အနုပညာတက္ကသိုလ် (ရန်ကုန်)မှ CDM ပြုလုပ်သည့် ဆရာ ၃၈ဦးကို အလုပ်ထုတ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန် 

အနုပညာတက္ကသိုလ် (ရန်ကုန်)မှ CDM ပြုလုပ်သည့် ဆရာ ၃၈ဦးကို အလုပ်ထုတ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန် 

မေ ၂၉

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် (ရန်ကုန်)မှ CDM ပြုလုပ်သည့် ဆရာ ဆရာမ ၃၈ဦးကို အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း စစ်ကောင်စီက မေ၂၆ရက်စွဲဖြင့် စာပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြနကြေညာချက်တွင် ဂီတဌာနမှ ဆရာ ဆရာမ ၁၁ဦး ၊ သဘင်ဌာနမှ ရှစ်ဦး၊ ပန်းချီဌာနမှ လေးဦး၊ ပန်းပုဌာနမှ နှစ်ဦး ၊ ရုပ်ရှင်နှင့် ပြဇာတ်ဌာနမှ သုံးဦး၊ သင်တန်းရေးရာဌာနမှ နှစ်ဦးနှင့် စီမံရေးရာဌာနခွဲမှ ရှစ်ဦးတို့ ကို ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါစာရင်းထဲတွင် မပါရှိသေးသည့် CDMပြုလုပ်နေသည့် ဆရာ ဆရာမများလည်း ရှိသေးကြောင်း သိရသည်။

" ဒါတွေက ကြိုတွေးပြီးသားပါ။နှစ်ပေါင်း ၂၀ ကျော် ဖက်တွယ်လာခဲ့တော့ စိတ်ထဲတမျိုးဖြစ်တာပေါ့။  ပြီးတော့ ဆရာတို့က လူနည်းစုလေ ရင်းနှီးမှုကလွယ်တယ်။ ဒါပေမယ့် ကိုယ်စွန့်လိုက်တာက အသက်စွန့်လိုက်ရတဲ့ သူတွေနဲ့ယှဉ်ရင် ဘာမှမဟုတ် တော့ဘူး ''ဟု အလုပ်ထုတ်ပယ်ခဲ့ရသည့် ဆရာ တစ်ဦးက ပြောသည်။ 

ထို့အပြင် အလုပ်ထုတ်ပယ်စာနှင့်အတူ Non-CDM ပြန်လုပ်သည့် ဆရာ ဆရာမများကို အလုပ်ပြန်ဝင်ရန် စာထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly