မုတ္တမဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီက MOGE အပါအ၀င် ရှယ်ယာရှင်များထံ ငွေပေးချေမှုအားလုံး ဆိုင်းငံ့ထားရန် ဆုံးဖြတ်

မုတ္တမဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီက MOGE အပါအ၀င် ရှယ်ယာရှင်များထံ ငွေပေးချေမှုအားလုံး ဆိုင်းငံ့ထားရန် ဆုံးဖြတ်
Photo - AFP

မေ ၂၇

လက်ရှိ မြန်မာနိုင်ငံတွင် မတည်ငြိမ်သော အခြေအနေများရှိနေစဥ် ၂၀၂၁ မေလ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည့် မုတ္တမ သဘာ၀ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးကုမ္ပဏီ လီမိတက် (MGTC) ၏ ရှယ်ယာရှင်များ အစည်းအဝေးတစ်ခု၌ Total နှင့် Chevron ၏ ပူးတွဲအဆိုပြုချက်တစ်ရပ် ရှိခဲ့ပြီးနောက် ကုမ္ပဏီရှယ်ယာရှင်များသို့ ငွေပေးချေမှုများကို ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်သည်။

ထိုသို့ ငွေပေးချေမှုများ ရပ်ဆိုင်းထားမည့် ဆုံးဖြတ်ချက်သည် ၂၀၂၁ ဧပြီ ၁ ရက်ကနေ စတင်အသက်၀င်ပြီး MGTC က ယင်း၏ ရှယ်ယာရှင်များဖြစ်သော (Total (၃၁ ဒသမ ၂၄ ရာခိုင်နှုန်း) ၊ Chevron (၂၈ ဒသမ ၂၆ ရာခိုင်နှုန်း) ၊ PTTEP (၂၅ ဒသမ ၅ ရာခိုင်နှုန်း) နှင့် MOGE (၁၅ ရာခိုင်နှုန်း) တို့ထံ ငွေပေးချေမှုအားလုံးကို ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်သည်။

MGTC ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး လုပ်ငန်းသည် Total Exploration & Production က လည်ပတ်လုပ်ကိုင်သည့် ရတနာဓာတ်ငွေ့သိုက်မှ ထုတ်လုပ်သော ဓာတ်ငွေ့ကို ကီလိုမီတာ ၄၀၀ အကွာအဝေးရှိ မြန်မာ/ထိုင်း နယ်စပ်သို့ သယ်ယူပို့ဆောင်သည်။

Total အနေဖြင့် ရတနာဓာတ်ငွေ့သိုက်တွင် တာ၀န်ခံမှုရှိသော အော်ပရေတာတစ်ဦးအဖြစ် ဆက်လက်လုပ်ဆောင်ပြီး မြန်မာနှင့်ထိုင်း၏ ပြည်သူများအတွက် အဓိကကျသည့် လျှပ်စစ်ပေးဝေမှု မပြတ်တောက်စေရန်အလို့ငှာ သက်ဆိုင်သော ဥပဒေများနှင့်အညီ ဓာတ်ငွေ့ထုတ်လုပ်မှုကို ထိန်းသိမ်းလုပ်ဆောင်နေသည်။

Total သည် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ပြစ်တင်ရှုတ်ချပြီး အီးယူ သို့မဟုတ် အမေရိကန်အာဏာပိုင်များ ထုတ်ပြန်သည့် သက်ဆိုင်ရာ ဆန်ရှင်များ အပါအ၀င် သက်ဆိုင်ရာ နိုင်ငံတကာနှင့် နိုင်ငံအာဏာပိုင်များက ချမှတ်နိုင်သော မည်သည့်ဆုံးဖြတ်ချက်ကိုမဆို လိုက်နာမည်ဟု ထပ်လောင်းအတည်ပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required