ဖိအားပေးမှုများ ရှိနေသော်ငြား စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့ရန် သြစတြေးလျ ဆက်လက်ငြင်းဆန်

ဖိအားပေးမှုများ ရှိနေသော်ငြား စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့ရန် သြစတြေးလျ ဆက်လက်ငြင်းဆန်

ဇွန် ၃

သြစတြေးလျအနေဖြင့် မြန်မာအာဏာသိမ်းစစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်မည် မဟုတ်ကြောင်း သြစတြေးလျနိုင်ငံခြားရေး၀န်ကြီး မာရိုက်စ် ပေးက ပြောဆိုလိုက်သည်။

သြစတြေးလျ၏ ထိုရပ်တည်ချက်က ကမ္ဘာလုံးဆိုင်ရာမဟာမိတ်များနှင့် သ‌ဘောကွဲလွဲထားစေလျက် ရှိသည်။

အရေးယူပိတ်ဆို့မှုများက မြန်မာစစ်အုပ်စုခေါင်းဆောင်ပိုင်းနှင့်ပတ်သက်ပြီး သြစတြေးလျ၏ သြဇာသက်ရောက်မှုအပေါ် ကန့်သတ်ချက်ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း မာရိုက်စ် ပေးက ပြောသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီလ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စုအပေါ် ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများ ချမှတ်ရန် သြစတြေးလျအပေါ် ဖိအားများ ဆက်တိုက် ကျရောက်ထားခဲ့သည်။

အမေရိကန်၊ ယူကေ၊ ကနေဒါ နှင့် ဥရောပသမဂ္ဂ တို့သည် အာဏာသိမ်းစစ်ခေါင်းဆောင်များ၊ ၎င်းတို့နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားခဲ့သည်။

သြစတြေးလျ နိုင်ငံခြားရေး၀န်ကြီး မာရိုက်စ် ပေးက မြန်မာနှင့်ပတ်သက်ပြီး သြစတြေးလျ၏ ရပ်တည်ချက် သဘောထားကို ဆိနိတ်လွှတ်တော် ကြားနာမှုတစ်ခုအတွင်း ခုခံကာကွယ်ပြောဆိုသွားခဲ့သည်။

“ကျွန်မတို့ သုံးသပ်စဥ်းစားထားတဲ့အချက်ကတော့ ဒီတစ်ကြိမ်မှာ သူတို့ကို အရေးယူပိတ်ဆို့မှု မလုပ်ဖို့ ဖြစ်ပါတယ်” ဟု ပေး က ပြောသွားခဲ့သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပြီးနောက် အာဏာသိမ်းစစ်တပ်လက်အောက်ခံ တပ်ဖွဲ့များ၏ လူမဆန်သော ဖြိုခွင်းမှုများကြောင့် လူပေါင်း ၈၄၀ ခန့် သေဆုံးထားခဲ့ကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် သြစတြေးလျအစိုးရ၏ တုံ့ပြန်မှုမှာ “အရှက်ရစရာ ကောင်းသော အရေးယူရန် ပျက်ကွက်မှု” ဖြစ်ကြောင်း ပြီးခဲ့သည့်လက မြန်မာနိုင်ငံတွင်းရှိ အရပ်ဘက်လူ့အဖွဲ့အစည်း ၄၀၀ နီးပါးခန့်က ပြစ်တင်ရှုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly