အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းမှုကို CDM လှုပ်ရှားမှုမစတင်ခင်အချိန်ကတည်းက ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ကြံခင်းက ရဲညီအစ်ကိုနှစ်ဦး ၃ လနီးပါး ထောင်တွင်းတိုက်ပိတ်ခံထားရ

အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းမှုကို CDM လှုပ်ရှားမှုမစတင်ခင်အချိန်ကတည်းက ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ကြံခင်းက ရဲညီအစ်ကိုနှစ်ဦး ၃ လနီးပါး ထောင်တွင်းတိုက်ပိတ်ခံထားရ

မေ ၂၉

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီး နောက်တစ်ရက်ဖြစ်တဲ့ ဖေဖော် ဝါရီလ ၂ ရက်နေ့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်က ရဲလုပ်သက် ၇ နှစ်ကျော် ရဲတပ်သား သူရိန်လင်းနဲ့ ရဲလုပ်သက် ၄ နှစ်ကျော်ရှိနေပြီဖြစ်တဲ့ ဒုတပ်ကြပ် တာရာလင်းတို့ ညီအစ်ကို နှစ်ဦး ၃လ နီးပါးထောင်တွင်းတိုက်ပိတ်ခံထားရတယ်လို့သိရပါတယ်။

တိုက်ပိတ်ခံထားရတဲ့ ရဲညီအစ်ကိုဟာ အွန်လိုင်းစာမျက်နှာကတဆင့် စစ်အာဏာရှင်အလိုမရှိကြောင်းရေးသားဖော်ပြခဲ့ပြီး အဲ့ဒီလိုရေးသားခဲ့မှုကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေက မတရားဖမ်းဆီးတရားစွဲဆိုပြီး ထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာလို့သိရပါတယ်။

ထောင်ဒဏ် ၁ နှစ်စီချမှတ်ခံခဲ့ရတာကြောင့် ပုသိမ်အကျဥ်းထောင်ကို ပို့ဆောင်ခြင်းခံခဲ့ရပြီး မတ်လ ၁၈ ရက်နေ့မှာ ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်အလိုမရှိကြောင်း ထောင်တွင်းမှာကြွေးကြော် ဆန္ဒပြခဲ့မှုကြောင့် ပုသိမ်အကျဥ်းထောင်ဝန်ထမ်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ သုံးပွင့်နဲ့အရာရှိတစ်ဦးက ရဲညီအစ်ကိုရဲ့မျက်နှာတွေကို ရိုက်နှက်ပြီး တိုက်ပိတ်ခဲ့တာလို့မိသားစုဝင်တစ်ဦးကပြောပါတယ်။

"ကြံခင်းကနေ သားတွေကိုတွေ့ချင်လို့ ပုသိမ်ကိုတက်လာပြီး ထောင်မှာတွေ့ခွင့်သွားတောင်းတယ် တစ်ခါမှမတွေ့ရဘူး ဝန်ထမ်းတချို့နဲ့ ထောင်ကပြန်ထွက်လာတဲ့သူတွေပြောမှ တိုက်ပိတ်ခံထားရမှန်းသိတာ သူတို့အမေကလဲ သူ့သားတွေစားဖို့ ချက်ပြုတ်လာတာတွေ တစ်ခါမှပေးခွင့်မရဘူး သူတို့အမေက တော်တော်စိတ်မကောင်းဖြစ်နေတာ"လို့ ရဲညီအစ်ကိုရဲ့ ဖခင်ဖြစ်သူကဆက်လက်ပြောပါတယ်။

လက်ရှိအချိန်မှာ မတရားဖမ်းဆီး တိုက်ပိတ်ခံထားရတဲ့ ရဲညီအစ်ကိုရဲ့ မိဘတွေက သားနှစ်ယောက်နဲ့တွေ့ခွင့်မရလို့ စိုးရိမ်နေကြတယ်လို့ သိရပြီးအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေဖြစ်တဲ့ ပုသိမ်အကျဥ်းထောင်ဝန်ထမ်းတွေကတော့ ရဲညီအစ်ကိုနှစ်ဦးလုံးကို တိုက်ပိတ်ထားဆဲ ဖြစ်တယ်လို့ မိသားစုဝင်တွေရဲ့ ပြောကြားချက်အရသိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly