အာဏာသိမ်းစစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်မှုအသစ်များ ထပ်မံချမှတ်ရန် အီးယူ စီစဉ်နေ

အာဏာသိမ်းစစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်မှုအသစ်များ ထပ်မံချမှတ်ရန် အီးယူ စီစဉ်နေ

ဇွန် ၄

ဥရောပသမဂ္ဂသည် မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်း အကျိုးစီးပွားများအပေါ် ပစ်မှတ်ထားပြီး အရေးယူဒဏ်ခတ်မှုအသစ်များ လာမည့်ရက်များအတွင်း ချမှတ်သွားမည် ဖြစ်ကြောင်း အီးယူ၏ နိုင်ငံခြားရေးမူ၀ါဒ အကြီးအကဲ ဂျိုးဆက်ပ် ဘောရဲလ်က ဇွန်လ ၃ ရက်က ရိုက်တာကို ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက်၌ စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် အစိုးရထံမှ အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း တတိယမြောက်အကြိမ်ဖြစ်မည့် အရေးယူပိတ်ဆို့မှုအသစ်များကို အီးယူဘက်က ချမှတ်သွားရန် ရှိကြောင်း ဘောရဲလ်က ဂျကာတာတွင် အရှေ့တောင်အာရှသံတမန်များနှင့် တွေ့ဆုံမှုအပြီး အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

“တတိယမြောက် အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ ပြင်ဆင်နေတာရှိပါတယ်၊ ဒါကို လာမယ့် ရက်တွေမှာ အတည်ပြုသွားမှာဖြစ်ပါတယ်၊ ဒီ အရေးယူဒဏ်ခတ်မှုတွေကတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ အဖွဲ့သားတွေနဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားတွေကို ကိုယ်စားပြု‌နေတဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မြန်မာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း အီးယူသည် မြန်မာအာဏာသိမ်းအုပ်စု၏ စစ်ဘက်နှင့် အရပ်ဘက် အဖွဲ့၀င် ၂၁ ဦးအပေါ် အရေးယူပိတ်ဆို့ခဲ့ပြီး ပိုင်ဆိုင်မှု ထိန်းချုပ်ပိတ်ပင်ခြင်း၊ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းတို့ကို ချမှတ်ထားခဲ့သည်။ အရေးယူပိတ်ဆို့ခံရသူများအတွက် ဘဏ္ဍာငွေ ရနိုင်အောင် လုပ်ဆောင်ခြင်းမပြုရန်လည်း ဥရောပနိုင်ငံသားများနှင့် ကုမ္ပဏီများကို ပိတ်ပင်တားမြစ်ထားသည်။

အီးယူအုပ်စုဘက်က ဧပြီလတွင် ချမှတ်ခဲ့သည့် နောက်ထပ် အရေးယူပိတ်ဆို့မှုများတွင်လည်း စစ်တပ်ပိုင် လုပ်ငန်းစုများဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပို‌ရေးရှင်း (MEC) တို့ကို ပစ်မှတ်ထားခဲ့ပြီး အီးယူရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ်များကိုလည်း အဆိုပါ လုပ်ငန်းများနှင့် စီးပွားရေးဆိုင်ရာ ပတ်သက်လုပ်ဆောင်မှုအပေါ် တားမြစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly