မြန်မာနိုင်ငံရှိ  အကြမ်းဖက်မှုများအပေါ် စိုးရိမ်ပူပန်နေမိဟု ထိုင်း ထုတ်ဖော်

မြန်မာနိုင်ငံရှိ  အကြမ်းဖက်မှုများအပေါ် စိုးရိမ်ပူပန်နေမိဟု ထိုင်း ထုတ်ဖော်

ဇွန် ၆

မြန်မာနိုင်ငံ၏ နယ်မြေဒေသ အများအပြားရှိ အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံအနေဖြင့် စိုးရိမ်ပူပန်မိကြောင်း ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနက ဇွန်လ ၆ ရက်တွင် ပြောဆိုခဲ့သည်။

ထို့ပြင် ဖေဖေါ်၀ါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို ကူညီအဆုံးသတ်စေနိုင်ရန် အာဏာသိမ်းစစ်အုပ်စုနှင့် အာဆီယံခေါင်းဆောင်များအကြား သဘောတူထားခဲ့သော အချက်များ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်သည်ကို ထိုင်းနိုင်ငံဘက်က မြင်တွေ့လိုကြောင်း ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ဖော်ခဲ့သည်။

အာဏာသိမ်းစစ်အုပ်စုသည် အကြမ်းဖက်မှု ရပ်ဆိုင်းရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရေးနှင့် ဒေသဆိုင်ရာ အထူးသံတမန်တစ်ဦး ခန့်အပ်ရေးတို့ကို တောင်းဆိုထားသည့် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်အတိုင်း အလေးထားဆောင်ရွက်နေသည်ဆိုသည့် လက္ခဏာရပ် ကြီးကြီးမားမား ပြသထားခြင်း မရှိပေ။

“မြန်မာနိုင်ငံက အခြေအနေတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ စိုးရိမ်ပူပန်မှုကြီးစွာနဲ့ အနီးကပ် စောင့်ကြည့်နေပါတယ်၊ အထူးသဖြင့် နိုင်ငံရဲ့ ဒေသအများအပြားမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှု ဖြစ်စဥ်တွေကိုပေါ့” ဟု ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တန်နီး ဆန်ဂရက်က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောခဲ့သည်။

ထို့ပြင် အကြမ်းဖက်မှု ရပ်ဆိုင်းရေး၊ ထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေးနှင့် အာဆီယံဘုံသဘောတူညီချက်များကို အမြန်ဆုံး အခိုင်အမာ အကောင်အထည်ဖော်ဆောင်ရေးအတွက်ကိုလည်း ၎င်းက ထပ်လောင်း တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်သည် ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီး သိမ်းယူခဲ့ပြီးနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။ အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြမှုများအပေါ် အာဏာသိမ်းစစ်အုပ်စု အကြမ်းဖက်ဖြိုခွင်းခဲ့ရာ လူပေါင်း ၈၄၇ ဦးထက်မနည်း‌ သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောသည်။

ထိုင်းနိုင်ငံသည် မြန်မာနှင့်အကြား  နယ်နမိတ်ချင်း ရှည်လျားစွာ ထိစပ်နေပြီး လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေများကြောင့် ဒုက္ခသည်အများအပြား စီး၀င်မှုကို ဖြစ်စေနိုင်မည့်အပေါ် ထိုင်းဘက်က စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။

“ထိုင်းနိုင်ငံဘက်က လုပ်ဆောင်ထားတဲ့ ကိစ္စအများအပြားကို လူအများသိအောင် ထုတ်ဖော်ထားချင်မှ ထားပါလိမ့်မယ်၊ အိမ်နီးချင်းတွေအကြား တိတ်ဆိတ်သိုသိပ်တဲ့ ဒစ်ပလိုမေစီက ပိုမိုထိရောက်ပြီး အစဥ်အလာ ထိုင်းဒစ်ပလိုမေစီနဲ့လည်း ကိုက်ညီလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်” ဟု တန်နီးက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly