက်
 ပုံစာ -၂၀၁၉ ခုနှစ်နိုဝင်ဘာလ ၁၉ ရက်နေ့ က ရန်ကုန်မြို့ မရမ်းကုန်းတရားရုံးမှာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မိသားစုကို  ရုံးထုတ်နေစဉ်(ပုံဟောင်း)

ဇွန်လ ၉ ရက်

ရက္ခိုင့်တပ်တော် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီနှင့် ညီမဖြစ်သူ အပါအဝင် ၁၀ ဦးကို  ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ယနေ့တွင် တရားသေလွှတ်ပေးလိုက်သည်။

လွတ်မြောက်လာသူများမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်၊ ညီမ ဖြစ်သူ မယမင်းမြတ် (ခ) မိုးနှင်းဖြူ၊ ကိုကျော်နိုင်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ ကိုမောင်ပန် (ခ) ကိုထွန်းအေးနှင့် ကိုရွှေလှိုင်သန်းတို့ဖြစ်ကြသည်။

သူတို့အပေါ် စွဲဆိုထားသည့်အမှုများကို ဇွန်လ ၂ ရက်နေ့က ပြန်ရုတ်သိမ်းခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့နံနက် ၉ နာရီတွင်လွှတ်ပေးခဲ့ကြောင်း  ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC အတွင်းရေးမှုး ကိုဇော်ဇော်ထွန်းက ပြောသည်။

ပြစ်မှု ထင်ရှားခြင်းမရှိသည့်အပြင် ရခိုင်တွင်လည်း စစ်အေးနေပြီး နှစ်ဖက် ခေါင်းဆောင်းများအကြား ညှိနှိုင်းပြေလည်ကြသည့်အတွက် အမှုပိတ်သိမ်းကာ တရားသေလွှတ်ပေးခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူများဘက်က ယူဆနေကြသည်။

ကိုအောင်မြတ်ကျော်အပါအဝင် ရခိုင်အသင်း (စင်္ကာပူ) ဦးဆောင်သူရှစ်ဦး၏နေအိမ်များကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ နှင့် ၇ ရက်နေ့များတွင် စင်္ကာပူပြည်ထဲရေးဌာနက ဝင်ရောက်ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ပြန်ပို့ခဲ့သည်။

မြန်မာပြည်အရောက်တွင် ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၂ (က) တို့ဖြင့် တရားစွဲဆိုခဲ့သည်။

မယမင်းမြတ် (ခ) မမိုးနှင်းဖြူနှင့် ခင်ပွန်းဖြစ်သူတို့က ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ပြန်လာသည့် ကိုကျော်နိုင်နှင့် သမီးဖြစ်သူတို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သွားကြိုစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့မှ ဒုရဲမှူး မင်းခိုင်က တရားလိုလုပ်ပြီး မရမ်းကုန်းရဲစခန်းတွင် အောက်တိုဘာ ၂၀ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required