ဇွန် ၃
မြင်းခြံမြို့တွင် အာဏာသိမ်းမှုဆန့်ကျင်သော ဒေသခံပျောက်ကြားတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးသွားသည်။
မန္တလေးတိုင်း မြင်းခြံမြို့ မြို့သစ် (၁) လမ်းကို သွားရာလမ်းမပေါ်တွင် ယနေ့ ဇွန်လ ၃ ရက် နံနက် ၉ နာရီခန့်က ဆိုင်ကယ်စီးလာသော စစ်သားနှစ်ဦးကို မြင်းခြံ Zero ပျောက်ကြားတပ်ဖွဲ့က သေနတ်ဖြင့်လိုက်ပစ်ရာ တစ်ဦးသေဆုံးကာ ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
“သေတဲ့သူက ဗိုလ်လို့ သိရတယ်၊ရင်ခွဲရုံ ရောက်သွားတာတော့ သေချာတယ်။ တစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။ နောက်တစ်ချက်ပစ်တာကို ကျည်မထွက်လိုက်လို့ သက်သာသွားတယ်” ဟု ပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်က မဇ္ဈိမသို့ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များက မြင်းခြံမြို့ အထက်တန်းကျောင်း အမှတ် (၃) ဝင်းအတွင်းတပ်စွဲထားရာ ဆိုင်ကယ်နှင့်ထွက်လာသူများ ပစ်ခတ်ခံရခြင်းဖြစ်သည်။
လက်စွမ်းပြနေသော မြင်းခြံ Zero ပျောက်ကြားတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်သား ခြောက်ယောက်နှင့် ရဲနှစ်ဦး သေဆုံးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့အဖွဲ့ကတော့ ဖမ်းခံရတာတွေ၊ ထိခိုက်တာတွေတော့ အခုချိန်ထိ မရှိသေးပါဘူး၊ မြင်းခြံကို ဖိနှိပ်ခြေမှုန်းဖို့ လာတဲ့ သူတွေကို ပျောက်ကြားစနစ်နဲ့ ရှင်းလင်းသုတ်သင်သွားမယ်”ဟု ပျောက်ကြားခေါင်းဆောင်က ပြောသည်။
ပစ်ခတ်မှုဖြစ်ပြီး မြို့ပေါ်တွင် နေ့ခင်းဘက်မှာပင် အပြင်မထွက်ဘဲ တိတ်ဆိတ်နေပြီး စစ်ကောင်စီတပ်များက လိုက်လံရှာဖွေမှုများလုပ်နေသည်ဟုလည်း သိရသည်။