ဘယ်သူတွေနဲ့ ဖွဲ့စည်းထားမှန်းမသိတဲ့ ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသူများအဖွဲ့ဆိုတဲ့ အဖွဲ့က PDF နှင့် Gen Z များကို ခြိမ်းခြောက်သည့် ကြေညာချက်ထုတ်

ဘယ်သူတွေနဲ့ ဖွဲ့စည်းထားမှန်းမသိတဲ့ ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသူများအဖွဲ့ဆိုတဲ့ အဖွဲ့က PDF နှင့် Gen Z များကို ခြိမ်းခြောက်သည့် ကြေညာချက်ထုတ်

မေ ၃၁၊ ရန်ကုန်

ပြည်သူပိုင်အဆောက်အဦးများနှင့် အချို့နေရာများမှာ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်ဖျက်စီးခြင်း၊ မီးရှို့ခြင်းများကို ကျူးလွန်ထားကြသူများနဲ့၊ ကျူးလွန်ရန် ကျိုးစားနေသူများ၏ ကိုယ်ရေးရာဇဝင်နှင့် ပိုင်ဆိုင်မှုများကို အတိအကျ သိရှိထားတဲ့အတွက် ထပ်မံဖြစ်ပွားပါက သက်ညှာတော့မှာမဟုတ်ဘူးလို့ ရေးသားထားတဲ့ ကြေညာချက်ကို ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသူများအဖွဲ့ဆိုတဲ့ အဖွဲ့တဖွဲ့က ရန်ကုန်မြို့ရဲ့ အချို့မြို့နယ်တွေမှာ လိုက်လံကပ်နေတာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသူများအဖွဲ့ကို ဘယ်သူတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ တိကျစွာ မသိရသေးပေမယ့် အဲဒီအဖွဲ့ကတော့ မေလ ၃၀ ရက်နေ့လောက်ကစပြီး အထက်ပါ ကြေညာစာတွေကို ရန်ကုန်မြို့ရဲ့ အချို့မြို့နယ်တွေမှာရှိတဲ့ ဓါတ်တိုင်တွေနဲ့၊ တိုက်ခန်းနံရံအချို့မှာ လိုက်လံကပ်ထားမှုတွေ ပြုလုပ်ထားပါတယ်။

အဆိုပါ ကြေညာချက်ကို “အေးချမ်းစွာ နေထိုင်လိုတဲ့ ပြည်သူတွေ ညှိနှိုင်းဆွေးနွေးပြီး အားလုံးရဲ့ သဘောတူ ဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်ကြေညာလိုက်တာ”ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် “ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အများပြည်သူပိုင် ပစ္စည်းများ၊ အဆောက်အဦးများ၊ သာသနိက အဆောက်အဦးများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများအား အကြမ်းဖက်သမားများမှ မီးရှို့ခြင်း၊ ဒေသန္တရ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်ဖျက်စီးခြင်းများ ပြုလုပ်နေခြင်း၊ အုပ်ချုပ်ရေးမှူးများနှင့် ထောက်ခံအားပေးသူများအား သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ Social Punishment ပြုလုပ်နေခြင်းများအား နေ့စဉ်နဲ့အမျှ ကြားသိမြင်တွေ့နေရတဲ့အတွက် မိမိတို့လို အေးချမ်းစွာ နေလိုသော ပြည်သူများအနေဖြင့် စိတ်နှလုံး မချမ်းမြေ့ ဖြစ်ရပါသည်”လို့လည်း ရေးသားထားပါတယ်။

၎င်းကြေညာချက်ထဲမှာ PDF အဖွဲ့အပြင် GZ လို့ သတ်မှတ်ထားတဲ့ လူငယ်များက အဖျက်အမှောက်လုပ်ငန်းများကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေကြတယ်လို့ ရေးသားထားတဲ့အပြင် ၎င်းတို့အနေနဲ့ “အဖျက်သမားများ၊ မတရားအသင်း ကြေညာခံထားရသော CRPH/NUG အဖွဲ့ဝင်များနှင့်၊ ထောက်ခံအားပေးကြသူများအား ထိုလုပ်ဆောင်ချက်များ ထပ်မံ မပြုလုပ်ပါရန် မိမိတို့ အေးချမ်းစွာ နေထိုင်လိုသူ ပြည်သူများမှ အနူးအညွတ် မေတ္တာရပ်ခံ အပ်ပါသည်”လို့ ရေးသားထားတာကို တွေ့ရပါတယ်။
 
အဖျက်အမှောက်လုပ်ငန်းတွေကို ကျူးလွန်ထားကြသူများနဲ့ ကျူးလွန်ရန် ကျိုးစားနေကြသူများရဲ့ ကိုယ်ရေးရာဇဝင်နှင့် မိသားစု ဆွေမျိုးများ၊ ပိုင်ဆိုင်မှုများကိုပါ ပြည့်စုံမှန်ကန်တိကျစွာ သတင်းစုံစမ်းထားပြီး ဖြစ်တဲ့အတွက် ထပ်မံဖြစ်ပွားလာပါက မိမိတို့ ပြည်သူများအနေဖြင့် အဖျက်အမှောင့်လုပ်ရပ် ကျူးလွန်နေသူများနှင့် မိသားစုဝင်များအား သက်ညှာတော့မှာ မဟုတ်တဲ့အပြင် ထိရောက်စွာ လက်တုန့်ပြန်ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ ပေါက်ကွဲမှုများနဲ့ မီးရှို့မှုများကို မည်သူတွေ ပြုလုပ်တယ်ဆိုတဲ့ သက်သေအထောက်အထားများနဲ့ တရားခံများ ဖမ်းဆီးရမိခြင်း မရှိသေးပေမယ့် ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသူများအဖွဲ့ကတော့ ဒီလုပ်ရပ်တွေကို စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ လူငယ်တွေနဲ့ အဖွဲ့အစည်းတွေက လုပ်ဆောင်တာဖြစ်တယ်လို့ ဒီကြေညာချက်ထဲမှာ စွပ်စွဲရေးသားထားတာ ဖြစ်ပါတယ်။

အဆိုပါ ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသူများအဖွဲ့ကို မည်သူတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတဲ့အကြောင်း ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေမယ့် အဲဒီအဖွဲ့က စစ်အာဏာရှင်တွေအပြင် ကြံ့ခိုင်ရေးပါတီဝင်များနဲ့ ၎င်းတို့ကို ထောက်ခံအားပေးကြသူများနှင့် ဖွဲ့စည်းထားသည့် ပျူစောထီးလို အဖွဲ့အစည်းတခု ဖြစ်နိုင်ကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အများစုက သုံးသပ်ထားကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly