နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃၀ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃၀ မေ ၂၀၂၁)
ပုံ - မေလ ၃၀ ရက် ၊ မြစ်ငယ်မြို့ရှိ ဒေသခံပြည်သူများ၏ စစ်ကောင်စီဆန့်ကျင်ရေး ပြောက်ကျားသပိတ်ဖြင့် ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo - CJ )

ရန်ကုန်တိုင်းဒေသကြီး

• စစ်အုပ်စုအား လက်နက်ကိုင်တော်လှန်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တွင် စစ်သင်တန်းတက်ရောက်နေ သည့် ကျောင်းသားများအတွက် နောက်ပိုင်းကာလ ပညာသင်ယူမှုတွင် နစ်နာမှုတစုံတရာမရှိစေရန် တာဝန်ယူဆောင်ရွက် ပေးမည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီက ကြေညာထားသည်။ 

• ရွှေပြည်သာမြို့နယ်၊ (၆) ရပ်ကွက်၊ မဲခေါင်လမ်းရှိ ပညာရေးမှူးရုံးတွင် ယနေ့နံနက် ၆ နာရီ ၁၀ မိနစ်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ နေ့လယ် ၁၂ နာရီကျော်ခန့်ကလည်း အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးရာ အမှိုက်ကောက်သည့် ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ နေ့လယ် ၂ နာရီ ၅၀ မိနစ်ခန့်ကလည်း (၅) ရပ်ကွက်၊ နှင်းဆီပန်းခြံ (၂) လမ်းရှိ စစ်အုပ်စုခန့် ရာအိမ်မှူးအမျိုးသမီး မနှင်းဆီ (ခ) အပုမ အိမ်တွင်လည်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သော် လည်း ထိခိုက်သူ မရှိခဲ့ဟု သိရသည်။ 

• ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ် ဘူတာရုံမှတ်တိုင်အနီးရှိ Top အားကစားလေ့ကျင့်ရေးသင်တန်းခန်းမအနီး ယနေ့နံနက် ၇ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ခဲ့ကာ လူထိခိုက်မှုမရှိခဲ့ဘဲ အားကစားခန်းမမှန်များ ကွဲအက်ပျက်စီးခဲ့ကာ စစ်အုပ်စုလက်နက် ကိုင်များက လမ်းအား ပိတ်ကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် အဆိုပါအားကစားခန်းမ အပေါ်ထပ်တွင် နေထိုင်သူ ဆလိုင်းဂျိုးဇက်ကိုလည်း ဓာတ်ပုံရိုက်ယူသည်ဟုဆိုကာ ဖမ်းဆီးသွားသည်။ 

• “လူသတ်ဖို့ပိုက်ဆံတွေ Total, POSCO ပေးနေတုန်းလား" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ရန်ကုန်မြို့နေ လူငယ်များက စစ်အုပ်စုအား နည်းပေါင်းစုံဖြင့် ပံ့ပိုးနေသည့် ရေနံလုပ်ငန်းများအား ကန့်ကွက်ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ 
• မြောက်ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းမကြီးပေါ်တွင် မြောက်ဒဂုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်မှ လူငယ်သပိတ်စစ်ကြောင်းများ ပူးပေါင်းကာ စစ်အာဏာ ရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• တောင်ဒဂုံတွင် လူငယ်များက ရောင်စုံစက္ကူများပေါ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာများရေးကာ လမ်းမများ ပေါ်ကြဲဖြန့်၍ Paper Strike ပြုလုပ်ခဲ့သည်။ 

• ဒလမြို့နယ်နေ လူငယ်များကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း မြို့နယ်လမ်းများပေါ်လှည့်လည်ကာ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• မရမ်းကုန်းမြို့နယ် (၆) ရပ်ကွက်ရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးစောလွင်နှင့် အပေါင်းအပါများအပြင် ဒလံများစာရင်း အားကြေညာကာ ရပ်တန့်က ရပ်ရန်နှင့် မရပ်က မိသားစုဝင်များအထိပါ အသက်အန္တရာယ်ရှိမည်ဖြစ်ကြောင်း မရမ်းကုန်း ကာကွယ်ရေးတပ်ဖွဲ့ - MDF က ယနေ့ ထုတ်ပြန်လိုက်သည်။ 

• ရန်ကုန်မြို့ခံလူငယ်အချို့ကလည်း မြို့တွင်းပြေးဆွဲလျက်ရှိသည့် YBS ယာဉ်များပေါ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း စာများကပ်ကာ Paper Strike ပြုလုပ်ခဲ့သည်။ 

• ကြည့်မြင်တိုင်မြို့နယ် လူငယ်များက စစ်အုပ်စုလက်အောက်ခံ လျှပ်စစ်ရုံးက ပေးသည့် မီတာစာရွက်များအား မီးရှို့ပြကာ မီတာမဆောင် အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ ထို့ပြင် မြို့နယ်နေ အခြားလူငယ်များကလည်း ကျောင်းစိမ်းဝတ်စုံများ ဆင်တူဝတ်ဆင်ကာ စစ်အုပ်စုက ပေးမည့် ကျွန်ပညာရေး အလိုမရှိကြောင်း သရုပ်ဖော်ဆန္ဒပြခဲ့ကြသည်။ 

• မြို့တွင်းတိုက်ပွဲများ ဖြစ်လာပါက ထိခိုက်ဒဏ်ရာရသူ ပြည်သူနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ကူညီကယ်ဆယ်နိုင် ရန်အတွက် Burmese National Defense Organization – BNDO ကို ပြည်သူများဖြင့် ဖွဲ့စည်းထားကာ စေတနာ့ဝန်ထမ်း လုပ်လိုသူများ ပါဝင်ပေးကြရန် ဖိတ်ခေါ်ထားသည်။ 

မန္တလေးတိုင်းဒေသကြီး

• ပုဂံမြို့သစ်တွင် လက်နက်ရှိသည်ဟု ဆိုကာ သတင်းပေးဒလန်များ တိုင်ကြားခြင်းကြောင့် မြို့သစ်ရှိ ရုံးတန်းနှင့် မှန်ချိုရပ်ကွက်တို့တွင် စစ်အုပ်စုလက်နက်ကိုင်များက ယနေ့နံနက် တစ်နာရီခန့်က ဝင်ရောက်စီးနင်းခဲ့ရာ ကိုမိုးမြင့်အောင် ဆိုသူ အိမ်တံခါးပိတ်ထားသည့်အတွက် သေနတ်ဖြင့် ပစ်ဖောက်ချိုးဖျက်ရာ ဝမ်းဗိုက်ကျည်ထိခဲ့ပြီး သေဆုံးခဲ့သည်။ ထို့ပြင် ဇွဲမာန် အောင်၊ ချမ်းမြေ့နှင့် ဇာနည်အပါအဝင် ငါးဦးကိုလည်းရိုက်နှက်ဖမ်းဆီးသွားကာ မည်သည့်နေရာတွင် ထိ်နးသိမ်းထားသည်ကိုမူ မသိရသေးပေ။

• မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ NLD ရပ်ကျေးဘဏ္ဍာရေးမှူး ဒေါ်မေသူအား ပုဒ်မ ၅၀၅ (က) ဖြင့် ဝရမ်းကပ်ဖမ်းဆီးခဲ့ရာ မတွေ့သဖြင့် အသက် ၁၂ နှစ်နှင့် ၂၂ နှစ်အရွယ် သမီးနှင့် သားဖြစ်သူအပါအဝင် သူမ လုပ်ကိုင်နေ သည့်အမိန့်ရအပေါင်ဆိုင်မှ ကာလပေါက်စျေး သိန်း ၃၀၀ ခန့် တန်ဖိုးရှိ ရွှေထည်များနှင့် ငွေသား ၁၀ သိန်းကိုပါ ဖမ်းဆီးသိမ်းယူထားရာ သမီးနှင့် သားဖြစ်သူကိုမူ မေလ ၂၈ ရက်က ပြန်လွှတ်ပေးခဲ့သော်လည်း သိမ်းယူထားသည့် ရွှေနှင့် ငွေများကိုမူ ပြန်မပေးခဲ့ဟု သိရသည်။ 

• မန်းတပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက လမ်းမများပေါ်တက်ကာ စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ တပ်ပေါင်းစုတွင် ဗကသ၊ ပညာရေးမိသားစု၊ အောင်မြေသာစံ အခြေခံပညာကျေင်းသားများသမဂ္ဂ၊ ချမ်းမြသာစည်ဗကသ၊ မန္တလေးပညာရေးဒီဂရီကောလိပ်ဗကသ၊ ဘုရားကြီး၊ စိန်ပန်း၊ တမ္မဝတီနှင့် သမဝါယမကျောင်းသား/သူသပိတ်စစ်ကြောင်းများ ပါဝင်သည်။ 

• မန်း အောင်မြေသာစံသပိတ်စစ်ကြောင်း သုံးခုပါဝင်သည့် ပူးပေါင်းသပိတ်စစ်ကြောင်းလည်း လမ်းမများပေါ်တက်ကာ စစ် အာဏာရှင်စနစ် အပြီးတိုင်ကျဆုံး၊ ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကသည်။ ပူးပေါင်းစစ်ကြောင်းတွင် အောင်မြေသာစံ ဗကသ၊ ပညာရေးကျောင်းပေါင်းစုံနှင့် လူထုသပိတ်စစ်ကြောင်းတို့ ပါဝင်သည်။ 

• မန္တလာတက္ကသိုလ်ကျောင်းသား/သူ သပိတ်စစ်ကြောင်းနှင့် စက်မှုလူငယ်သပိတ်စစ်ကြောင်းတို့ကလည်း NUG အစိုးရ ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်နယ်မြေတွင် မန်းမြို့ပေါ်ရပ်ကွက် ကျောင်းသားသမဂ္ဂသုံးခုမှ ကျောင်းသားလူငယ်များက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း စုပေါင်းဆန္ဒပြခဲ့ကြသည်။ ကျောင်းသားသမဂ္ဂသုံးခုမှာ ချမ်းမြသာစည်နှင့် အောင်မြေ သာစံမြို့နယ် ကျောင်းသားသမဂ္ဂနှင့် အောင်မြေသာစံ အခြေခံပညာကျောင်းသားသမဂ္ဂတို့ ဖြစ်သည်။ 

• မန်းလေးပြင်ရပ် သံဃာတော်များနှင့် ပြည်သူများ ပါဝင်သည့် သံဃသမဂ္ဂ သပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်း က လမ်းမများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• အမရပူရမြို့နယ်၊ မြစ်ငယ်မြို့နေ ပြည်သူများကလည်း ဆိုင်ကယ်များဖြင့် ပြောက်ကျားသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ပြင်ဦးလွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြည်သူများ မလိုအပ်ဘဲ ပြင်ပထွက်ခြင်းများ ရှောင်ကြဉ်ကာ မျက်နှာစိမ်းအားများအား မယုံကြရန်နှင့် မိသားစုနှင့်အတူလုံခြုံသည့်နေရာများတွင်သာ နေထိုင်ကြရန် တိုက်တွန်းထားကာ တော်လှန်ရေးအ တွင်း နိုင်သည့်ဘက်မှ ပါဝင်ထမ်းဆောင်ပေးကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။ 

• မြင်းခြံမြို့ အ.ထ.က (၂) ကျောင်းတွင် ယနေ့နံနက် ၈ နာရီ ၂၀ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ စစ်တပ် တပ်စွဲထားသည့် မြို့အဝင် ဘီးခွန်ဂိတ်တွင်လည်း ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သေးသည်။ မြင်းခြုံမြို့နယ်၊ သပြေသာရွာနေ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေမှာလည်း အမည်မသိသူများက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။ 

• မြင်းခြံမြို့၊ တလုပ်မြို့ကျေးရွာတွင် စစ်အုပ်စုအား လက်နက်ဖြင့် ခုခံတွန်းလှန်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသူ ခြောက်ဦးအနက် အသက်မပြည့်သေးသူ မငြိမ်းဆုဟန် (ခ) ကိုကောင်းဝေယံကို ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၈၈ (င) အရ ဒဏ်ငွေငါးသောင်း ဆောင်ခိုင်းကာ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကာ ဖမ်းခံခဲ့ရသူများအနက်မှ ကိုဇင်ကိုထွန်းမှာမူ စစ်ကြောရေး တွင် နှိပ်စက်ခဲ့ရမှုဖြင့် သေဆုံးသွားခဲ့ရသည်။ ကျန်လေးဦးဖြစ်သည့် မြင်းခြံနည်းပညာဗကသမှ ကိုစိုးရာဇာထွန်းလွင်၊ ကိုငယ်၊ ကိုကျော်ဇင်ဦးနှင့် ကိုအောင်ကိုကိုတို့မှာ ထိန်းသိမ်းခံရကာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် တရားစွဲထားသည်။ 

• ညောင်ဦးမြို့နယ် ပင်မသပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းက မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• ကညွတ်ကွင်းမြို့၊ မြို့မကျောင်းအနီးအတွင် ယမန်နေ့ည ၇ နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သော်လည်း ထိခိုက်မှု တစုံတရာ မရှိခဲ့ပေ။ 

• ပေါင်းတည်မြို့နေ လူထုကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာများရေးသားထားသည့် စာရွက်များကိုင်ဆောင် ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• တန့်ဆည်မြို့နယ်၊ ကာပေါင်းကကျေးရွာအား ယမန်နေ့က စစ်အုပ်စုလက်နက်ကိုင်များ ဝင်ရောက်စီးနင်းကာ လေဖြတ်ဝေဒနာခံစားနေရသူ တစ်ဦးအပါအဝင် ရွာခံ လေးဦးအား ဖမ်းဆီးသွားသည့်အပြင် နေအိမ်များ ဖျက်ဆီးခြင်း၊ စားနပ်ရိက္ခာနှင့် အိမ်မွေးတိရစ္ဆာန် (ကြက်၊ ဝက်) များအား ယူဆောင်ခြင်းတို့ ပြုလုပ်ခဲ့သည်။

• တန့်ဆည်မြို့နေ ပြည်သူနှင့် ကျောင်းသားများက မြို့အနီးအနားရှိ ကျေးရွာများအထိ လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ တည်တောရွာတွင် ဒေသခံများက ရိုးရာ အမရရွှေဖောင်တော်ဖြင့် မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဖောင်တော်သပိတ် ပြုလုပ်ခဲ့သည်။ 

• ကလေးမြို့ လူငယ်များ ဦးဆောင်သည့် သပိတ်စစ်ကြောင်းကလည်း မြို့လယ် ပင်လုံလမ်းမကြီးများပေါ်အထိ တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ယနေ့တွင် စစ်အုပ်စုဘက် လုံခြုံရေးထား စစ်ဆေးမှုများ လုပ်နေ သည့် တာဟန်းရပ်ကွက်ဘက်တွင်ပင် စစ်ဆေးမှုများ မလုပ်ဘဲ လုံခြုံရေးလျှော့ချထားသည်ဟု ကလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီခန့်တွင် အတည်ပြုပြောဆိုသည်။ 

• ပခုက္ကူမြို့နယ်၊ သစ်ပုလွေကုန်းရွာ မူလတန်းလွန်ကျောင်းတွင် ဒေသခံများက စစ်အုပ်စုပေးမည့် ကျွန်ပညာရေးစနစ်ကို ဆန့် ကျင်ကြောင်း စာများအား ဆေးနီများဖြင့် ရေးကာ သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ကျေးရွာပေါင်းစု သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• ယင်းမာပင်မြို့နယ်၊ ဆင်စွယ်ကျေးရွာနေ ပြည်သူများလည်း ကျေးရွာတွင်း အထက်တန်းကျောင်း၌ စစ်အုပ်စုက ပေးမည့် ကျွန်ပညာရေး အလိုမရှိကြောင်း စာများ ကပ်ကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှု ၁၈ နှစ်ပြည့်သည့် ယနေ့တွင် ဒေသခံများက အခင်းဖြစ်ပွားခဲ့သည့်နေရာတွင် ကျဆုံးခဲ့သည့် ပြည်သူများအတွက် အောက်မော့ဂုဏ်ပြုခြင်းအထိမ်းအမှတ်အဖြစ် ပန်းစည်းများ သွားရောက်ကြဲဖြန့်ခဲ့သည်။ 

• မုံရွာတွင် ယနေ့နံနက် ၉ နာရီခွဲဝန်းကျင်ခန့်က ကျောက္ကာလမ်းနှင့် ပေ ၈၀ လမ်းထောင့်တွင် မပေါက်ကွဲသေးသည့် ဗုံးတစ် လုံး တွေ့ရှိခဲ့ပြီး စစ်အုပ်စုဘက်က လာရောက်ရှင်းလင်းကာ အနီးအနားတဝိုက်တွင်လည်း လုံခြုံရေးတင်းကြပ်ထားခဲ့သည်။ 

• မုံရွာမြို့ခံ ပင်မသပိတ်စစ်ကြောင်းကလည်း ကျောင်းသား/သူများသပိတ်စစ်ကြောင်းနှင့် ပူးပေါင်း၍ လမ်းမများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ကသာမြို့နယ်၊ ရွှေပြည်သစ်နှင့် ဟဲနားကျေးရွာကြား ရွှေငှက်ချောင်းအနီးတွင် စစ်အုပ်စုလက်နက်ကိုင်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ကသာ PDF ဘက်မှ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်အုပ်စုဘက်မှ လေးဦးသေဆုံးကာ ရဲတပ်သား နှစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ကသာခရိုင်တွင်းရှိ မိုးတားကြီးရဲကင်းစခန်းအား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် KIA တို့ ပူးပေါင်းကာ ယနေ့နံနက် ၁၀ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ရာ တစ်နာရီခန့်အထိ ပစ်ခတ်မှုများ ဖြစ်ခဲ့ပြီးနောက် စခန်းအား သိမ်းပိုက်လိုက်နိုင်သည်ဟု သိရသည်။ 

မကွေးတိုင်းဒေသကြီး

• မကွေးမြို့ မြင်သာရပ်ကွက်၊ (၂၉) လမ်းနှင့် သစ္စာလမ်းထောင့်ရှိ Century စားသောက်ဆိုင်ပိုင်ရှင် ကဗျာဆရာ ရာစုသစ် (ခ) ကိုကျော်စွာနှင့် ကိုဇာနည်တို့အား ယမန်နေ့ည ၁၁ နာရီကျော်ခန့်က ဆိုင်အတွင်းဝင်ရောက်ကာ ဖမ်းဆီးသွားသည်။ 

• မြိုင်မြို့နယ်၊ နှမ်းစားကျင်းကျေးရွာတွင်လည်း ကျေးရွာသပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• တောင်တွင်းကြီးမြို့နယ်တွင် စစ်အုပ်စုက မေလအတွင်းက ဖမ်းဆီးထားသည့် ပြည်သူ ၁၄ ဦးအနက် ၁၂ ဦးကို ပြန်လွှတ် ပေးလိုက်ပြီဖြစ်ကာ နှစ်ဦးကိုမူ စစ်ဆေးစရာရှိသည်ဟုဆိုကာ ထိန်းသိမ်းထားဆဲဖြစ်ကာ ယနေ့ညနေပိုင်းအထိ ပြန်မလွှတ် ပေးသေးချေ။ 

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်ရျိ Mickey စားသောက်ဆိုင်တွင် ထိုင်နေသည့် လူငယ် ၁၀ ဦးခန့်အား စစ်အုပ်စုဘက်က အရပ်ဝတ်လက်နက်ကိုင်များသုံး၍ ဝင်ရောက်ဖမ်းဆီးသွားခဲ့ကာ ကျောက်မော်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှလည်း လူငယ် ငါးဦးခန့်ကိုလည်း ယမန်နေ့ညပိုင်းက ဖမ်းဆီးသွားသည်။ 

• ထားဝယ်တွင် ယနေ့နေ့လယ်ပိုင်းက မိုးရွာသွန်းနေသည့်ကြားကပင် တပ်ပေါင်းစုနှင့် လူငယ်ရေးရာသပိတ်စစ်ကြောင်းတို့က လမ်းမများပေါ်တက်၍ မြို့တွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ 

• ထားဝယ်မြို့ပေါ် ကြက်စာပြင်နှင့် ဘုမ္မော်ရပ်ကွက်ရှိ ဘုမ္မော်ရွာလယ်တံတား၊ သံတံတားကြီးအပါအဝင် တံတားလေးစင်းအား စစ်အုပ်စုလက်နက်ကိုင်များက သံဆူးကြိုးများဖြင့် ပိတ်ထားလိုက်ကာ ရပ်ကွက်တွင်းလမ်းများကိုလည်း ပိတ်ဆို့ရန် ပြင်ဆင်မှုများ ရှိနေသည်ဟု သိရသည်။ ယမန်နေ့ကလည်း ကြက်စာပြင်ရပ်ကွက်တွင် ညနေ ၆ နာရီကျော်ပါက သတ်မှတ်ထားသည့်လမ်းများအတိုင်းသာ သွားလာကြရန် စစ်အုပ်စုက လိုက်လံကြေညာခဲ့သည်။ 

• ကော့သောင်းမြို့နယ် ပိတောက်ရွှေဝါရပ်ကွက်နေ ကိုစွမ်းရည်ထူးနှင့် ကိုကို ဆိုသူ လူငယ်နှစ်ဦးအား တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များထံတွင် စစ်သင်တန်း တက်ရောက်သည်ဟု ရပ်ကွက်တွင်းနေ စစ်အုပ်စုသတင်းပေးများက လိမ်လည်တိုင် ကြားမှုဖြင့် ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးသွားသည်။ ထို့ပြင် ရွှေဟင်္သာရပ်ကွက်နေ လူငယ်လေးဦးကိုလည်း ၎င်းတို့နှင့် ဆက်စပ်သည်ဟုဆိုကာ ထပ်မံဖမ်းဆီးသွားပြီး ကော့သောင်းမြို့မရဲစခန်းတွင် မိသားစုနှင့် တွေ့ခွင့်မပေးဘဲ ထိန်းသိမ်းထား သည်။ 

• လောင်းလုံမြို့နယ် မဲမော်၊ ကဒက်ကြီး၊ ညင်းမော်ကျေးရွာများတွင် ရွာခံများက သပိတ်စစ်ကြောင်းများ ကိုယ်စီဖွင့်ကာ စစ် အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကျေးရွာတွင်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• သရက်ချောင်းမြို့နယ်၊ ပိန်းတောကျေးရွာနေ လူငယ်များကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံလူထုကလည်း လူအင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင့်ဖွင့်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း တော်လှန်ဆန္ဒပြခဲ့သည်။ သပိတ်ပြုလုပ်မှုအပြီး လူစုခွဲချိန်တွင် စစ်အုပ်စုလက်နက်ကိုင်များက ကားဖြင့် ရောက် လာကာ ခြောက်လှန့်ပစ်ခတ်မှုအချို့ ပြုလုပ်ခဲ့သော်လည်း ထိခိုက်သူမရှိခဲ့ဟု သိရသည်။ 

ဧရာဝတီတိုင်းဒေသကြီး

• ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံး၊ ဦးစီး (၁) ဌာနစိတ်မှ ရဲအုပ်နှင့် ဒုတပ်ကြပ်တစ်ဦးမှာ ယမန်နေ့ညပိုင်းက စကားများရာမှ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ခဲ့ပြီးနောက် ဒုတပ်ကြပ်မှာ လည်ပင်းကျည်ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ 

• ဝါးခယ်မမြို့နယ် ဘွတ်တန်းကျေးရွာရှိ စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေနိုင်စိုးနှင့် ရာအိမ်မှူး ဦးကျော်ဦးတို့ ခေါင်းဆောင်ကာ စစ်တပ်ရန်ပုံငွေဟု ခေါင်းစဉ်တပ်ကာ လောင်းကစားဝိုင်းများအား ဦးဆောင်လုပ်ကိုင်နေကြောင်း သိရသည်။ 

ကချင်ပြည်နယ်

• အင်းတော်ကြီးဒေသ နန့်မွန်ရှိ ပြည်သူ့စစ်စခန်းနှင့် စစ်အုပ်စု၏ တောင်ထိပ်ကင်းစခန်းတို့အား ယနေ့နံနက်အစောပိုင်းတွင် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယနေ့နံနက် ၁၁ နာရီခွဲခန့်ကလည်း ပူတာအိုမြို့နယ် တန်ဂျာကျေးရွာတွင် အင်အား ၅၀ ခန့် ပါဝင်သည့် စစ်အုပ်စုယာဉ်တန်းအား အဆိုပါကျေးရွာအလွန် အင်ဒေါင်ဘွမ့်တောင်ခြေတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ သည်။

• ရွှေနှင့် ပယင်းထွက်ရာ တနိုင်းမြို့၊ တနိုင်းချောင်းအောက်ဘက်ရှိ တလူးကျေးရွာတွင် KIA နှင့် စစ်အုပ်စုလက်နက်ကိုင်များ အကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်ကမှ တိုက်လေယာဉ်သုံး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ကျေးရွာအတွင်းရှိ မူလတန်းကျောင်းစာသင်ဆောင် မီးလောင်ပျက်စီးသွားခဲ့သည်။ 

• စစ်အုပ်စုအား အာခံကာ လူထုဘက်ရပ်၍ CDM ပြုလုပ်နေသည့် ကချင်ပြည်နယ် အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ် ၄၁ ဦး ရာထူးမှ ထုတ်ပယ်ခံလိုက်ရသည်။ 

• ဖားကန့် တာမခန်မြို့သစ်နေ ပြည်သူများကလည်း အင်အား ၁၀၀ ကျော်ဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် ဖားကန့် မှော်ပေါင်းစုံသပိတ်စစ်ကြောင်းလည်း လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ဖားကန့်၊ ဆိပ်မူ (ဆိုင်းတောင်) ကျေး ရွာတွင်လည်း စစ်အုပ်စုဘက်က အတားအဆီးနှင့် စစ်ဆေးမှုများရှိနေသည့်ကြားကပင် ဒေသခံများက ဆိုင်ကယ်သပိတ် ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မိုးကောင်းမြို့ ပြည်သူများကလည်း ရက်ပေါင်း ၁၀၀ ကျော်တိုင် မပျက်မကွက် လမ်းပေါ်တက်၍ စစ်အာဏာရှင်စနစ် အပြီး တိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ကယားပြည်နယ်

• ဒီးမော့ဆိုဘက်မှ အင်အားအနည်းငယ်ရှိသည့် စစ်အုပ်စုလက်နက်ကိုင်များက ဒေါငံခါး-တောင်ငူလမ်းခွဲသို့ ရောက်ရှိလာကာ အဆိုပါ လမ်းဆုံမှနေ၍ ခြောက်လှန့်ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - KPDF က နေ့လယ် ၁၂ ခန့်တွင် ကြေညာထားသည်။ 

• စစ်အုပ်စုလက်နက်ကိုင်များက အကြောင်းမဲ့ပစ်သတ်ခဲ့သည့် လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်နေ ဦးဖရေရယ်၏ ရုပ်အ လောင်းအား ယနေ့နံနက်ပိုင်းတွင် မြေမြုပ်သင်္ဂြိုဟ်လိုက်ပြီ ဖြစ်သည်။ 

ကရင်ပြည်နယ်

• ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ မြို့ပေါ် အ.ထ.ကနှင့် အမှတ် (၁)၊ အမှတ် (၃) ရပ်ကွက်များရှိ စာသင်ကျောင်း များတွင် ယမန်နေ့ညပိုင်း အသွားအလာကန့်သတ်ထားသည့် ည ၉ နာရီကျော်အချိန်က ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား ခဲ့သည်။ 

• ဖာပွန်သို့ ရိက္ခာနှင့် ဆေးဝါးများ ပို့ဆောင်သည့် ကား ၁၁ စီးပါ ယာဉ်တန်းအား KNU က ကြားဖြတ်တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ရာ စစ်အုပ်စုဘက်ကမှ လေးဦးသေဆုံးကာ ကားနှစ်စီး ပျက်စီးသွားကြောင်း သိရသည်။ 

• ကော့ကရိတ်၊ ဘုရားသုံးဆူ ပြည်သူများကလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဘော်လခဲမြို့ မြို့လဘ်လမ်းဆုံအနီး နေထိုင်သူ ဌေးနိုင်လွင် (ခ) အိုက်သား (၁၉ နှစ်) နှင့် တောင်ပိုင်းရပ်ကွက် လျှပ်စစ်ရုံးနှင့် ထွေအုပ်ဆက်စပ်လမ်းထိ နေထိုင်သူ မဇင်မာဌေးတို့အား လက်ကိုင်ဖုန်းများတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်မှု နွေဦး တော်လှန်ရေးနှင့် ပတ်သက်သည့်ပုံများ တွေ့ရှိမှု၊ လူမှုကွန်ရက်တွင် စစ်အုပ်စုဆန့်ကျင်ရေးပို့စ်များ တင်ထားမှုများဖြင့် စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးသွားသည်။ 

ချင်းပြည်နယ်

• ပလက်ဝတွင် ပေါက်ကွဲမှုများဖြစ်ပြီးနောက် မြို့တွင်း ကားလမ်းနှင့် ရေကြောင်းလမ်းများအား ယမန်နေ့ ညနေပိုင်းမှစ၍ အသွားအလာ ကန့်သတ်မှုများအား စစ်အုပ်စုလက်နက်ကိုင်များက ပြုလုပ်လိုက်သည်။ 

• ကန်ပက်လက်တွင် ဒေသခံများ စစ်ဘေးရှောင်နေစဉ် ဒေသခံနေအိမ်များ ဖောက်ထွင်းခံရခြင်း၊ ပစ္စည်းများပျောက်ဆုံးခြင်းနှင့် မြို့နယ်တွင်း ဆူပူရမ်းကားမှုများ ဖြစ်ပွားနေသည့်အတွက် ဒေသခံမဟုတ်သည့်သူများ (လမ်းလုပ်သား၊ ပန်းရံလုပ်သား၊ စျေးသည်နှင့် ပျံကျစျေးသည်များပါအပါ) မြို့နယ်တွင်းမှ ထွက်သွားပေးရန်နှင့် ဆက်လက်နေထိုင်ပါက ၎င်းတို့အား တာဝန်ခံ ခေါ်လာသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ဖြစ်ပေါ်လာနိုင်သည့်ကိစ္စရပ်အားလုံးအတွက် အသက်နှင့် ထပ်တူညီမျှ သောတန်ဖိုး ပေးဆပ်ရမည်ဟုာ ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထပ်မံသတိပေးထားသည်။ 

• ကန်ပက်လက်တွင် ယမန်နေ့ညပိုင်းကစ၍ စစ်အုပ်စုလက်နက်ကိုင်များနှင့် ကန်ပက်လက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ပစ်ခတ်မှုအချို့ ရှိနေဆဲဖြစ်ပြီး ယနေ့နံနက်ပိုင်းအထိလည်း စစ်အုပ်စုဘက်ကမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု များ ပြုလုပ်လျက်ရှိရာ စစ်အုပ်စုဘက်က ခြောက်ဦးသေဆုံးထားကာ CDF ဘက် ထိခိုက်မှု ရှိ/မရှိကိုမူ မသိရသေးပေ။ 

• မင်းတပ်ခရိုင် ရဲတပ်ဖွဲ့ရုံးရှိ တပ်ကြပ် ခေါဂေထန်းမှ စစ်အုပ်စုလက်အောက်တွင် တာဝန်မထမ်းဆောင်လိုသည့် အတွက် ပြည် သူ့ဘက်ရပ်ကာ CDM ပြုလုပ်လာပြီ ဖြစ်သည်။ 

• စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မင်းတပ်မြို့တွင် စစ်ဘေးရှောင်ပြည်သူများအတွက် စစ်ရှောင်စခန်း ၁၀ ခု ဖွင့်ထားကာ နေအိမ်များတွင် ပြန်လည်နေထိုင်လိုပါက စာရင်းပေးသွင်းနေထိုင်နိုင်ကြောင်း မင်းတပ် စစ်နယ်မြေမှူးက ကြေညာထားသည်။ 

• ဖလမ်းမြို့နယ်နေ ပြည်သူများကလည်း သစ်သီးများပေါ်တွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ရေးသားထားသည့် စာရွက်များကပ်ကာ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။ 

မွန်ပြည်နယ်

• ပေါင်မြို့နေ ကျောင်းသားပြည်သူများကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ပြောက်ကျားသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။

• မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ CDM လုပ်နေသည့် ဝန်ထမ်း ၁၀၉ ဦးကို စစ်အုပ်စုက အလုပ်မှ ထုတ်ပယ်ပစ်လိုက်သည်။ 

• မော်လမြိုင်မြို့နေ လူထုကလည်း NUG အစိုးရက ဖွဲ့စည်းထူထောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF နှင့် မော်လမြိုင်အခြေပြု PDF တပ်ဖွဲ့များအား ကြိုဆိုထောက်ခံကြောင်း စာများရေးသားကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း Paper Strike ပြုလုပ်ခဲ့သည်။ 

ရှမ်းပြည်နယ်

• တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲရဲစခန်းအား မတ်လ ၂၃ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ဒုရဲမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံးခဲ့သည်။ 

• စစ်အုပ်စုက လူထုလုံခြုံမှုနှင့် လွတ်လပ်စွာ သွားလာခွင့်ကို အဟန့်အတားပြုလုပ်၊ ဖမ်းဆီးခြင်းများ ရပ်တန့်ရန်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် - PNO အနေဖြင့် စစ်အုပ်စုနှင့် ဆက်လက်ပူးပေါင်းနေပါက ဒေသတွင်းတိုက်ပွဲများ အတွက် ကြိုတင်ပြင်ဆင်ထားရန် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။ 

• PNO သည် နိုင်ငံရေးပါတီတစ်ခုသာဖြစ်ပြီး ပအိုဝ်းလူမျိုးအား ကိုယ်စားမပြုကြောင်း ပြည်တွင်းနှင့် ပြည်ပနိုင်ငံများရှိ ပအိုဝ်း အဖွဲ့အစည်း ၁၁ ဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်ပြီး ပအိုဝ်းခေါင်းဆောင်များအနေဖြင့် အခြားတိုင်းရင်းသားများနှင့်အတူ လူထုဘက်ရပ်တည်၍ အာဏာရှင်စနစ်အား တော်လှန်တိုက်ပွဲဝင်ကြရန်လည်း တိုက်တွန်းထားသည်။ 

• တောင်ကြီးတွင် စစ်တပ်ပိုင် အင်းဝဘဏ်ရှေ့၌ ယမန်နေ့ညပိုင်း ၆ နာရီခွဲကျော်က ဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားကာ သေနတ်ပစ်သံများလည်း ကြားခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် တောင်ကြီးမြို့ပေါ်တွင် စစ်အုပ်စုလက်နက်ကိုင်များက သံချပ်ကာကားများဖြင့်ပါ ကင်းလှည့်မှုများ ပြုလုပ်ခဲ့သည်။ 

• ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့စျေး အနောက်ဘက်တွင် ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး ထိမှန်ခဲ့ရာ ကျေးသီးပြည်သူ့ဆေးရုံ၌ ကုသမှု ခံယူနေရသည်။

• ဂျပန်ရောက် ရှမ်းလူငယ်များဖြင့် ဖွဲ့စည်းထားသည့် Tai Youths Network – Japan က ဒေသတွင်း လက်နက်ကိုင်တပ်များ ဖြစ်သည့် SSPP နှင့် RCSS ကြား တိုက်ပွဲများရပ်တန့်ကာ စစ်အုပ်စုအား ပူးပေါင်းတော်လှန်တိုက်ခိုက်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ 

• သီပေါမြို့နေ လူငယ်များကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များအား ခန္ဓာကိုယ်ပေါ်တွင်ကပ်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• စစ်အုပ်စုက လုံခြုံရေးအစီအမံများ ပြုလုပ်ထားသည့်ကြားကပင် ကျောက်မဲမြို့နေ ပြည်သူများက ဆိုင်ကယ်သပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း မြို့တွင်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

