လွိုင်ကော်နှင့်ဒီးမော့ဆိုမြို့များတွင် အကြမ်းဖက်စစ်ကောင်စီမှ တိုက်ပွဲများမရှိဘဲ အကြောင်းမဲ့ဆက်တိုက်ပစ်ခတ်မှုများရှိနေ

လွိုင်ကော်နှင့်ဒီးမော့ဆိုမြို့များတွင် အကြမ်းဖက်စစ်ကောင်စီမှ တိုက်ပွဲများမရှိဘဲ အကြောင်းမဲ့ဆက်တိုက်ပစ်ခတ်မှုများရှိနေ
ဓာတ်ပုံ-( ပြီးခဲ့သည့်ရက်၌အကြမ်းဖက်စစ်ကောင်စီမှ ဒီးမော့ဆိုအနီးတဝိုက် လက်နက်ကြီးများဖြင့်ပစ်ခတ်ထားသည့်ပုံ )

မေ ၂၈

ကယားပြည်နယ်ရှိ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့များတွင် ယမန်နေ့ညမှ ယနေ့ (မေလ ၂၈ ရက်) နံနက်အထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်သည့်တိုက်ပွဲများမရှိသေးသော်လည်း အကြမ်းဖက်စစ်ကောင်စီမှ အကြောင်းမဲ့ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများထံမှသိရသည်။

"မနေ့က ဒီးမော့ဆိုမှာတိုက်ပွဲအပြန်အလှန်ဖြစ်တယ်ဆိုတဲ့သတင်းကမဟုတ်ဘူး၊ထွက်တိုက်‌နေတဲ့ KPDF အဖွဲ့၀င်က ကျွန်မတို့ကို အဲ့ကိစ္စကို confirm မလုပ်ဘူး၊မနေ့ကလွိုင်‌ကော်နဲ့ဒီမော့ဆိုကို တိုက်ပွဲမဖြစ်ဘဲ သေနတ်နဲ့ပစ်တာတွေခဏခဏကြားနေရတယ်၊ သူတို့အဓိကသုံးတဲ့လက်နက်တွေက ဒီမော့ဆိုမှာဆို လက်နက်ကြီး RPG နဲ့ပစ်တယ်၊လက်ပစ်ဗုံး၊တင့်ကားတွေအသုံးပြုတယ်၊လွိုင်ကော်မှာဆိုအဓိကအသံဗုံးသုံးတယ်"ဟု ကယားပြည်နယ်စစ်ဘေးရှောင်များအားကူညီသည့်ဒေသခံတစ်ဦးကမဇ္ဈိမကိုပြောသည်။

 ဒီးမော့ဆိုတွင်တိုက်ပွဲဖြစ်နေသည့်ကာလတစ်လျှောက် မေလ ၂၄ ရက်မှစ၍ ယနေ့အထိ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF မှ အဖွဲ့၀င် နှစ် ဦး၊ Free Burma Ranger(Karenni)မှ အဖွဲ့၀င်တစ်ဦး၊ KPDF ဘက်မှ ၀င်ကူတိုက်ပေးသည့်သာမာန်ပြည်သူနှစ်ဦးကျဆုံးလျက်ရှိပြီးစစ်ကောင်စီဘက်မှကျဆုံးစာရင်းအားမသိရသေးကြောင်း၎င်းကပြောသည်။

 လက်ရှိကယားပြည်နယ်တွင် ဒီးမော့ဆိုနှင့်လွိုင်ကော်မြို့နှစ်မြို့သည်ဖိနှိပ်မှုအခံရဆုံးမြို့နှစ်မြို့ဖြစ်၍ လွိုင်ကော်မြို့ပေါ်တွင် နေ့ခင်း (၂) နာရီ ကာဖျူးအမိန့်ထုတ်ထားသောကြောင့် အဆိုပါဒေသခံများမှာ နံနက် (၉) နာရီနောက်ပိုင်းအပြင်မထွက်ဘဲအိမ်တွင်း၌သာပုန်းအောင်းနေရကြောင်းသိရသည်။ 

 ယင်းဒေသတွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ လမ်းပေါ်ရှိဖြတ်သွားဖြတ်လာပြည်သူများအားသေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခြင်း၊စစ်ဘေးရှောင်ပြည်သူများအားကူညီမည့်အလှူရှင်များအားဖမ်းဆီးခြင်း၊ဒေသခံများနေထိုင်သည့်အိမ်တွင်းသို့၀င်ရောက်ဖျက်ဆီးခြင်းများရှိနေကြောင်း လွိုင်ကော်မြို့ဒေသခံတစ်ဦးကပြောသည်။

"ဈေးတွေ၊ဆိုင်တွေလဲ မနက် ၇ နာရီ ကနေ ၉ နာရီအထိပဲဖွင့်တယ်၊လမ်းမှာဖြတ်တဲ့ဆိုင်ကယ်သမားတွေကိုလိုက်ဆွဲတယ်၊မရပ်ပေးရင်သေနတ်နဲ့ပစ်တယ်"ဟု၎င်းကပြောသည်။

ထိုသို့အကြမ်းဖက်စစ်ကောင်စီမှအကြမ်းဖက်မှုများကြောင့် ကယားပြည်နယ်အတွင်း နေရပ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူဦးရေမှာ ပျှမ်းမျှ ၅၀၀၀၀ ကျော်ရှိ၍ ဒီးမော့ဆိုမြို့တွင် စစ်ဘေးရှောင်ဦးရေမှာ ပျှမ်းမျှ ၂၀၀၀၀ ကျော်နှင့် စစ်ဘေးဒုက္ခသည်အများဆုံးမြို့ဖြစ်ကြောင်းသိရသည်။

 ယနေ့နံနက် အစောပိုင်းတွင်လည်း လွိုင်ကော်လေဆိပ်သို့ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဘက်ဆိုင်ရာလေယာဥ်တစ်စီး ဆိုက်ရောက်ခဲ့၍ အဆိုပါယာဥ်ဖြင့် စစ်အင်အား အမြောက်အမြား၊လက်နက်ခဲယမ်းအပြည့်အစုံပါဝင်အား ကယား ပြည်နယ်အတွင်း အင်အားဖြန့်ကျက်ထားကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Karenni People Defense Force - KPDF မှထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly