ကယားပြည်နယ်တွင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ‌ပေါင်း ၁ သိန်းခန့် ရှိဟု ကုလ ထုတ်ပြန်

ကယားပြည်နယ်တွင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ‌ပေါင်း ၁ သိန်းခန့် ရှိဟု ကုလ ထုတ်ပြန်
ကယားပြည်နယ်၊ ဒီမိုဆိုမြို့နယ်ရှိတောတွင်းဒေသများတွင်မြန်မာစစ်တပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) အကြားဖြစ်ပွားနေသောတိုက်ပွဲများကြောင့်ထွက်ပြေးတိမ်းရှောင်နေရသူများ (Photo - AFP)

ဇွန် ၉

ကယားပြည်နယ်တွင် အရပ်ဘက်ဧရိယာများ၌ အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ မဆင်မခြင် တိုက်ခိုက်မှုများအပါအ၀င် တိုက်ပွဲများကြောင့် ခန့်မှန်းခြေ လူပေါင်း တစ်သိန်းခန့် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂက ဇွန်လ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အထူးသဖြင့် မြို့များအပါအ၀င် ပြည်နယ်တွင်းရှိ ရပ်ကွက်ဧရိယာတစ်ချို့တွင် တိုက်ပွဲများ ဖြစ်ပေါ်နေခဲ့ပြီး သေဆုံးသူများလည်း ရှိကာ ‌ဒေသခံတစ်ချို့သည်လည်း ‘ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့’ များ ဖွဲ့စည်းထားသည်။

မကြာသေးခင်က ပေါ်ပေါက်ခဲ့သည့် တိုက်ပွဲများနှင့်အတူ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့၀င်များက အရပ်သားဧရိယာများကို အရမ်းကာရော ပစ်ခတ်မှုများကြောင့် ခန့်မှန်းခြေအားဖြင့် လူပေါင်း တစ်သိန်းခန့်သည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာပြီး ထွက်ပြေးခဲ့ကြရသည်ဟု ကုလသမဂ္ဂ၏ မြန်မာရုံးက ထုတ်ပြန်သည်။

တိုက်ပွဲများကြောင့် ထိခိုက်ထားခဲ့သည့် ဧရိယာများတွင် ရှိသူများသည် အစားအစာ၊ ရေ၊ ခိုလှုံရာနေရာနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ အရေးတကြီး လိုအပ်နေကြောင်း ယင်းက ထုတ်ပြန်သည်။

ထို့ပြင် စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့များက ခရီးသွားလာမှုအပေါ် ပိတ်ပင်ကန့်သတ်ထားမှုများကြောင့် အရေးတကြီးလိုအပ်နေသော အကူအညီများ ပေးပို့မှု နှောင့်နှေးကြန့်ကြာနေခဲ့သည်ဟု ယင်းက ပြောခဲ့သည်။

စစ်တပ်သည် လက်နက်ကြီးများ သုံးပြီး ပစ်ခတ်ခဲ့ရာ ယင်းတို့က ကျေးရွာများသို့ ကျခဲ့ကြောင်း ပြည်နယ်တွင်းရှိ ဒေသခံများက ပြောဆိုခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ အာဏာသိမ်းမှုနောက်ပိုင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လူမဆန်သော ဖြိုခွင်းမှုများကြောင့် နိုင်ငံတ၀န်း လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်ကြောင်း ပြည်တွင်း စောင့်ကြည့်အဖွဲ့တစ်ခုထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required