ကယားပြည်နယ်၌ တိုက်ပွဲရှောင်ပြည်သူများ အစာရေစာ ငတ်ပြတ်မှုအန္တရာယ်နှင့် ကြုံရနိုင်ဟု ကုလ သံတမန် သတိပေး

ကယားပြည်နယ်၌ တိုက်ပွဲရှောင်ပြည်သူများ အစာရေစာ ငတ်ပြတ်မှုအန္တရာယ်နှင့် ကြုံရနိုင်ဟု ကုလ သံတမန် သတိပေး
Photo - AFP

ဇွန် ၉

ကယားပြည်နယ်တွင် ဖြစ်ပွားနေခဲ့သော တိုက်ပွဲများကနေ လွတ်မြောက်ရန် လူပေါင်း တစ်သိန်းခန့် နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရခြင်းနှင့်အတူ အဆိုပါ ပြည်နယ်အနေဖြင့် နိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြင်တွေ့ထားခဲ့ရသည့် အရာများကို ကျော်လွန်ပြီး ကြီးမားသော အသက်ဆုံးရှုံးမှုများကို ကြုံရနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး သောမတ်စ် အန်ဒရူးစ်က ဇွန်လ ၉ ရက်တွင် သတိပေးသွားခဲ့သည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ကယားပြည်နယ်တွင် ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့များနှင့် အာဏာသိမ်းအကြမ်းဖက်စစ်တပ်အကြား တိုက်ပွဲများ ဖြစ်ပွားနေခဲ့ပြီး အာဏာသိမ်းစစ်တပ်သည် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းကနေ တိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်ထားခဲ့ရာ ဒေသခံပြည်သူများ အနီးအနားရှိ တောအုပ်များထဲ ထွက်ပြေးခိုလှုံနေကြရသည်။

“အာဏာသိမ်းစစ်တပ်ဘက်မှ လူမဆန်သော မဆင်မခြင် တိုက်ခိုက်မှုများက ကယားပြည်နယ်ရှိ ထောင်နှင့်ချီသော ‌အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်များ၏ အသက်များကို ခြိမ်းခြောက်နေသည်” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးသံတမန် အန်ဒရူးစ်က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောခဲ့သည်။

“ကျွန်တော် တဲ့တဲ့ပဲ ပြောချင်ပါတယ်၊ ဒီအခြေအနေအပေါ် ချက်ချင်းလက်ငင်း အရေးယူလုပ်ဆောင်ချက်တွေ မရှိဘူးဆိုရင် အစာရေစာ ငတ်ပြတ်တာ၊ ‌ရောဂါဖြစ်ပွားတာနဲ့ ပြင်းထန်ရာသီဥတုဒဏ်ခံရတာတို့ကနေတဆင့် လူအများအပြား သေဆုံးတာတွေ ကယားပြည်နယ်မှာ ဖြစ်လာနိုင်ပါတယ်၊ ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း ကျွန်တော်တို့ မတွေ့ထားခဲ့ရသေးတဲ့ အတိုင်းအတာတစ်ခုနဲ့ပေါ့” ဟု ၎င်းက ပြောသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ပြည်နယ်၏ မြို့တော် လွိုင်ကော်မှ ၉ မိုင်ခန့်အကွာရှိ ဒီမောဆိုမြို့ အရှေ့ဘက် ဧရိယာတစ်ခုအပါအ၀င် နေရပ်စွန့်ခွာထွက်ပြေးသူ အများအပြားထံ ယခုအချိန်အထိ ဆက်သွယ်ရောက်ရှိနိုင်ခြင်း မရှိသေးဟု ပြည်နယ်မှ အမည်မဖော်လိုသူ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ဧရိယာအများအပြားတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပြီး အစားအစာများအပြင် ယာယီခိုလှုံစခန်းအတွက် လိုအပ်သည့် ပစ္စည်းများနှင့် ဓာတ်ဆီတို့ အရေးတကြီး လိုအပ်နေကြောင်း အဆိုပါ တက်ကြွလှုပ်ရှားသူက ပြောခဲ့သည်။

ယင်းအတွက်ကြောင့် နိုင်ငံတကာ အကူအညီ အရေးတကြီး လိုအပ်နေကြောင်း ၎င်းက တောင်းဆိုပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required