နေပြည်တော်

• စစ်အုပ်စု လက်အောက်ခံ တရားရုံးများက ပြည်သူများအား ပုဒ်မမျိုးစုံတပ် ဖိနှိပ်လျက်ရှိပြီး မေလ ၂၈ ရက်အထိ သေဒဏ်ပေးခံရသူ ၅၀ ဦးအထိ ရှိလာပြီ ဖြစ်သည်။ အဆိုပါ ၅၀ ဦးအနက် ၁၈ ဦးမှာ ဖမ်းဆီးခံထားရပြီး ကျန်သူများမှာ မျက်ကွယ်သေဒဏ်ပေးထားခြင်း ဖြစ်ကာ ၎င်းတို့မှာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ရွှေပြည်သာမြို့နယ်များမှ ပြည်သူများဖြစ်ကာ ၎င်းမြို့နယ်များတွင် စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ 

• စစ်အုပ်စုလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနတွင် CDM လုပ်သည့်အတွက် လစ်လပ်နေသည့် ဝန်ထမ်းများနေရာတွင် Non CDM ဝန်ထမ်းများနှင့် နီးစပ်သူများအား နေ့စား လပေးစနစ်ဖြင့် ခန့်အပ်မှုများ ပြုလုပ်လျက်ရှိ သည်။ 

မေ ၃၀ သုံးသပ်ချက်

• ရန်ကုန်တွင် ပြောက်ကျားသပိတ်များ ဆက်ရှိနေဆဲ ဖြစ်ကာ စစ်အုပ်စုလက်နက်ကိုင်များက လှည့်ကင်းပုံစံဖြင့် လုံခြုံရေး တင်းကြပ်ထားသည့်ကြားကပင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။ မြို့တွင်းတိုက်ပွဲများတွင် ပါဝင်ရန်အတွက် ဆေးတပ်ဖွဲ့ဝင် ခေါ်ယူမှုများကိုလည်း အဖွဲ့အစည်းများက ကြိုတင်လုပ်ဆောင်လာနေပြီး တိုက်ခိုက်ခံရမှုများကြောင့် ထိခိုက်ရမှုအခြေအနေများကို စစ်အုပ်စုက သတင်းထိန်ချန်မှု ပြုလုပ်လျက် ရှိသည်။ 

• မန္တလေးမြို့ပေါ်တွင် မြို့နယ်အလိုက်နှင့် အစုအဖွဲ့အလိုက် လူထုသပိတ်များ အားကောင်းလျက် ရှိပြီး စစ်အုပ်စုဘက်ကလည်း လုံခြုံရေး လျှော့ချထားလျက် ရှိသည်။ အင်အားပြလုံခြုံရေးချထားသည့် ပုံစံထက် ဆိုင်ကယ်စီး အရပ်ဝတ်လက်နက် ကိုင်သုံး ကင်းလှည့်မှုပုံစံကို ပြန်သုံးနေပြီး သတင်းပေးဒလန်အကူအညီဖြင့် ဖမ်းဆီးမှုများကိုမူ ဆက်လုပ်နေဆဲ ဖြစ်သည်။ 

• ချင်းပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား တစ်ကျော့ပြန်တိုက်ခိုက်မှုများ ပြန်စနေပြီဖြစ်ကာ ကချင်နှင့် စစ်ကိုင်းတို့တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်း ၍ စစ်အုပ်စု၏ ရဲကင်းစခန်းများအား တိုက်ခိုက်နေသည့်အတွက် စစ်အုပ်စုဘက်က အသေအပျောက် များလျက် ရှိသည်။ 

• ကျန် တိုင်းဒေသကြီး/ပြည်နယ်များတွင် သပိတ်များ အားကောင်းဆဲဖြစ်ကာ ပဲခူးတွင်မူ သပိတ်များ ပြန်စရန်အတွက် အားယူမှုများသာ ရှိနေသည်။ စစ်အုပ်စုဘက်က ဆက်သွယ်ရေးနှင့် မီဒီယာအားမကောင်းသည့် ဒေသများတွင် ဒေသခံများ အား အင်အားသုံးရိုက်နှက်ဖမ်းဆီးကာ ပစ္စည်းလုယူမှုများကိုပါ ပေါ်ပေါ်တင်တင် လုပ်ဆောင်လာနေသည်။ 

• စစ်အုပ်စုဘက်တွင် နိုင်ငံတကာဖိအားကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဘက်မှ ရနိုင်သည့်ငွေများ ကန့်သတ်ခံထားရကာ မြို့ကြီးများပေါ်ရှိ ပြောက်ကျားတိုက်ခိုက်မှုများ၊ တိုင်းရင်းသားဒေသ လက်နက်ကိုင်များ၏ ထိုးစစ်ဆင်မှုများကြောင့် အကျပ် အတည်းဖြစ်နေသည်။ အထူးသဖြင့် မြို့ပေါ်ရဲစခန်းများတွင် အချင်းချင်းပစ်ခတ်မှုကြောင့် သေဆုံးမှုများ၊ CDM ဝန်ထမ်းများ များလာခြင်းကြောင့် ပြည်ထဲရေးလက်အောက်ခံ ရဲတပ်ဖွဲ့ဘက်တွင် စည်းလုံးရေးပျက်ပြားလျက်ရှိသည်။ စစ်အုပ်စုဘက်က ဇွန်လဆန်းတွင် ကျောင်းဖွင့်နိုင်ရေးကို လတ်တလောတွင် အာရုံထားနေပြီး မြို့ပေါ်တွင် တန်ပြန်ဝါဒဖြန့် ဖောက်ခွဲမှုများ ပိုမို များပြားလာနိုင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly